ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

 

မော်လမြိုင်    ဩဂုတ်   ၁၃


မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အတုလရန်အောင် ဘုန်းတော်ကြီးကျောင်း၌     ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အခမ်းအနားကို ဆရာတော် သံဃာတော်များ၊ ကျေးရွာ ရပ်မိရပ်ဖများ၊ တိုင်းရင်းသား ညီအစ်ကို၊ မောင်မယ်များက သြဂုတ် ၁၁ ရက်က စုပေါင်းပြီး ကရင်အမျိုးသားသီချင်းကို ရှေးဦးစွာသီဆို ၍ စည်ကားသိုက်မြိုက်စွာဖြင့်  ပျော်ရွှင်စွာကျင်းပ ခဲ့ကြသည်။

 


ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် အခမ်းအနား၌ သဘာပတိကြီး အတုလရန်အောင် ဘုန်းတော်ကြီးကျောင်းဆရာတော်က  ကရင်ရိုးရာ   ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အခမ်းအနားကို  ကရင်တိုင်းရင်းသားများအတွက်    နှစ်စဉ်ကျင်းပပြုလုပ် ရခြင်းများ၏      ရည်ရွယ်ချက်များအကြောင်း၊  ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို မျိုးဆက်သစ်လူငယ်များက ရှေးဘိုးဘွားတို့၏   ရိုးရာ အစဉ်အလာအတိုင်း ယဉ်ကျေးမှု အမွေအနှစ်များ  မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ဆက်လက်ပြီး   သဘာပတိအဖွဲ့ဝင်    ဒီကင် စောသာစိန်၊  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ဦးစီးအရာရှိ နော်သံယောဇဉ်မိုး၊ မွန်ပြည်နယ် စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးအောင်ကျော် သိန်းတို့က နှုတ်ခွန်းဆက်စကား   ပြောကြားကြပြီး    ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာဖြစ်ပေါ်လာပုံ သမိုင်း ကြောင်းကို မြန်မာဘာသာစကားဖြင့် ကရင်တိုင်းရင်းသူ သမီးပျိုတစ်ဦးက ဖတ်ကြားရှင်းပြကာ   ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကျင်းပရေးကော်မတီ    ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို    စတင်ခဲ့သည်။

 


ရိုးရာချည်ဖြူဖွဲ့မင်္ဂလာတွင် ပါဝင်သောပစ္စည်း ခုနစ်မျိုးမှာ ငှက်ပျောသီး၊ ချည်ဖြူ/ချည်နီ၊ ကြံ၊ရေ၊ ထမင်းဆုပ်၊ ကောက်ညှင်းပေါင်းနှင့် ပန်းတို့ပါဝင်ပြီး ဘိုးဘွား၊ မိဘတို့က လူငယ်၊ မောင်မယ်များ၏ ဝိညာဉ် အဝေးသို့ မလွင့်ပျံ့စေရန်အတွက်  လိပ်ပြာပြန်ခေါ်ပေး ခြင်းဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)