
ယူကရိန်းစစ်ပွဲကြောင့် ယူကရိန်းမှ ကောက်ပဲသီးနှံတင်ပို့မှု လပေါင်း များစွာ ရပ်တန့်သွားပြီးနောက် ယခုလ ၁ ရက်တွင် ယူကရိန်းနိုင်ငံ Odessa ဆိပ်ကမ်းမှ ပထမဆုံး ကောက်ပဲသီးနှံတင်ပို့သည့် သင်္ဘော ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံသည် ကောက်ပဲသီးနှံနှင့် နေကြာထုတ်ကုန်များကို အဓိကတင်ပို့သူဖြစ်ရာ စစ်ပွဲကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း မဝင် ရောက်နိုင်တော့ဘဲ ဈေးနှုန်းများမြင့်တက်မှုဖြစ်စေပြီး သယ်ယူပို့ဆောင် ရေးအခက်အခဲကြောင့် ကမ္ဘာ့နိုင်ငံအချို့တွင် စားနပ်ရိက္ခာအတွက် အခက်ကြုံလာမည်ကို စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ရသည်။
ထို့အတူ နိုင်ငံရေးပဋိပက္ခများနှင့် ကုန်ဈေးနှုန်းများမြင့်တက်လာခြင်း စသည်တို့ကြောင့် နိုင်ငံအတော်များများတွင် မိမိနိုင်ငံ လိုအပ်ချက် ကို ဖြည့်ဆည်းနိုင်ရန် စားသောက်ကုန်အချို့နှင့် ဓာတ်မြေဩဇာ ထုတ်ကုန်များ တင်ပို့မှုကို ရပ်ဆိုင်းခဲ့ကြသည့်အတွက် ကမ္ဘာ့ဈေးကွက် တွင် စားနပ်ရိက္ခာရရှိနိုင်မှု ဂယက်ရိုက်ခတ်လာခဲ့သည်။
တင်ပို့မှုတားမြစ်ကန့်သတ်ချက်များ
စားနပ်ရိက္ခာနှင့် ဓာတ်မြေဩဇာတင်ပို့မှု ကန့်သတ်ချက်များအပေါ် နိုင်ငံတကာစားနပ်ရိက္ခာမူဝါဒဆိုင်ရာ သုတေသနအဖွဲ့၏ ခြေရာခံ စိစစ်လေ့လာချက်အရ နိုင်ငံပေါင်း ၂၀ သည် စားသောက်ကုန်တင်ပို့မှု တားမြစ်ထားပြီး နိုင်ငံခြောက်နိုင်ငံသည် တင်ပို့မှုကို ပြင်းထန်စွာ ကန့်သတ်ထားသည်။ ယင်းသို့ တားမြစ်ချက်များ၊ ကန့်သတ်ချက်များ ကြောင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများတွင် အများ ဆုံး ခံစားကြရသည်။
ဥပမာ ကာဇက်စတန်နိုင်ငံသည် ကောက်ပဲသီးနှံ အဓိကထုတ်လုပ် သူဖြစ်ပြီး ယခုအခါ နိုင်ငံအကျိုးအတွက် အကာအကွယ်ဖြစ်စေမည့် တင်ပို့မှုတင်းကျပ်သည့်မဟာဗျူဟာကို ကျင့်သုံးနေ၍ အာရှအလယ် ပိုင်းနိုင်ငံများကို ထိခိုက်စေခဲ့ပြီး ရုရှားနှင့် ယူကရိန်းနိုင်ငံတို့ထံမှ ကောက်ပဲသီးနှံများ ဝယ်ယူသည့်နိုင်ငံများဖြစ်သော အာဖရိက မြောက်ပိုင်းဒေသရှိနိုင်ငံများနှင့် ကော့်ကေးဆပ်ဒေသနိုင်ငံများသည် လည်း စားနပ်ရိက္ခာလောက်ငမှုမရှိသည့် အခြေအနေဖြစ်သကဲ့သို့ ကမ္ဘာ့ဈေးကွက်တွင်လည်း ထိခိုက်မှုရှိနေကြသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊