ကရင်ပြည်နယ် လေးကေ့ကော်ဒေသရှိ ကျေးရွာများမှပြည်သူများ ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်၊ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး

နေပြည်တော်   ဒီဇင်ဘာ   ၃၀ 


ကရင်ပြည်နယ်  လေးကေ့ကော်မြို့သစ်တစ်ဝိုက် ရောက်ရှိနေသည့်   NUG နှင့်  PDF အမည်ခံ အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှ  စတင်၍   KNU၊ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားပြီး NCA ကို ပျက်စီး စေလိုသည့်  ခေါင်းဆောင်အချို့  ပါဝင်သောအဖွဲ့၊ NUG၊ PDF  အမည်ခံ  အကြမ်းဖက်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ  ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး   အဆိုပါဒေသမှ အပြစ်မဲ့ပြည်သူများ  တစ်ဖက်နိုင်ငံသို့  ထွက်ပြေး တိမ်းရှောင်လျက်ရှိသည်။


အဆိုပါဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင် များက ဒီဇင်ဘာ ၂၈ ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင် ခဲ့ပြီး  ဒေသတည်ငြိမ်အေးချမ်းမှုရှိသည့်အတွက် တစ်ဖက်နိုင်ငံသို့   ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ ပြန်လည်နေထိုင်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာသာ စကားများဖြင့် ပြန်လည်ဖိတ်ခေါ်ခြင်း၊ ထိုင်း- မြန်မာ နယ်ခြားကော်မတီများမှ  လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ခြင်းများကြောင့်  ထွက်ပြေးတိမ်းရှောင် နေသူများအနက်မှ ဒီဇင်ဘာ ၂၉ ရက်နှင့် ယနေ့တို့တွင် အင်ကြင်းမြိုင်၊  မင်းလက်ပံ၊  မယ်ထော်သလေးနှင့် မေတ္တာလင်းမြိုင်ကျေးရွာတို့တွင်   နေထိုင်သူ အမျိုးသား ၂၀၇၆ ဦး၊ အမျိုးသမီး ၂၃၁၂ ဦး စုစုပေါင်း ၄၃၈၈ ဦးတို့သည်   ၎င်းတို့နေရပ်သို့  အသီးသီး ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။


အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ လက်ခံ ခဲ့ပြီး  ထိုသို့လက်ခံရာတွင်  သက်ဆိုင်ရာပြည်သူ့ ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား  စာရွက်စာတမ်းများ  ပြုလုပ် ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများနှင့်    ဌာနဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များနှင့်  အခြား လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်