ကွန်ပျူတာပညာရှင်အသင်းက ITPEC - FE စာမေးပွဲအတွက် အထောက်အကူပြုသင်တန်း ဖွင့်လှစ်မည်

 

 

ရန်ကုန် ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ ဦးဆောင် မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကြီးမှူး၍ ITPEC စာမေးပွဲအမျိုးအစား သုံးမျိုးမှ နှစ်မျိုးဖြစ်သည့်  IT  Passport  စာမေးပွဲနှင့် FE စာမေးပွဲများကို  ဧပြီလအတွင်း  ကျင်းပမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းက ဖေဖော်ဝါရီ ၁၁ ရက်က တရားဝင် ထုတ်ပြန်ကြေညာ ကာ   FE    စာမေးပွဲအတွက်   အထောက်အကူပြု သင်တန်းကိုလည်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာ ထားသည်။
ITPEC စာမေးပွဲတွင် IT Passport(IP), Funda-mental IT Engineer(FE)နှင့် Applied IT Engineer (AP)ဟု  သုံးမျိုးရှိပြီး ဧပြီလအတွက် စစ်ဆေးမည့် IP   နှင့်  FE  စာမေးပွဲများကို ဧပြီ   ၂၈  ရက်တွင် ရန်ကုန်မြို့   သခင်မြပန်းခြံအနီးရှိ   ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၌   စစ်ဆေးမည်ဖြစ်သည်။    IP စာမေးပွဲအတွက် စာမေးပွဲကြေးမှာ ကျပ်နှစ်သောင်း ဖြစ်ပြီး  FE  စာမေးပွဲအတွက်  စာမေးပွဲကြေးမှာ ကျပ်သုံးသောင်းဖြစ်သည်။ 
အခြေခံအဆင့်ဖြစ်သည့်  IP  နှင့်  အဆင့်မြင့် ဖြစ်သည့်  FE  သို့မဟုတ်  AP  စာမေးပွဲများတွင် အောင်မြင်သူများသည် မြန်မာနိုင်ငံမှ တက္ကသိုလ် ဘွဲ့တစ်ခုခု မရသော်လည်း ဂျပန်အပါအဝင် ပြည်ပ နိုင်ငံများတွင် အိုင်တီပညာရှင် အင်ဂျင်နီယာအဖြစ် အလုပ်လုပ်ခွင့်ရရှိနိုင်သောကြောင့် အဆိုပါစာမေးပွဲ များသည် ဖြေဆိုသူများသည့် စာမေးပွဲများဖြစ်သည်။ မြန်မာနိုင်ငံသည် ဂျပန် ITPEC အဖွဲ့ဝင်အဖြစ် ITPEC စာမေးပွဲကို  ယခင်က တစ်နှစ်လျှင် နှစ်ကြိမ် ဧပြီလ နှင့် အောက်တိုဘာလတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က  ဦးဆောင်၍  စစ်ဆေးခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း စာမေးပွဲနှစ်ကြိမ်လုံး မစစ်ဆေးနိုင်ခဲ့ဘဲ ယခု ၂၀၂၂ ခုနှစ်တွင်မှ ပြန်လည်စစ်ဆေးနိုင်ခြင်းဖြစ် သည်။ 
စာမေးပွဲပြန်စစ်မည့်အကြောင်းကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းအနေဖြင့် ဖေဖော်ဝါရီ ၁၁ ရက်တွင်မှ တရားဝင် စာထုတ်ပြန်သော်လည်း ပြင်ပတွင် စာမေးပွဲစစ်ဆေးမည့်သတင်းများ ကြိုတင် ထွက်ပေါ်နေခဲ့သလို   စာမေးပွဲအတွက်   အထောက် အကူပြုသင်တန်းများကိုလည်း ကွန်ပျူတာသင်တန်း အများအပြားက ဖွင့်လှစ်လျက်ရှိသည်။
ကွန်ပျူတာပညာရှင်အသင်းက ဖွင့်လှစ်မည့် FE စာမေးပွဲအထောက်အကူပြုသင်တန်းကို MICT Park၊ အဆောင်(၁၄)ရှိ ကနောင်ဟဘ်၌ မတ် ၉ ရက်မှစ၍ ဧပြီ ၇ ရက်အထိ အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေး နေ့တိုင်း ၁၀ ရက်ကြာ ဖွင့်မည်ဖြစ်ပြီး သင်တန်းချိန်မှာ နံနက်  ၉  နာရီမှ   ညနေ  ၅  နာရီခွဲအထိဖြစ်ကာ သင်တန်းကြေးမှာ ကျပ်သုံးသောင်းဖြစ်သည်။ 
စာမေးပွဲဖြေဆိုလိုသူများနှင့် သင်တန်းတက်လို သူများသည် စာမေးပွဲကြေး/သင်တန်းကြေးနှင့်အတူ ပုံစံကို   https://forms.gle/DZ92YbCwfaHybyju9 ဝက်ဘ်ဆိုက်လိပ်စာတွင်  ဖြည့်စွက်ကာ  သင်တန်း တက်လိုသူများသည်   သင်တန်းဖွင့်ရက်မတိုင်မီနှင့် စာမေးပွဲဖြေဆိုလိုသူများသည်   ဧပြီ   ၁၉   ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ITPEC စာမေးပွဲဖြေဆိုရန်ကိစ္စနှင့်ပတ်သက်၍ ဖြစ်စေ၊ သင်တန်းကိစ္စနှင့်ပတ်သက်၍ဖြစ်စေ သိရှိ လိုသည့်အချက်များကို    မြန်မာနိုင်ငံ   ကွန်ပျူတာ အသင်းချုပ် ဖုန်း-၀၁-၆၅၂၃၀၇   နှင့်  ကွန်ပျူတာ ပညာရှင်အသင်း ဖုန်း-၀၁-၆၅၂၂၇၆ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း ကွန်ပျူတာပညာရှင်အသင်းက ထုတ်ပြန်ထားသည်။
ကိုစိုး