
ဘားအံ မတ် ၃၀
၂၀၂၂ ခုနှစ် မတ် ၃၁ ရက်တွင် တက္ကသိုလ်ဝင် စာမေးပွဲများကို စတင်ဖြေဆိုကြတော့မည်ဖြစ်ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန် ရှိသူများသည် ယမန်နေ့က တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ဘားအံမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် တည်းခိုရောက်ရှိနေသော ရပ်ဝေးကျောင်းသား ကျောင်းသူများအား သွား ရောက်တွေ့ဆုံ အားပေး၍ စားသောက်ကုန်ပစ္စည်း များ ထောက်ပံ့ပေးအပ်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဓမ္မာရုံ၌ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒနှင့် ခြံကလေး အောင်ရတနာကျောင်း ဆရာတော်ဘဒ္ဒန္တဝိမလတို့ အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ခြံကလေးအောင်ရတနာဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် တည်းခိုရောက်ရှိနေထိုင်သော ကျောင်းသား ကျောင်းသူ ၉၃ ဦး၊ ဆရာ ဆရာမနှင့် အုပ်ထိန်းသူ ၂၉ ဦး စုစုပေါင်း ၁၂၂ ဦးအတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥ အစရှိသော စားသောက်ကုန်များ ထောက်ပံ့ပေးအပ် ကာ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဘားအံမွေးမြူရေးဇုန်အဝင်လမ်း အရှည် ၃ ဖာလုံနှင့် ပေ ၁၈၀၊ အကျယ် ၂၆ ပေရှိ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် ဘားအံမွေးမြူရေးဇုန်၌ ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော ကြက်၊ ဆိတ်၊ ဝက်၊ နွား အစရှိသည့် မွေးမြူရေးလုပ်ငန်းများ စတင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်သူဦးပိုင်ဝင်း၏ ဥစားကြက်မွေးမြူရေးခြံ၊ တောင်သူ ဦးသိန်းမြင့်၏ ဆိတ်မွေးမြူရေးခြံနှင့် တောင်သူအောင်ဆန်းဦး၏ ဆိတ်မွေးမြူရေးခြံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဇုန်အတွင်း ရာနှုန်းပြည့်မွေးမြူလုပ်ကိုင်နိုင်စေရေး မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း
(ပြန်/ဆက်)