ကုန်စည်စီးဆင်းမှုအတွက် အဓိကအရေးပါသည့် ဝေါမြို့နယ် ရန်ကုန် - မော်လမြိုင်လမ်းပေါ်ရှိ အဗျားတံတား

 

ဝေါ   ဒီဇင်ဘာ   ၁၆


ပဲခူးတိုင်းဒေသကြီး   ဝေါမြို့နယ်  ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင်(၇၅/၀- ၇၅/၁)အကြားရှိ အဗျားတံတားကို  ဒီဇင်ဘာ  ၁၄ ရက် က  ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ 

 


အဆိုပါအဗျားတံတားသည်   ယခင်က  စစ်တောင်းတူးမြောင်း လက်တက်  ဆည်မြောင်းရေလွှဲပေါက်ပေါ်တွင်  တည်ဆောက်ထားသည့် တံတားဖြစ်ပြီး အဝေးပြေးခရီးသည်တင်ယာဉ်ကြီးများ၊ ကုန်တင်ယာဉ် ကြီးများ နေ့/ညမပြတ် ဖြတ်သန်းသွားလာမှုကြောင့် ပျက်စီးလာသဖြင့် ယာဉ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ မော်လမြိုင်မြို့မှ ရန်ကုန် မြို့သို့အပြန်  လမ်းတံတားအဖြစ်    အသုံးပြုနိုင်စေရန်  တည်ဆောက်ပေး ခြင်းဖြစ်ကြောင်း၊        တံတားများ     တည်ဆောက်ပေးခြင်းကြောင့် ရန်ကုန်မြို့မှတစ်ဆင့်  မြန်မာနိုင်ငံ၏တောင်ဘက်စွန်းမြို့များသို့ တစ်ဆက်တည်း  အချိန်တို အတွင်း  သွားလာနိုင်မည်ဖြစ်ပြီး  ဒေသထွက်ကုန်များလည်း ထိုင်းနိုင်ငံ နယ်စပ်ဂိတ်များသို့ ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။

 


ယင်းတံတားသည် အရှည် ပေ  ၂၄၀၊ အကျယ် ၃၁ ပေ၊ ယာဉ်သွား လမ်းအကျယ်  ၂၄ ပေ၊ လူသွားလမ်းတစ်ဖက်လျှင်   သုံးပေစီရှိ   သံကူ ကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး  ခွင့်ပြုရန်ပုံငွေကျပ် ၈၃၁ ဒသမ ၆၉ သန်းဖြင့်  တည်ဆောက်ခဲ့ခြင်းဖြစ်ကာ  ပဲခူးတိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ တိုင်း ဒေသကြီး/ ပြည်နယ်မှ  ဒေသထွက်ကုန်များ မြန်မာနိုင်ငံတောင်ပိုင်းသို့ အဓိကတင်ပို့ရာလမ်းကြောင်းပေါ်တွင်တည်ရှိသည့်အတွက်  မြန်မာနိုင်ငံ ၏   ကုန်စည်စီးဆင်းမှုအတွက်လည်း   အဓိကအရေးပါသည့် တံတား တစ်စင်း  ဖြစ်သည်။                   

တင်စိုး(ပဲခူး)