ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ရန်ကုန်၌ ကျင်းပ

 

ရန်ကုန်    ဩဂုတ်  ၂၆


ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)ရှိ  ပြည်ထောင်စုခန်းမ၌ ကျင်းပ ရာ   တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  Jeng Phang  နော်တောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေး အဖွဲ့ခေါင်းဆောင်  ဦးစောထွန်းအောင်မြင့်၊   ဗဟို အကြံပေးအဖွဲ့ဝင် စောဒယ်နီရယ်၊  ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကရင်တိုင်းရင်းသားများ၊ အခြားတိုင်းရင်းသား    ညီအစ်ကိုမောင်နှမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဖွင့်လှစ်


ဦးစွာ  ပြည်ထောင်စုဝန်ကြီး၊    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်၊  ဗဟိုအကြံပေးအဖွဲ့ဝင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးနှင့်     တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဖားစည်  ကိုးချက်တီးပြီး ကရင်လူငယ် ကိုးဦးတို့က ကျွဲချိုမှုတ်၍အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် က နှုတ်ခွန်းဆက်စကားပြောကြားသည်။


ရိုးရာအမွေအနှစ်တစ်ခုဖြစ်


ယင်းနောက်  ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် က မြန်မာသက္ကရာဇ် ဝါခေါင်လဆန်း ၁ ရက်မှစတင်ပြီး ဝါခေါင်လပြည့်နေ့အထိ ကျင်းပလေ့ရှိ သည့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်း အနားသည် ကရင်တိုင်းရင်းသားဘိုးဘွားမိဘများ၏ အစဉ်အလာမပျက်   လက်ဆင့်ကမ်းခဲ့ကြသည့် မင်္ဂလာတရားများနှင့် ပြည့်စုံသည့် ရိုးရာအမွေအနှစ် တစ်ခုဖြစ်ကြောင်း၊ မိသားစုများအားလုံး စည်းစည်း လုံးလုံးဖြင့် ပြန်လည်တွေ့ဆုံပြီး လက်ရည်တစ်ပြင် တည်းဖြစ်ခြင်း၊ နွေးနွေးထွေးထွေးဖြင့် ချစ်ကြည် ရင်းနှီးစည်းလုံးမှုများ တိုးပွားစေခြင်းနှင့် ရိုးရာယဉ်ကျေး မှုထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းဖော်ထုတ် ခြင်းတို့ဖြင့် ထူးမြတ်သည့် မင်္ဂလာအခမ်းအနားဖြစ် ကြောင်း၊ “ချည်ဖြူဖွဲ့မင်္ဂလာကျင်းပခြင်းဖြင့်” မကောင်း သည့်ဖြစ်ပျက်မှု၊ ဖြစ်စဉ်များ    ပျောက်ပျက်ပြီး ကောင်းမွန်သည့် မင်္ဂလာတရားများ သက်ဝင်ရောက်ရှိ လာစေရန် ဆောင်ရွက်ကြသည့် ပွဲတော်ဖြစ်ကြောင်း၊ ပွဲတော်အတွက် လိုအပ်သည့်အရာများမှာ ငှက်ပျော သီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သောရေနှင့် ကြံပိုင်းတို့ဖြစ်ကြပြီး စနစ်တကျဆောင်ရွက်သည့်    ပွဲတော်လည်းဖြစ် ကြောင်း၊  ဤအရာကိုကြည့်ခြင်းအားဖြင့်   ကရင် တိုင်းရင်းသားများ၏  စနစ်တကျ   စုပေါင်းညီညာ ဆောင်ရွက်တတ်မှု၊ လက်ဆင့်ကမ်းအမွေအနှစ်များ လွှဲပြောင်းပေးအပ်ခံယူတတ်မှုနှင့် ရိုးရာယဉ်ကျေးမှု များကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်တတ်မှုများ ကို   တွေ့ရှိရမည်ဖြစ်ကြောင်း၊   ယနေ့ကျင်းပသည့် ဝါခေါင်လချည်ဖြူဖွဲ့     မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပေးကြသည့် ပြည်ထောင်စုဖွားကရင် တိုင်းရင်းသားများနှင့်    တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးကောင်းခြင်း မင်္ဂလာအဖြာဖြာ နှင့် ပြည်စုံကြပါစေကြောင်းနှင့်   ရပ်ရွာအကျိုး၊ တိုင်းပြည်အကျိုးကို  ဆတက်ထမ်းပိုး  အတူတကွ ကျရာကျရာအခန်းကဏ္ဍမှ  တာဝန်ထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားသည်။


ရိုးရာအကများဖြင့် ဖျော်ဖြေ


ဆက်လက်၍ တိုင်းဒေသကြီး  တိုင်းရင်းသား ရေးရာဝန်ကြီးက ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ ခြင်းအကြောင်းကို  ရှင်းလင်းပြောကြားပြီး   ကရင် လူမျိုးများ၏ ရိုးရာအိုးစည်အက၊ ကရင်ရိုးရာဒုံးယိမ်း အက၊ ကရင်ဝါးညှပ်အကများနှင့်   ပြည်ထောင်စု တိုင်းရင်းသားကျေးရွာမှ တိုင်းရင်းသား ဝန်ထမ်းများ က စည်းလုံးခြင်းအတွက် တေးသီချင်း၊ ရိုးရာအကများ ဖြင့် တင်ဆက်ဖျော်ဖြေကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ပွဲတော် ကျင်းပရေးကောင်မတီနှင့် တိုင်းရင်းသားရိုးရာအက အဖွဲ့များအား ထောက်ပံ့ငွေများပေးအပ်ကြပြီး ကရင် ဘိုးဘွားများက အခမ်းအနားသို့ တက်ရောက်လာကြ သည့် ဧည့်သည်တော်များနှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများကို ကရင်ရိုးရာချည်ဖြူ ဖွဲ့ပေးကြသည်။


ကြည့်ရှုစစ်ဆေး


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့များ သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်း တည်ဆောက်ပြီးစီးခဲ့သည့်   ဆိပ်ခံဗောတံတားနှင့် တိုင်းရင်းသားများ၏ ရိုးရာနေအိမ်များ၊ နန်းမြင့် မျှော်စင်တို့ကို  ကြည့်ရှုစစ်ဆေးပြီး  ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)နှင့် ရန်ကုန်တိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးရှိ  ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက   ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသားလူမျိုးများ ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းအစဉ် အလာများနှင့် အချို့သော သမိုင်းဝင်မှတ်တမ်းများကို တစ်နေရာတည်းတွင် စုစည်း၍ လေ့လာသိရှိမှတ်သား နိုင်စေရန် မီးမောင်းထိုးပြသဖော်ကျူးထားသည့်နေရာ ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ယခုထက် ပိုမိုကောင်းမွန်အောင် စောင့်ကြပ်ကြည့်ရှု   ပြုပြင် ထိန်းသိမ်းပြီး လာရောက်လေ့လာကြည့်ရှုသည့် ပြည်သူ လူထုများကို  စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ် ဖြင့်  စနစ်တကျရှင်းလင်းတင်ပြကြရန်   တိုက်တွန်း ပြောကြားပြီး     ဌာနဆိုင်ရာလိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးနှင့်    တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
 

သတင်းစဉ်