
မြင့်စိုး(နတလ)
ဘာတွေကျန်ရစ်ခဲ့ပြီလဲ
“(၃၃) နှစ်ပြည့်တဲ့မွေးနေ့မှာ ဘာတွေကျန်ရစ်ခဲ့ပြီလဲလို့ ပြန်ကြည့် လိုက်ရင်တော့ (၃၃) နှစ်ဆိုတာကလွဲလို့”(ကဗျာဆရာဘိုင်ရွန်)
သားမွေးနေ့က ဇူလိုင် ၈ ရက်၊ ကျွန်တော့်မွေးနေ့က ဇူလိုင် ၂၅ ရက်၊ ကွယ်လွန်သူဇနီးသည် မွေးနေ့က ဇူလိုင် ၂၆ ရက် အားလုံးက ဇူလိုင် မွေးနေ့ရှင်များဖြစ်နေသောကြောင့် ကိုဗစ် ကပ်ရောဂါကြီးမဖြစ်မီ ယခင့် ယခင်နှစ်တွေမှာ ဇူလိုင်မိသားစုမွေးနေ့ဆုမွန်လွှာဆိုပြီး သတင်းစာတွေ မှာထည့်ဖြစ်ခဲ့သည်။ သည်ဘက်နှစ်မွေးနေ့တွေမှာတော့ မထည့်ဖြစ်တာ ကြာပေပြီ။ သို့တစေ ကဗျာဆရာဘိုင်ရွန်၏ အထက်ပါစကားစုလေးက မွေးနေ့ရောက်တိုင်းရောက်တိုင်း မိမိကိုယ်မိမိ ဆင်ခြင်သုံးသပ်နိုင် အောင် သတိပေးနေသလိုပင်။ တကယ်လည်း ဆင်ခြင်မိပါ၏။ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ ဘာတွေလုပ်ခဲ့ပြီးပြီလဲ၊ ဘယ် လောက် အောင်မြင်ခဲ့သလဲ၊ ဘာတွေမှားခဲ့သလဲ၊ ဘယ်အထိခရီးဆက် နိုင်ဦးမလဲ စသည်…စသည်။ အများကြီး မလုပ်နိုင်သည့်တိုင်အောင်၊ လုပ်ခွင့်မရသည့်တိုင်အောင် နတလတည်းဟူသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှာ ၂၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသောကြောင့် ကျွန်တော်ချစ်သော တိုင်းရင်း သားများအတွက်၊ ကျွန်တော်သံယောဇဉ်ရှိသော နယ်စပ်ဒေသများ အတွက် ထိုက်သင့်အားလျော်စွာ လုပ်နိုင်ခဲ့ပြီမို့ ကျေနပ်မိပါသည်၊ ဝမ်းသာပီတိဖြစ်ရပါသည်။ အငြိမ်းစားဝန်ထမ်းဘဝမှာတောင် နယ်စပ် ရေးရာဝန်ကြီးဌာနက ဝန်ထမ်းများနှင့်အတူ ကချင်ပြည်နယ် ပူတာအို ခရိုင် ခေါင်လန်ဖူးဒေသသို့ ရောက်လိုက်သေး၏။ သွားနိုင်တုန်းသွားရ တာပဲလေဟု သဘောပိုက်လျက် အရောက်သွားခဲ့ခြင်းပင်။ ၎င်းအပြင် မွေးရပ်မြေ ဧရာဝတီတိုင်းဒေသကြီးထဲက မြို့ရွာတော်တော်များများ ကိုလည်း ရောက်ခဲ့ပြန်သည်။ ထိုမြို့ထိုရွာများရှိ အထကကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူလေးများ နှင့် တွေ့ဆုံပြီး စာမေးပွဲအောင်ချက် မြင့်မားရေး၊ အောင်မြင်သူများအနေ ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနအောက်တွင် ဖွင့်လှစ်ထားသော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း) တို့သို့ တက်ရောက်ခွင့်ရရှိရေး ရှင်းလင်းဆွေးနွေးပေးခဲ့သည်။ ပြောခဲ့ပြီကောလေ၊ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းထဲက မက်မန်းမြို့လေးသို့ပင် ရောက်ခဲ့ ဟောခဲ့ ပြောခဲ့သည်ဟု။ ဟော…ထိုသို့နေလာရာက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ခွင့်ရလာပြန် သောအခါ ကျွန်တော် ကျေနပ်ဝမ်းသာမိပါသည်။ အကြောင်းကတော့ နတလမှာကဲ့သို့ပင် အများအကျိုးကို သယ်ပိုးခွင့်ရစေမည့် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနဖြစ်နေသောကြောင့်ပင်။
တစ်နှစ်သား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျွန်တော်တို့ လူမှန်းသိတတ်စအရွယ်ကတည်းက စတင် ကြားဖူး၊ မြင်ဖူးနေသော သမဝါယမဝန်ကြီးဌာန ဒုတိယဒီမိုကရေစီ အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၆-၂၀၂၀ ကာလ၌ ပျောက်ကွယ်သွား ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် ၂၀၂၁ ခုနှစ် ဇွန် ၁၇ ရက်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းပေးခဲ့ရာ ပြီးခဲ့သည့် ဇွန် ၁၇ ရက်၌ တစ်နှစ်သက်တမ်း ပြည့်ခဲ့ပြီဖြစ်သည်။ ဝန်ကြီးဌာန၏ မျှော်မှန်းချက် (Vision) မှာ သမဝါယမကဏ္ဍနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားစေပြီး ကျေးလက်လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာအောင် စီမံဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ဟူ၍ဖြစ်ပါသည်။ လုပ်ငန်းတာဝန်များ (Mission) အနေဖြင့်လည်း သမဝါယမအသင်းများ ၏ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်း များ ထွန်းကားစေရန်၊ အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် နည်းပညာသင်တန်းများပေးရန်၊ ကျေးလက်အခြေခံအဆောက်အအုံ များ တည်ဆောက်ပေးရန်နှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်း များ ဆောင်ရွက်ပေးရန်တို့ဖြစ်သည်။ ထူးခြားသည်မှာ ယခင်သမဝါ ယမဝန်ကြီးဌာန လက်ထက်ကတည်းက ရှိပြီးဖြစ်သော သမဝါယမ ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့အပြင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကိုပါ ထည့်သွင်းဖွဲ့စည်း ပေးခြင်းဖြစ်သည်။ ဤသည်မှာ ကျေးလက်ဒေသများ၏ ဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုဆောင်ရွက်ပေးနိုင်ရန်ပင်ဖြစ်သည်။ ယခုအခါ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကိုပါ ထပ်မံသွတ်သွင်းဖွဲ့စည်း တော့မည်ဖြစ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သည် ဦးစီးဌာန လေးခုဖြင့် ရည်မှန်းချက်တာဝန်များ အောင်မြင်အောင် သွက်လက်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပေသည်။
ဇူလိုင်လ၏ အမှတ်တရခရီးစဉ်
သည်တာဝန်ကို ထမ်းဆောင်မှတော့ သွားသင့်သည့်နေရာ ဒေသများသို့ ရောက်အောင် သွားရတော့မည်လေ။ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ရှမ်းအရှေ့၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်း၊ ရှမ်းတောင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးထဲက နေရာဒေသအချို့ကို ကျွန်တော်ရောက်ခဲ့ပြီ။
ပြီးခဲ့သည့် ဇူလိုင် ၇ ရက် ၈ ရက်များတွင်မှာတော့ ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်နှင့် ရပ်စောက်မြို့နယ်များသို့ ကွင်းဆင်းသွားရောက်ခဲ့သည်။ သွားရသည့် အဓိကရည်ရွယ်ချက်မှာ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်က အကောင်အထည်ဖော် ဆောင်ရွက်နေသော သဘာဝမြေဩဇာ ထုတ်လုပ်ခြင်းလုပ်ငန်းများကို အားပေးရန်နှင့် လိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ရန် ဖြစ်သည်။ ညောင်ရွှေမြို့မှာ ဗေဒါကုန်ကြမ်းကို အခြေခံသော သဘာဝမြေဩဇာ ထုတ်လုပ်နေသကဲ့သို့ ရပ်စောက်မြို့မှာက တိရစ္ဆာန်စွန့်ပစ်ပစ္စည်း ကြက်ချေး၊ နွားချေးများနှင့် မြေဆွေးများကို ရောနှောသုံးစွဲထားသည့် စွမ်းထက်အားဖြည့် သဘာဝမြေဩဇာထုတ်လုပ်သည့် လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေကြသည်။ စိုက်ပျိုးသီးနှံများ အထွက်တိုးစေ ရန်၊ ထွက်နှုန်းမြင့်မားစေရန် ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများကို စနစ်တကျအသုံးပြုရပါမည်။
တာဝန်ရှိသူများ ၏ နည်းပညာပေးမှု၊ နည်းပေးလမ်းပြ ပြောဆိုညွှန်ပြမှုများကို တောင်သူလယ်သမားဦးကြီးတို့က လိုက်နာဆောင်ရွက်ကြဖို့ လိုပါသည်။ အများစုကတော့ ထွက်နှုန်းတိုးရေး နည်းဥပဒေသများကို လိုက်နာလုပ်ဆောင်ကြတာတွေ့ရသည်။ သို့သော် အားနည်းချက်ဖြစ် ပေါ်နေသည်က ဓာတုမြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ အသုံးပြုဖန်များ၍ မြေဆီလွှာဂုဏ်သတ္တိများ ပျက်စီးယိုယွင်းလာသော လယ်ယာမြေများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန် ကြိုးပမ်း အားထုတ်မှု မရှိခြင်း၊ ပျက်ယွင်းနေခြင်း၊ သတိမမူခြင်းများပင်ဖြစ်၏။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ပိုက်ဆံ လျှော်အပါအဝင် သစ်စိမ်းမြေဩဇာ ပြုလုပ်သုံးစွဲနည်းများကို လက် တွေ့ထွန်ယက်စိုက်ပျိုးပြသနေကြောင်း တွေ့ရသည်။ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင်လည်း တာဝန်ရှိသူများကိုယ်တိုင် ကွင်းဆင်း၍ ပိုက်ဆံလျှော်များ စိုက်ပျိုးပြသပေးနေသည်။ လိုက်နာဆောင်ရွက် ကြဖို့ပဲ လိုသည်။ သဘာဝမြေဩဇာများ သုံးစွဲခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာကို အချိုးကျ ရောနှောသုံးစွဲခြင်းများက လယ်ယာ မြေများ၏ မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းကို များစွာအထောက် အကူပြုမည်ဖြစ်သည်။ ရပ်စောက်မြို့သို့ သွားသောနေ့က သားတော် မောင်၏ မွေးနေ့ဖြစ်သောကြောင့် အဝေးကပဲလှမ်း၍ ဆုတောင်းစကား ပြောခဲ့ရသည်။
ဂွေးပင်ကျေးရွာက စံပြစိုက်ကွက်
နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်အတွင်းရှိ ဂွေးပင်ကျေးရွာသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနက ဆောင်ရွက်ပေးနေသော စိုက်ပျိုးရေးအခြေခံ (SMART Village) စံပြကျေးရွာဖြစ်သည်။ ထိုရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက လမ်း၊ တံတား၊ ရေ၊ မီးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက လည်း တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းဆိုင်ရာ သင်တန်းများ ပို့ချသင် ကြားပေးနေသည်။
သမဝါယမဦးစီးဌာနသည် စက်မှုလယ်ယာဦးစီးဌာန၏ အကူအညီဖြင့် စုပေါင်းလယ်ယာမြေ ၁၁၆ ဧက ဖော်ထုတ်ပေး ထားပြီး စံပြဂွေးပင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမ အသင်းကိုလည်း ဖွဲ့စည်းတည်ထောင်ပေးခဲ့သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မိုးစပါးစိုက်ပျိုးရေးအတွက် မျိုး၊ စိုက်ပျိုးစရိတ်ထောက်ပံ့ငွေ၊ ဓာတ်မြေဩဇာ စသည်တို့ကို ထောက်ပံ့ပေးထားသည်။
အဆိုပါလယ်မြေ ၁၁၆ ဧကထဲမှ တောင်သူခြောက်ဦး ပိုင်ဆိုင်သော လယ်မြေ ၇ ဒသမ ၀၅ ဧက တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအစီအစဉ်ဖြင့် အထွက်တိုးမျိုးစပါး GW 11 ကို အစေ့ချ စနစ်၊ ကြဲပက်စနစ်၊ ပျိုးထောင်စနစ်ဟူသော စိုက်နည်းစနစ် သုံးမျိုး၊ စိုက်ပျိုးပြသသွားမည်ဖြစ်သည်။ မူလက ဇူလိုင်လဆန်းပိုင်းတွင် စိုက်ပျိုးပြသရန် စီစဉ်ထားသော်လည်း စိုက်ပျိုးရေရရှိရန် စောင့်ဆိုင်း ရင်း ဇူလိုင် ၂၅ ရက်တွင်မှ စိုက်ပျိုးရန် ဖြစ်လာခဲ့သည်။ ထိုနေ့က ကျွန်တော်သည် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးသောင်းနိုင်၊ ဦးစိုးသန်း၊ ဦးကျော်ဇင်လတ်၊ ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးတို့နှင့်အတူ ဂွေးပင်ကျေးရွာသို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ ဂွေးပင်ကျေးရွာအုပ်စု ရွာသူရွာသားများ နှင့်တွေ့ဆုံ၍ ဓာတ်မြေဩဇာအပြင် သဘာဝမြေဩဇာများကိုပါ သုံးစွဲ ကြရန် နွားချေးမြေဆွေး ပေါများသောရွာဖြစ်သောကြောင့် သဘာဝ မြေဩဇာများကို ကိုယ်တိုင်ပြုလုပ် သုံးစွဲတတ်စေရန် တိုက်တွန်းမှာ ကြားခဲ့သည်။ ယင်းနောက် တောင်သူ ဦးတင်ရှိန်၊ ဦးတင်အောင်၊ ဒေါ်အေးသန်းတို့ ပိုင်ဆိုင်သော လယ် ၃ ဒသမ ၄၅ ဧကတွင် GW 11 စပါးမျိုး အစေ့ချစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။ ထိုမှ တောင်သူဒေါ်ခင်မြင့်ရွှေ ပိုင်ဆိုင်သော လယ်မြေ ၁ ဒသမ၂၅ ဧကတွင် GW 11 စပါးမျိုး ကြဲပက်စိုက်ပျိုးရန် သွားရောက်ကြပြီး ကျွန်တော်တို့ပါ လယ်ထဲသို့ဆင်း၍ ကြဲပက်စိုက်ပျိုးပေးသည်။ ထိုမှတစ်ဖန် တောင်သူဦးတင်အောင်နှင့် ဦးချစ်ကို ပိုင်ဆိုင်သော လယ်မြေ ၂ ဒသမ ၃၅ ဧကတွင် GW 11 စပါးမျိုးများ ပျိုးထောင်ထားရှိမှုကို ကြည့်ရှု အားပေးခဲ့သည်။
ဇူလိုင် ၂၅ ရက်သည် ကျွန်တော်၏ မွေးနေ့၊ ထိုနေ့တွင် ဂွေးပင်စံပြကျေးရွာ၌ လယ်ထဲသို့ဆင်း၍ အမှတ်တရစပါးမျိုး ကြဲပေးခွင့်ရသောကြောင့် ကျွန်တော်အထူးပင် ပျော်ရွှင်မိပါသည်။
မျိုးစပါး၊ သဘာဝမြေဩဇာနှင့် ထွန်စက်များပေးအပ်
ဇူလိုင် ၂၈ ရက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၏ ဇေယျာသီရိမြို့နယ် စိမ်းစားပင် ကျေးရွာခရီးသို့ အတူလိုက်ပါခွင့်ရခဲ့သည်။ ကျွန်တော်တို့ ရောက်ရှိသွား ချိန်မှာ စိမ်းစားပင်ကျေးရွာ သုခရတနာ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း ဓမ္မာရုံရှေ့၌ ဒေဒေါင်း RX-7620၊ ဒေဒေါင်း DS-4510 လယ်ထွန်စက်ကြီးများ စီစီရီရီရပ်ထားသည်ကို တွေ့ရသည်။ ဓမ္မာရုံ ဘေး၌လည်း ဆင်းသုခမျိုးစပါးအိတ်များ၊ စမ်းဝတီသဘာဝမြေဩဇာ အိတ်များကိုလည်း တွေ့ရသည်။ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်များက သမဝါယမအသင်းသား တောင်သူလယ်သမားများကလည်း စုံစုံညီညီ ရောက်ရှိနေကြပေပြီ။ ထိုနေ့ကျင်းပသော အခမ်းအနားကတော့ အထက်တွင်ဖော်ပြခဲ့သည့် အတိုင်း မျိုးစပါး၊ သဘာဝမြေဩဇာနှင့် လယ်ထွန်စက်ကြီးများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားပါပေတည်း။
ပြည်ထောင်စုဝန်ကြီးက ဒေသခံတောင်သူများအား အမှာစကား ပြောကြားရာ၌ စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ရေးအတွက် လိုအပ် သော မျိုး၊ ရေ၊ သွင်းအားစုနှင့် နည်းပညာပံ့ပိုးမှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ သမဝါယမ စနစ်ဖော်ဆောင်ကာ ဆောင်ရွက်ပေးနေပါကြောင်း သွင်းအားစု ဓာတ်မြေဩဇာသုံးစွဲမှုကို လျှော့ချ၍ သဘာဝမြေဩဇာများ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲပါက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင် မည့်အပြင် မြေဆီလွှာကောင်းမွန်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အော်ဂဲနစ် ထွက်ကုန်သီးနှံများ စားသုံးကြရမည်ဖြစ်ကြောင်း တောင်သူများ လိုအပ်သည့် မျိုးစပါး၊ သွင်းအားစု၊ လယ်ယာသုံး စက်ကိရိယာ စသည့်ထုတ်လုပ်မှုကုန်ကျစရိတ်များကို သမဝါယမ အသင်းများက ထောက်ပံ့ပေးခဲ့ပြီး ထွက်ရှိလာသည့် သီးနှံများကို ကာလပေါက်ဈေးဖြင့် ဝယ်ယူပေးခြင်း၊ ငရုတ်၊ ခရမ်းချဉ်သီး စသည် တို့ကို တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်အောင် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း ဖြင့် တောင်သူများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင် မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆင်းသုခမျိုးစပါး တင်း ၂၅၀ ၊ စမ်းဝတီသဘာဝမြေဩဇာ အိတ် ၉၀၀၊ လယ်ထွန်စက် ၁၂ စီးတို့ကို သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာသမဝါယမ အသင်းများ၊ တောင်သူလယ်သမားများသို့ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ရွှေဇေယျာသမဝါယမအသင်းက ဆောင်ရွက်နေသည့် စပါးစိုက်ခင်းများ၌ စမ်းဝတီသဘာဝမြေဩဇာ ကြဲပက်နေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ကျွန်တော်ရခဲ့သော မွေးနေ့လက်ဆောင်
ဆိုခဲ့သည့်အတိုင်း ဇူလိုင်လသည် ကျွန်တော်တို့မိသားစု၏ မွေးနေ့ များကို ညွှန်ပြနေသော လတစ်လဖြစ်ခဲ့သည်။ ခင်မင်လေးစားရပါသော အသိမိတ်ဆွေများ၏ မွေးနေ့လက်ဆောင်၊ မွေးနေ့ဆုတောင်းစကား များကိုလည်း ကျေးဇူးတင်စွာ လက်ခံရရှိခဲ့ပါသည်။ ဇူလိုင်လအတွင်း သွားရောက်ခဲ့သော ခရီးစဉ်များ၌ မိမိတတ်စွမ်းသမျှ ဖြည့်ဆည်း လုပ်ကိုင်ဆောင်ရွက်ပေးခြင်းဖြင့် မွေးနေ့ကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်း နိုင်အောင် ကြိုးစားခဲ့ပါသည်။ အထူးသဖြင့် ဇူလိုင် ၂၅ ရက်က တပ်ကုန်းမြို့နယ် ဂွေးပင်စံပြကျေးရွာ၌ ရွာသူရွာသားများ၊ အဖွဲ့ဝင် များနှင့်အတူ လယ်ကွက်ထဲသို့ဆင်း၍ GW 11 စပါးမျိုးများ ကြဲပက် ပေးခွင့်ရခဲ့ခြင်းကတော့ ဘဝအတွက် အမှတ်တရ မွေးနေ့လက်ဆောင် ဟူ၍သာ...။ ။
- Log in to post comments