
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်
========================
ကြည်နူးအားကျ အလေးစားပို ရန်ကုန်တက္ကသိုလ်
============================
ဝေဖြိုးဟန်(အင်းစိန်)
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်ခဲ့ပြီ ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ် ရာပြည့်အမှတ်တရဆောင်းပါးများ သတင်းစာများထဲ ဖတ်ရသည်မှာ အင်မတန်အရသာရှိလှပါ၏။ ရန်ကုန် တက္ကသိုလ်ဆိုသည့်အသံကြားရတိုင်း စိတ်ထဲ မည်သည့် အရာကို လွမ်းလို့လွမ်းရမှန်းမသိလွမ်းမိပါ၏။ တက္ကသိုလ် ကျောင်းသားဘဝကို ပြန်တွေးမိတိုင်း ကြည်နူးပျော်ရွှင်မှု သိင်္ဂါရရသကို ခံစားမိကြမှာ အမှန်ပင်ဖြစ်ပါ၏။
အားကျခဲ့ရ
ရန်ကုန်တက္ကသိုလ်သည် ကျွန်တော့်အား အလွန်ပင် ဆွဲဆောင်နိုင်ခဲ့သည်။ ငယ်စဉ်ကတည်းက ရန်ကုန် တက္ကသိုလ်ဘွဲ့နှင်းသဘင်၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်၊ အာရ်စီ၊ လိုက်ဘရီတို့နှင့် မစိမ်းခဲ့ပါ။ ဦးလေး၊ အဒေါ်များက ရန်ကုန်တက္ကသိုလ်ကျောင်းသား ကျောင်းသူများဖြစ်နေ၍ သူတို့ပြောပြသည့် တက္ကသိုလ်နေ့ရက်များ၊ ရှစ်လေး လုံးအရေးတော်ပုံကာလ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ ရဲရဲတောက် ဦးဆောင်ပါဝင်ခဲ့သည့် အကြောင်းအရာများ၊ ဆို့နင့်ကြေကွဲဖွယ် တကယ့်အဖြစ် အပျက်များကို နားထောင်ခဲ့ရသည်။ ကျောင်းနောက်ခံ ပုံရိပ်များနှင့်အတူ သူတို့ရိုက်ထားသည့် ဓာတ်ပုံများကို ကြည့်ရသည့်အခါများ၌ အလွမ်း၊ အမော၊ အသော၊ အနှောများကို ခံစားမိကာ အားကျခဲ့ရသည်။ တက္ကသီလာ ဟူသည် သင်ရိုးညွှန်းတမ်းထဲက စာတစ်ခုတည်းကိုသာ သင်ကြားနေသည့်နေရာမဟုတ်။ ဘဝအတွက် အတွေ့ အကြုံကောင်း၊ သင်ခန်းစာကောင်း၊ စိတ်ဓာတ်ကောင်း များကိုပါ တစ်ပါတည်း သင်ယူတတ်မြောက်နိုင်သောနေရာလည်းဖြစ်သည်။ အကောင်းအဆိုး၊ အကြောင်း အကျိုးကို ဆင်ခြင်တွေးတော ကြံဆနိုင်ခဲ့သော ရပ်ဝန်း လည်းဖြစ်သည်။
ကျွန်တော့်အဒေါ်အငယ်ဆုံး ဘွဲ့ယူသည့်အခါ ဘွဲ့နှင်းသဘင်ခန်းမထဲအထိ လိုက်ဝင်ခွင့်ရခဲ့သည်။ ထိုအချိန်ကတည်းက တစ်နေ့ ဒီခန်းမကြီးထဲ ဘွဲ့ယူနိုင် အောင် ကြိုးစားမည်ဟု သန္နိဋ္ဌာန် ချခဲ့သည်။ ထိုအကြောင်း ကို လူကြီးများအား ပြောပြသည့်အခါ သူတို့သဘောခွေ့ ကြသည်။ အမေ့လက်သုံးစကားက ဆယ်တန်း အောင်အောင်ကြိုးစား၊ ဒါမှ တက္ကသိုလ်တက်ပြီးဘွဲ့ရမှာ ဟူ၍ ဖြစ်၏။ ထိုအချိန်သည် ကျွန်တော့်အသက် ၁၁ နှစ် သာ ရှိသေး၏။
ကျွန်တော်ဆယ်တန်းအောင်သည့် အချိန်တွင် ရန်ကုန်တက္ကသိုလ်အပါအဝင် မြို့ပေါ်တက္ကသိုလ်များကို ပိတ်ထားသည့်ကာလဖြစ်သည်။ တက္ကသိုလ် နောက်ခံ ရုပ်ရှင်ဇာတ်လမ်းများသည်ပင် လှိုင်နယ်မြေ ထဲက MICT park ထဲ သွားရိုက်ကြရသည်။ အင်းလျားကန်ပေါင်ပေါ် လမ်းလျှောက်ပြီး အကြော်ထိုင်စားပြခြင်းကို တက္ကသိုလ် ကျောင်းသားဖြစ်ကြောင်း မှတ်ယူရသည့်အချိန် ဖြစ်ခဲ့သည်။ ငယ်ငယ်ကမက်ခဲ့သော တက္ကသိုလ်ကျောင်းသားလုပ်မည့် အိပ်မက် ပျက်ခဲ့ရသည်။ တက္ကသိုလ်တက်ရလျှင် စာလည်း လုပ်မည်၊ ဝါသနာပါရာ စာပေ၊ အနုပညာအလုပ်များကိုလည်း လုပ်မည်ဟူသော အတွေး မှေးမှိန်သွားသည်။
မွေ့ပျော်ချင်လွန်းခဲ့
ထို့ကြောင့် ရန်ကုန်တက္ကသိုလ်နှင့် အဓိပတိလမ်းကို တက်ဖူးချင်၊ ရောက်ဖူးချင်စိတ်ဖြင့် ကျောင်းထဲ၌ ICT diploma သင်တန်းဖွင့်သည့်အခါ သွားလျှောက်သည်။ ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာနက ဆရာကြီးဒေါက်တာစိန်ဝင်း စီစဉ်သော သင်တန်းဖြစ်သည်။ ဆယ်တန်းအောင်ပြီးခါစ အရွယ်မို့ တက္ကသိုလ်ဆိုသည့် ရပ်ဝန်းထဲ မွေ့ပျော်ချင်လွန်းခဲ့ သည်။ တက်ခွင့်ရသော် အပျော်ကြီး ပျော်ခဲ့ရသည်။ သူငယ် ချင်းတချို့နှင့်အတူ သွားတက်သည်၊ သိပ္ပံဆောင်မှာ သင်ရသည်၊ သို့သော် အတန်းထဲ သိပ်မရောက်ဖြစ်ပေ။ ကျောင်းဝင်းထဲက ကြားဖူးနားဝရှိထားသမျှ နေရာစုံ လျှောက်သွားသည်။ ဦးချစ်ဆိုင်မှာထိုင်သည်၊ စစ်ကိုင်း လမ်းမှာထိုင်သည်၊ အင်းလျားကန်ပေါင်သွားသည်။
အဓိပတိ လမ်းမပေါ်လျှောက်ရင်း ကိုယ့်ကိုယ်ကိုယ် ရန်ကုန် တက္ကသိုလ်ကျောင်းသားအဖြစ် ခံယူလိုက်သည်။ အဆိုပါ သင်တန်းက သုံးလ တစ်ဖြတ်တက်ပြီး Level သုံးခုပြီးပါက ဒီပလိုမာပေးသည်။
လေးစားတန်ဖိုးထားမိ
ဖတ်ခဲ့ဖူးသည့်ဝတ္ထုများ၊ ကြည့်ခဲ့ဖူးသည့် ရုပ်ရှင်များ၊ နားထောင်ခဲ့ဖူးသည့် သီချင်းများက ကျွန်တော်တို့အပေါ် တော်တော်လွှမ်းမိုးသည်။ စိန်ပန်းတွေ၊ ကံ့ကော်တွေကို မြင်တိုင်း ကဗျာစပ်ချင်သည်။ ဂျပ်ဆင်ထိပ်ကလရိပ်ပြာကို ရှာဖွေကြသည်။ မာလာဆောင်ပြည်လမ်းရှေ့ ကောင်မလေး တွေများ တွေ့လေမလား သွားသွားကြည့်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနေခဲ့သည့် ပဲခူးဆောင်ဘက် ခဏ ခဏ သွားကြည့်သည်။ နာမည်ကျော် ဗဟိုဆောင် ငါးခုဖြစ်သည့် အင်းဝဆောင်၊ စစ်ကိုင်းဆောင်၊ သထုံဆောင်၊ ပင်းယဆောင်နှင့် ပဲခူးဆောင်များအကြောင်း ဖတ်ဖူး၊ ကြားဖူးထားသဖြင့် ပိုစိတ်ဝင်စားမိသည်။ ရန်ကုန် တက္ကသိုလ်နှင့်တွဲလျက် မသိမဖြစ်သိရမည့် ကျောင်းသား များဖြစ်သော ကိုအောင်ဆန်း၊ ကိုနု၊ ကိုသိန်းဖေ၊ ကိုဗဟိန်း၊ ကိုဗဆွေ၊ ကိုသိန်းဟန် (ဇော်ဂျီ)၊ ကိုဝန် (မင်းသုဝဏ်) တို့ကြောင့် ကျောင်းကြီးကို လေးစားတန်ဖိုးထားမိ သည်။
ဆရာဇဝန၏ ကောလိပ်ကျောင်းသားဝတ္ထုကို ဖတ်ဖူး ထားသည်ကတစ်ကြောင်း၊ ကျွန်တော်တို့ငယ်ငယ်က မြန်မာ့ရုပ်မြင်သံကြားကနေ တနင်္ဂနွေနေ့လယ်ပိုင်းဆို အဖြူအမည်း ခေတ်က ရုပ်ရှင်များပြန်ပြ၍ ရုပ်ရှင်မင်းသား ကြီး ကောလိပ်ဂျင်နေဝင်း၏ “ကောလိပ်ဂျင်”ဇာတ်ရုပ်နှင့် ကျေပါတယ် မအေးစိန် အကြောင်း ကြည့်ဖူးထားသည်က တစ်ကြောင်း၊ ဆရာမောင်ဝဏ္ဏ၏ “ပန်းတွေနဲ့ဝေ” ရုပ်ရှင်မှ မင်းသားကြီး ညွန့်ဝင်းနှင့် မင်းသမီး ခင်ယုမေ တို့၏ သရုပ်ဆောင်ချက်များကို ကြည့်ဖူးထားသည်ကတစ်ကြောင်းတို့ကြောင့် ရန်ကုန်တက္ကသိုလ်ကို အရူးအမူး စွဲလမ်းမိခဲ့ရပါသည်။ ဆရာ ငြိမ်းကျော်၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) တို့၏ ဝတ္ထုများကြောင့်လည်း ကျွန်တော် ဟာ တက္ကသိုလ်နယ်မြေကို အချစ်တို့ဖြင့် ထုံမွမ်းပြည့်စုံ နေသော ချစ်သူတို့ပျော်ရာမြေအဖြစ် မှတ်ထင်ယူခဲ့ မိပါသည်။
ရွက်လွှင့်ခဲ့ရ
ထိုအခိုက်အတန့်များသည် ခဏပင်။ တက္ကသိုလ် ဝင်ခွင့်ကျောင်းလျှောက်လွှာများ ပြန်ကျလာသည့် အတွက် ICT သင်တန်းကို ပြီးဆုံးအောင်ပင် မတက်ဖြစ် တော့ပေ။ ကိုယ်တက်ခွင့်ရသည့်ကျောင်းသို့ ရွက်လွှင့် ခဲ့ရတော့သည်။ ပျော်ရာမှာမနေ၊ တော်ရာမှာနေ ဆိုစကားအတိုင်း ကျွန်တော့်ဘဝ အနာဂတ်အတွက် မြကျွန်းညိုကို နှုတ်ဆက်ခဲ့ရသည်။
ရက်ကို လစား၊ လကို နှစ်စားရင်းဖြင့် အချိန်နာရီ များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက် ကျွန်တော် ကျောင်းပြီးသွားသည်။ တက္ကသိုလ်ပညာကို ငါးနှစ် သင်ယူပြီးသည့်အခါ ရန်ကုန်နည်းပညာတက္ကသိုလ်က ပေးအပ်သော စက်မှုအင်ဂျင်နီယာဘွဲ့ရသည်။ ထို့နောက် ဘွဲ့လက်မှတ်ကိုင်ကာ နိုင်ငံခြားထွက် အလုပ်လုပ်ရသည်။ ဝမ်းရေးအတွက် တိုင်းတစ်ပါးမှာ ပိုက်ဆံသွားရှာရသည်။ လေးနှစ်ကြာသည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းကြီးများ ပြန်ဖွင့် သည့် သတင်းကြားရသည်။ အင်မတန် ဝမ်းသာစရာ ဖြစ်ခဲ့သည်။ မြန်မာ့နိုင်ငံရေးအခင်းအကျင်းသည်လည်း ရွေးကောက်ပွဲများမှတစ်ဆင့် လွှတ်တော်နိုင်ငံရေးဆီသို့ ဦးတည်နေချိန်ဖြစ်သည်။
အသက်မဲ့နေသော တက္ကသိုလ်ကြီးများ အသက် ပြန်ဝင်လာသည်။ နှစ်ပေါင်းများစွာ မပြုပြင်ဘဲ ပစ်ထား ခံရသည့်အတွက် ယိုယွင်းပျက်စီးနေသော သမိုင်းဝင် အဆောက်အအုံများကို နဂိုရှိပြီးသား ဒီဇိုင်း၊ ကာလာအနေ အထားအတိုင်း မူဟန်မပျက် ပြုပြင်မွမ်းမံကြသည်။ တက္ကသိုလ်သည် တက္ကသိုလ်နှင့်ပြန်တူလာစေရန် အရေး ကြီးပါသည်။ Infrastructure အားနည်းချက်ဆိုသည်မှာ ယခုပြင်လျှင် ယခုရသည်။ အသစ်လိုချင်လျှင် ချက်ချင်း ဖန်တီးပေးနိုင်စွမ်းရှိသည်။ သို့သော် Infrastructure မည်မျှ ပင် ပြည့်စုံကောင်းမွန်နေပါစေ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ရှိမှသာလျှင် ပြီးပြည့်စုံသော တက္ကသိုလ်တစ်ခု ဖြစ်မည်ဟု ယုံကြည်ပါသည်။ လူများရှိပြီး သင်ကြားရေးမူမကောင်းလျှင်လည်း တက္ကသိုလ်ပညာရေး အဆင့်အတန်းဟာ နိမ့်ကျမြဲ နိမ့်ကျနေမည်သာဖြစ်၏။ သင်ကြားပေးမည့်သူ၊ သင်ယူကြမည့်သူ အများကြီးရှိနေ သော်လည်း သုတေသနပြုချက် Research ကောင်းကောင်း မလုပ်နိုင်သော တက္ကသိုလ်သည် ဒုံရင်းက ဒုံရင်းသာဖြစ်နေ မှာ သေချာသည်။ ယနေ့ ရန်ကုန်တက္ကသိုလ်သည် အခြား တက္ကသိုလ်ကြီးများနှင့် နှိုင်းယှဉ်လျှင် ပိုပြီးဂရုစိုက်ခံရသည်။ သမိုင်းကြောင်းအကောင်းဆုံးနှင့် ခေတ်ပေါင်းများစွာ၊ အစိုးရပေါင်းများစွာ ဖြတ်သန်းကျင်လည်ခဲ့သော တက္ကသိုလ်ကြီးလည်း ဖြစ်သည်။ ထိုတက္ကသိုလ်ကြီး၏ သမိုင်းသည် ကျွန်တော်တို့ မြန်မာပြည်၏သမိုင်းဖြစ်ပါသည်။ ပိတ်ထားခဲ့သည့် တံခါးများ ပြန်ဖွင့်လာသည့်အတွက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသူအားလုံးကို လေးစား ဂုဏ်ပြု ကျေးဇူးတင်မိပါသည်။
သထုံလမ်းတစ်ဝိုက် ကျင်လည်ခဲ့ကြရ
ကျောင်းနံရံမှာ ဒေါင်းအလံတွေ ပြန်စိုက်ခွင့်ရသည့် ကာလ၌ ကျွန်တော်သည် ကျောင်းသားအဖြစ် ပြန်လုပ် ခွင့်ကြုံသည်။ ဘွဲ့ရပြီး ၁၂ နှစ်အကြာ၌ အခါအခွင့်သင့်၍ ရလာသည့်အခွင့်အလမ်းကို မိမိရရ ဆုပ်ကိုင်နိုင်ရန် ပြင်ဆင်ခဲ့ရသည်။ ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ဥပဒေ ပညာဘွဲ့လွန်ဒီပလိုမာ (အွန်လိုင်းသင်တန်း) PGDL တက်ခွင့်ရသည်။ တစ်နှစ်ကျော်လောက် တန်းစီဇယားဖြင့် လျှောက်ထားခဲ့ပြီးမှ တက်ခွင့်ရသော သင်တန်းဖြစ်သည်။ မိန်းထဲမှာမဟုတ်သော်လည်း မိန်းရနံ့များထုံမွမ်း နေသည့် သထုံလမ်းတစ်ဝိုက် ကျင်လည်ခဲ့ကြရ သည်။
အွန်လိုင်းသင်တန်းဆိုသော်ငြား face to face တက်ရ သည့် ရက်များလည်းရှိသည်။ တခြားအချိန်များ၌ ကျောင်း သို့မကြာခဏ သွားရသည်များလည်း ရှိ၏။ ထို့နောက် သထုံလမ်းမှသည် တက္ကသိုလ်ရိပ်သာလမ်းကိုဖြတ်၍ အဓိပတိလမ်းမှဝင်ကာ ရန်ကုန်တက္ကသိုလ်ကြီးထဲ ရောက် ရောက်သွားသည်။ ICT တက်ခဲ့စဉ်က ဟောင်းနွမ်းယိုယွင်း နေသော ကျောင်းသားအဆောင်များ၊ စာသင်ဆောင်များ၊ လမ်းများ၊ မီးတိုင်များ၊ ခုံတန်းလေးများသည် ယခင်ကနှင့် မတူတော့ပေ။ ထူးခြားတိုးတက်ပြောင်းလဲမှုများကို မျက်ဝါးထင်ထင် မြင်တွေ့ရတော့သည်။ ကျွန်တော် ဆယ်တန်းအောင်စဉ်အချိန်က လွမ်းမောဖွယ် သက်မဲ့ခန္ဓာ ကြီးနှယ် ဖြစ်နေသော ကျောင်းအိုကြီးသည် ယခု အသစ် တစ်ဖန် ရှင်သန်ထမြောက်နေပေပြီ။ ကျောင်းထဲရောက်သည် နှင့်တစ်ပြိုင်နက် စိတ်သည် ပျိုမျစ်နုနယ် ငယ်ရွယ်သွား၏။ လန်းဆန်းတက်ကြွသွား၏။ ရှူရှိုက်ရသည့် လေရနံ့ချင်း ပင် ကွာသွားသည်ဟုထင်ရ၏။ မြင်မြင်သမျှ ကြည်နူး စရာကောင်းနေ၏။ ကျောင်းသား ကျောင်းသူများဖြင့် ပြန်လည်လှုပ်ရှားသက်ဝင်နေသော ရန်ကုန်တက္ကသိုလ် ကြီးကို မြင်ရသည်မှာ လွန်စွာနှစ်ထောင်းအားရမိပါ သည်။အနာဂတ်မျိုးဆက်သစ်တို့ ကံကောင်းလွန်းကြ သည်။
ဒီပလိုမာဘွဲ့ပေးအပ်
ဘွဲ့လွန်ဥပဒေပညာကို အွန်လိုင်းမှ တစ်နှစ် သင်ယူပြီးမြောက်သည့်အခါ ဘွဲ့နှင်းသဘင်ကျင်းပပြီး အခြားဘွဲ့ရများနှင့်အတူ ဒီပလိုမာဘွဲ့ပေးအပ်ပါသည်။ အွန်လိုင်း PGDL သင်တန်းသည် လွယ်လွယ်နှင့်တက်ပြီး မြန်မြန်လက်မှတ်ရသည်ဟု မထင်ကြစေချင်ပါ။ အင်မတန် ခက်ခဲပြီး အာရုံစိုက် လေ့လာဆည်းပူးနိုင်မှသာ စာမေးပွဲအောင်မြင်နိုင်မည်ဖြစ်ပါသည်။ Semester နှစ်ခု တက်ရပါသည်။ Semester တစ်ခုလျှင် တစ်ဘာသာချင်းစီ အတွက် Assignment ရှစ်ခု လုပ်ရသည်။ Tutorial ဖြေရ သည်။ Semester နှစ်ခု ပြီးရန် ဘာသာရပ် ကိုးခု သင်ရပြီး စာတမ်းတစ်စောင် တင်ရပါသည်။ ဖြေဆိုသူတိုင်း မအောင်ပါ။ အောင်မြင်ခဲ့ပြီးသူများအနေဖြင့် အလုပ်သင် ရှေ့နေဆင်းခွင့်ရပါသည်။
အလုပ်သင်ကာလပြီးဆုံးလျှင် ရှေ့နေလိုက်ခွင့်ရပါသည်။ အထက်တန်းရှေ့နေ လုပ်သက် သုံးနှစ်ရှိပြီးသူဆိုလျှင် တရားလွှတ်တော်ရှေ့နေလိုင်စင် လျှောက်ထားခွင့်ရှိသွားပါသည်။ ထိုကဲ့သို့ အဖိုးတန်သော ပညာရပ်ဖြစ်၍ တန်ဖိုးထားကာ လေ့လာဆည်းပူးခဲ့ရပါ သည်။ Semester နှစ်ခုလုံးနှင့် စာတမ်းတစ်စောင်ကို အကောင်းဆုံးဖြေဆိုအောင်မြင် တင်ပြနိုင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ စင်မြင့်ပေါ်၌ ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ပေးအပ်သည့် ဘွဲ့လွန်ဒီပလိုမာလက်မှတ် တက်ယူခွင့် ရခဲ့ပါသည်။ ကျွန်တော် အသက် ၁၁ နှစ် အရွယ်တုန်းက သန္နိဋ္ဌာန်ချထားခဲ့သည့်အတိုင်း လက်တွေ့ ဖြစ်မြောက်ခဲ့ ၍ ကျေနပ်အားရ ဝမ်းသာမဆုံးဖြစ်မိပါသည်။
နိဂုံးချုပ်ရလျှင် ၁၉၂၀ ပြည့်နှစ်တွင် စတင် ပေါ်ပေါက်လာသော ရန်ကုန်တက္ကသိုလ်ကြီး ယခုဆို အနှစ် တစ်ရာတိုင်ခဲ့ပါပြီ။ သမိုင်းကောင်းများဖြင့် ပြည့်နှက်နေသော ရန်ကုန်တက္ကသိုလ်ကြီး နောင် နှစ်ပေါင်းများစွာတိုင် ရပ်တည်အောင်မြင်နိုင်ပါစေ။ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီးအဖြစ် ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ဖြစ်လာနိုင်ပါစေ။ တကယ့် အစစ်အမှန် ပညာတတ်မြောက်ပြီး ဂုဏ်သိက္ခာရှိသော ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင်ပါစေ။ နိုင်ငံရေး၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ အားကစားကဏ္ဍများတွင်လည်း ရှေးယခင်နှစ်များဆီကကဲ့သို့ ထူးခြားပြောင်မြောက်သူ များ ထွန်းတောက်လာနိုင်ပါစေကြောင်း ဆုတောင်းပေး လိုက်ရပါသည်။ ။
- Log in to post comments