
နေပြည်တော် ဖေဖော်ဝါရီ ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့ နံနက် ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မြို့ရေပေးရေး လုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကန်တော်ကြီးဆည်မှ ရေကို Plastic Filter Media နှင့် Gravel Media တို့ဖြင့် ရေသန့်စင်ခြင်း၊ အနှေးရေစစ်ကန်၌ Down Flow စနစ်ဖြင့် ရေသန့်စင်ခြင်း၊ ကလိုရင်းဆေးခတ်သန့်စင်ခြင်း စသည့် အဆင့်(၆)ဆင့်ဖြင့် သန့်စင်ပြီး ပဲခူးမြို့ပေါ်ရှိ ရပ်ကွက် ၁၂ ရပ်ကွက်၊ လူဦးရေ ၁၁၇၀၀ အတွက် နေ့စဉ် ရေဂါလန် ၈ ဒသမ ၁ သိန်းကို အိမ်အရောက် ဖြန့်ဝေပေးနိုင်မည့် မြို့ရေပေးရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး မြို့ရေပေးရေးလုပ်ငန်းများ ပုံမှန် လည်ပတ်မှုရှိစေရေး၊ လုပ်ငန်းများအမြန်ပြီးစီးရေး တပ်ဆင်ရန်ကျန်ရှိသည့် ရေမီတာများကို အမြန် တပ်ဆင်နိုင်ရေး၊ ချေးငွေဖြင့် ဆောင်ရွက်ရသည် ဖြစ်၍ ရေပေးဝေမှုလုပ်ငန်းများ အမြန်အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ပြင်ဆင်ထိန်းသိမ်းရေး ကိစ္စရပ်များ အား ပုံမှန်ဆောင်ရွက်စေရေး တာဝန်ရှိသူအဆင့်ဆင့် မှ အမြဲမပြတ် ကြီးကြပ်စစ်ဆေးသွားကြရန် မှာကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့တာဝန် ရှိသူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ မိသားစုဝင်ငွေတိုးပွားစေရေး ဝန်ကြီး ဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေး ညှိနှိုင်းကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် စံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဖြူးမြို့နယ် ရွာတန်းရှည်ကျေးရွာ အုပ်စု ငှက်ကြီးသိုက်ကျေးရွာသို့ ရောက်ရှိကာ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စု ဝန်ကြီးက စံပြကျေးရွာ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ ကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆောင်ရွက်မှုတို့ကို ဆွေးနွေးပြောကြား သည်။
သတင်းစဉ်