
ဘားအံ ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစိုးလွင်နှင့် ခရိုင်၊ မြို့နယ် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဝင်များသည် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၁၀ နာရီခန့်က ဘားအံမြို့နယ် အမှတ်(၆)နှင့်အမှတ် (၇) ရပ်ကွက်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များ မှာကြားသည်။
ကရင်ပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင် ရေး၊ အခြေခံမဲဆန္ဒရှင်စာရင်းနှင့် မဲစာရင်းရလဒ်များ မှန်ကန်စေရေးအတွက် အဆင့်(၅)ဆင့်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဆင့်(၁)နှင့်(၂)ကို ပြည်နယ်အတွင်း ဆောင်ရွက်ပြီးဖြစ်သည့်အတွက် အဆင့်(၃)အနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ရှိ လူဦးရေအချက်အလက်များနှင့် မြေပြင် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက် နေခြင်းဖြစ်ကာ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်လုံးတွင် မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီ ၉ ရက် တွင် စတင်ဆောင်ရွက်လျက်ရှိသည်။
ပြည်နယ်အတွင်း မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့များကို တစ်ဖွဲ့လျှင် ငါးဦးနှုန်းဖြင့် စာရင်းကောက်ယူရေးအဖွဲ့ ၇၁၂ ဖွဲ့ကို ဖွဲ့စည်းပြီး သင်တန်းများအဆင့်ဆင့် ပို့ချပေးခဲ့ကာ စာရင်းကောက်တစ်ဖွဲ့ တစ်ရက်လျှင် အနည်းဆုံး အိမ်ထောင်စု ၂၅ စုနှုန်းဖြင့် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ (မသန်စွမ်း(၅) မျိုး စာရင်းအပါအဝင်) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူသွားမည်ဖြစ် ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)