
ကသာ ဇူလိုင် ၉
ကသာမြို့နယ်ရှိ ဧရာဝတီမြစ်အတွင်း မြေနု ကိုင်းကျွန်းတွင်နေထိုင်၍ သီးနှံစိုက်ပျိုးသည့် တောင်သူများ၏ ခိုင်းနွားများနှင့် မွေးမြူရေး ဝက်များတွင် ခွာနာလျှာနာရောဂါဖြစ်ပွားခြင်း များကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများက ဇူလိုင် ၆ ရက်တွင် ပြောသည်။
“အခုလမှာ ဧရာဝတီမြစ်ရေ အတက် အကျရှိနေတော့ စိုက်ပျိုးရေးလုပ်ငန်း ရပ်ဆိုင်း ထားရတယ်။ မိုးကလည်း နေ့စဉ်လိုလို နေ့ည မပြတ်ရွာတော့ ကုန်းမြင့်ရေလွတ်ရာမှာ အမိုးတဲထိုးပြီး နွားတွေကို စုချည်ထားရတယ်။ မိုးရွာလေတိုက်ဆိုတော့ မိုးရေစက်တွေ အနည်းအပါးထိမိပြီး နွားခွာတွေ သဲဝဲစား သလိုဖြစ်လို့ ခွာကို လျှာနဲ့လျက်ကြရာကနေ ခွာနာလျှာနာရောဂါ ခိုင်းနွားတွေ ကူးစက်ခံရတာ ကြုံတွေ့နေကြတယ်” ဟု ဒေသခံ တောင်သူတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် နွားများမှာ သွားရည် များကျသည့်အထိဖြစ်လာ၍ ရောဂါဖြစ်မှု အပေါ်မူတည်ပြီး ဆေးမြီးတိုများဖြင့် ကုသနေ ရကြောင်း သိရသည်။ ဆေးမြီးတိုအဖြစ် သံပရာသီးခြမ်းနှင့် ဆား ဆတူရော၍ လျှာပွတ် ခြင်း၊ ခွာကိုကြမ်းပိုးဆေး၊ ဆေးကောင်းခြောက်၊ ဒီဇယ်၊ ကျောက်ချဉ်၊ ရေနံချေးတို့ ရောမွှေ၍ သုတ်လိမ်းပေးခြင်းများ ပြုလုပ်နေရပြီး သက်သာပျောက်ကင်းမှုရှိကြောင်း၊ မိုးရွာ၍ မိုးမိလျှင် ရောဂါပြန်ဖြစ်တတ်ကြောင်း သိရ သည်။ “မြို့ပေါ်တိမွေးကု ဦးစီးဌာနက ဆရာဝန်ခေါ်မည်ဆိုပါက လုံခြုံရေးအခက်အခဲ ရှိတဲ့အတွက် အခုလို ဆေးမြီးတိုနဲ့ပဲ ကုသပေး နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ငွေအိုး(ကသာ)