
နေပြည်တော် နိုဝင်ဘာ ၉
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကရင်ပြည်နယ်ရှိ အားကစား ကွင်း/အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကရင် ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးသို့ ရောက်ရှိလာပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသ ကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်း များအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ရမည့် လုပ်ငန်းအားလုံး အချိန်နှင့်တစ်ပြေးညီ ပြီးစီး နိုင်ရေးအတွက် အထက်အောက် အပြန်အလှန် လေးလေးစားစား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်သည် တတိယဟူသော ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဌာနတစ်ခုလုံး အထက်အောက် အပြန်အလှန်အချင်းချင်း ကိုယ်ချင်း စာစိတ်ဖြင့် မိသားစုစိတ်ဓာတ်ထား၍ လုပ်ငန်းများ ဆောင်ရွက်ရမည်ဆိုလျှင် မည်သည့်လုပ်ငန်းကို မဆို အောင်မြင်မည်ဖြစ်ပါကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ကရင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးစိုးလွင်နှင့် တာဝန်ရှိ သူများသည် ကရင်ပြည်နယ် ဇွဲကပင် (လှာကမြင်) အားကစားကွင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု၍ လက်ရှိ ပွဲကြည့်စင်အဟောင်းများ၊ အဆောက်အအုံအဟောင်း များ ဖျက်သိမ်းနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့် အညီ စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့ရှိ(အောင်သံလွင်) ပြည်နယ် အားကစား ကွင်းကို ကြည့်ရှုစစ်ဆေး၍ ဘောလုံးကွင်းအတွင်း (Synthetic) ပြေးလမ်း ပျက်စီးမှုမရှိစေရေး စနစ် တကျ ထိန်းသိမ်းဆောင်ရွက်ပြီး အကောင်းဆုံး အသုံးပြုနိုင်ရေးနှင့် ဘောလုံးအားကစားကွင်းကို စနစ်တကျထိန်းသိမ်း ဆောင်ရွက်နိုင်ရေးနှင့် ဘောလုံးကွင်းအရှေ့ဘက် အမိုးပါ ပွဲကြည့်စင် တည်ဆောက်နိုင်ရန် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြား သည်။
ထို့နောက် ကရင်ပြည်နယ် ခေတ္တဝန်ကြီးချုပ် ဗိုလ်မှူးကြီး မျိုးမင်းနောင် ဦးဆောင်သော အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ကရင်ပြည်နယ် အားကစား တိုးတက်ရေးအတွက် ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်းတိုင်ပင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ခေတ္တဝန်ကြီးချုပ်ထံသို့ ကရင်ပြည်နယ်အတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့ရှိ ဇွဲကပင် ရေကူးကန်သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ(ဝဲပုံ) ရေကူးလာရောက်သူများ အတွက် အဆင်ပြေလွယ်ကူစေရန် မျက်နှာစာ ဝင်ပေါက်တစ်ခု ထပ်မံဖောက်လုပ်ဆောင်ရွက်ရန်နှင့် ရေကူးကန် တည်ဆောက်ထားသော မြေနေရာကို ဌာနပိုင်မြေနေရာအဖြစ် သတ်မှတ်နိုင်ရေး ပြည်နယ် အစိုးရထံမှ အမြန်ဆုံးဆောင်ရွက်ရန် မှာကြားခဲ့ ကြောင်း သိရသည်။ သတင်းစဉ်