
နေပြည်တော် ဩဂုတ် ၁၆
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့်စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထောက်ပံ့လှူဒါန်း
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ပြည်သူ့ ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသမှုခံယူနေသော လူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျန်းမာရေးဦးစီးဌာန ဆေးရုံနှင့် ကိုဗစ်စင်တာများ၌ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများ၊ မြိတ်မြို့ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ထားဝယ်မြို့နယ် သပြေချောင်း ကျေးရွာရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစု ဝင်များကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်အတွင်းရှိ အိမ်ထောင်စု ၂၀၀ တို့ အတွက် ဆန်၊ အလှူငွေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို လည်းကောင်း နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင် များက အသီးသီးသွားရောက် ထောက်ပံ့လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်