ကျန်းမာအောင်နေ တောက်ပြောင်အောင်ဆည်းပူး ကျေပွန်အောင်ကြိုးပမ်း

Type
uus

ကိုယဉ်ချစ်(မန္တလေး)

လူတိုင်း အသက်ရှင်ရပ်တည်နေရသည့်အချိန်၌ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများနှင့်ပြည့်စုံ၍ အေးချမ်းစွာဖြင့် လွတ်လပ်ပျော်ရွှင်စွာနေထိုင်လိုကြသူများချည်းဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး မတူညီကြသည့်ဘဝများတွင် ရည်ရွယ်ချက်ကိုယ်စီဖြင့် စား၊ ဝတ်၊ နေရေးအတွက် အလုပ်များကို လုပ်ကိုင်နေကြသည်။

မည်သူမဆို မည်သည့်ဘဝ၊ မည်သည့်အခြေအနေတွင် မည်သို့ရပ်တည်နေထိုင်ရသည်ဖြစ်စေ အဓိကအရေးမှာ ကျန်းမာရေးကောင်းမွန်နေရန် လိုအပ်ပါသည်။ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမည်၊ စိတ်ချမ်းသာမှ လိုရာခရီးပြီး‌မြောက်နိုင်သည်ဟု ဆိုရိုးစကားလည်းရှိခဲ့သည်။ ကျန်းမာမှ အလုပ် လုပ်နိုင်မည်။ အလုပ်လုပ်နိုင်မှ မိမိဘဝရပ်တည် ရှင်သန်ရေးကို စိတ်တိုင်းကျပြုလုပ်နိုင်မည် ဖြစ်သည်။ ရာထူးဂုဏ်ရှိန် ဥစ္စာဓနစည်းစိမ်များ မည်မျှပင် ပြည့်စုံနေသည်ဖြစ်စေ ကျန်းမာရေး မကောင်းပါက စိတ်သွားတိုင်းကိုယ်မပါဘဲ ဘဝခရီးလမ်းကို ချောမွေ့စွာ လျှောက်လှမ်းနိုင်မည်မဟုတ်ပါ။

ဗုဒ္ဓမြတ်စွာဘုရားက “အာရောဂျံ ပရမံ လာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်သည် ဟု ဟောကြားတော်မူခဲ့သည်။ ကျန်းမာရေးကောင်းမှသာ မိမိရရှိလိုသည့် ဥစ္စာပစ္စည်း စည်းစိမ်များကို အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်သည်။

ရဟန်းသံဃာများကို လှူဒါန်းကြသည့် ပစ္စည်းလေးပါးတွင် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟု ကျန်းမာရေးအတွက် အရေးပါသည့်ဆေးကို ထည့်သွင်းထားပါသည်။ ရုပ်တရားရှိသမျှ ဝေဒနာရှိ ကြောင်းနှင့် ကျန်းမာခြင်းသည် ကောင်းမြတ်သည့် မင်္ဂလာဖြစ်‌ကြောင်း မြတ်စွာဘုရားက မာဂဏ္ဍီ ပရဗိုဇ်ကြီးအား ဟောကြားတော်မူခဲ့သည်ကို နာကြားရပါသည်။

မြန်မာတို့သည် တစ်ဦးအပေါ်တစ်ဦး ဆုတောင်းမေတ္တာပို့သကြရာတွင်လည်း ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးရန်ကင်းကြပါစေဟု ကျန်းမာရေးကို ရှေ့ဆုံးမှထားပြီး မေတ္တာပို့ကြပါသည်။ မြန်မာလူမျိုးတို့သည် မိမိကိုယ်မိမိ ကျန်းမာရေးကောင်းလိုသကဲ့သို့ သူတစ်ပါးကိုလည်း ကျန်းမာစေ ချင်သောစိတ်ထားရှိကြသည်မှာ ထင်ရှားပါသည်။

ကျန်းမာအောင်နေ

ကျန်းမာခြင်းဆိုရာတွင် စိတ်ကျန်းမာရေးနှင့် ကိုယ်ကျန်းမာရေးဟု ‌နှစ်မျိုးသတ်မှတ်နိုင်ပါသည်။ စိတ်ကျန်းမာစေရန်မှာ မွန်မြတ်သန့်စင်ပြီး ကြည်လင်သောစိတ်ထားမွေးမြူခြင်း၊ မကောင်း သည့်စိတ်များ ဝင်မလာစေရန် သတိဖြင့်ဆင်ခြင် နေထိုင်ခြင်း၊ အများအပေါ်တွင် မေတ္တာထားခြင်း၊ ကိုယ်ချင်းစာစိတ်ဖြင့် နားလည်ပေးခြင်း၊ မတရား လောဘများကို ချုပ်တည်းထားခြင်း၊ ဖြစ်တတ် ပျက်တတ်သည့် မမြဲသောတရားသဘောကို ဆင်ခြင်အားထုတ်ခြင်းနှင့် စိတ်ညစ်ညူးစေမည့် ကိစ္စများကို ခေါင်းထဲမထည့်ခြင်း စသည်တို့ကို နှလုံးသွင်းနေထိုင်ခြင်းဖြစ်ပါသည်။

ကိုယ်ကျန်းမာစေရန်မှာ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုပြုနေထိုင်ခြင်း၊ ရေများများသောက်ခြင်း၊ ဆေးလိပ်၊ ကွမ်းယာ၊ ဘီယာအရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကိုမပြုခြင်း၊ လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်း၊ အစားအစာများကို သင့်တင့်မျှတအောင်စားသုံး ခြင်းနှင့် စိတ်ကိုခွန်အားဖြစ်စေမည့်စာပေများ ဖတ်ရှု၍အသိပညာဗဟုသုတများကို သင်ယူလေ့လာ ဆည်းပူးခြင်းများကို လုပ်ဆောင်သင့်ပါသည်။

သက်ရှိသတ္တဝါမှန်သမျှတို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုသည့် အကြောင်းတရားလေးပါး အပေါ်၌ တည်မှီ‌၍ အသက်ရှင်နေကြရသည်။ ကံဆိုသည်မှာ ကိုယ်၊ နှုတ်၊ စိတ်တစ်ခုခုဖြင့် ပြုလုပ် သည့်အမှု၊ ကောင်းကျိုး၊ ဆိုးကျိုးဖြစ်စေသော အကြောင်းတရားများဖြစ်ပါသည်။ ကံသည် ကမ္မ ဆိုသည့် ပါဠိစကားမှ ဆင်းသက်လာပြီး အဓိပ္ပာယ် မှာ အလုပ်ဖြစ်သည်။ ကောင်းမွန်သည့်အလုပ်ကို လုပ်ပါက ကောင်းကျိုးကိုခံစားရမည်ဖြစ်ပြီး မကောင်းသည့်အလုပ်ကိုပြုမိပါက ဆိုးကျိုးကိုသာ ခံစားရပါမည်။ စိတ်ဆိုသည်မှာ အာရုံကိုသိတတ်သော သဘောတရား၊ သဘောထားနှင့် စွဲလမ်းချက်ဖြစ်သည်။ စိတ်ကြည်လင်သန့်ရှင်းနေပါက ကျန်းမာရေးကို အထောက်အကူပြုစေပါသည်။

ဥတုဆိုသည်မှာ တစ်နှစ်ကို သုံးပိုင်းခွဲခြား၍ နွေ၊ မိုး၊ ဆောင်း ဟူသောကာလကိုဆိုပါသည်။ ဥတု သုံးပါးနှင့်ကိုက်ညီသည့် စားသောက်မှု၊ ဝတ်စား ဆင်ယင်မှု၊ နေထိုင်မှုများက ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းများဖြစ်ပါသည်။ အာဟာရ ဆိုသည်မှာ အစားအစာ၊ အသွေးအသား၊ အင်အား စသည်တို့ကို ဖြစ်စေတတ်သော သြဇာဓာတ်ဖြစ်သည်။ အသက်ရှင်ရပ်တည်နေထိုင်နိုင်ရေး အတွက် အစားအစာများကို နေ့စဉ်စားသုံးနေကြ သည်။ စားသောက်သည့်အစားအစာများက မိမိ၏ ကိုယ်ခန္ဓာ၊ ကျန်းမာရေးနှင့် သင့် မသင့်၊ ဘေး အန္တရာယ်ရှိ မရှိ ချင့်ချိန်စားသောက်တတ်ရန် လိုပါသည်။ အစားအသောက်မှား၍ ရောဂါဖြစ်ခြင်း၊ အသက်ဆုံးရှုံးရခြင်းများကို ကြားဖူး၊ ကြုံဖူးကြပါ လိမ့်မည်။ ထို့ကြောင့် ကျန်းမာရေးအတွက် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ကို သင့်တင့်မျှတအောင် သုံးစွဲကြရန်လိုပါသည်။

စိတ်ရောကိုယ်ပါ ကျန်းမာနေမှသာ မိမိ၏ ရည်မှန်းချက်များကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ပါမည်။ ကိုယ်ကျန်းမာသော်လည်း စိတ်မချမ်းသာရသူ၊ ကိုယ်လည်းမကျန်းမာ စိတ်လည်းမချမ်းသာသူများသည် လက်ရှိဘဝမှာရော အနာဂတ်ဘဝများအထိပါ ဆိုးကျိုးများကို ခံစားရတတ်ပါသည်။ တစ်နည်းအားဖြင့် စိတ်သွားတိုင်းကိုယ်မပါ ဆိုစကားကဲ့သို့ မပြည့်စုံသည့်ဘဝ ၌သာ ရှင်သန်နေရတတ်ပါသည်။ တစ်ကိုယ်‌ရေ ကျန်းမာရေးမှသည် မိသားစုကျန်းမာရေး၊ နိုင်ငံ သားတိုင်း၏ကျန်းမာရေး၊ လူသားတစ်ရပ်လုံး၏ ကျန်းမာရေးကောင်းမွန်ရေးက ရခဲလှသည့်လူ့ဘဝ တွင် အလွန်အရေးကြီးခြင်းကြောင့် လူတိုင်းကျန်းမာအောင်နေထိုင်ကြရမည်ဖြစ်ပါသည်။

တောက်ပြောင်အောင်ဆည်းပူး

လူတိုင်းသည် မိမိဘဝကို တိုးတက်အောင်မြင်မှုများဖြင့် ရပ်တည်လိုကြသည်။ တိုးတက်အောင်မြင် ခြင်း၏ အခြေခံအကြောင်းရင်းမှာ ပညာတတ်မြောက်ခြင်း၊ အလုပ်ကို ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်၍ ကြိုးစားလုပ်ကိုင်နိုင်ခြင်းနှင့် ခွန်အားစိုက်ထုတ် လုပ်ကိုင်ခြင်းတို့ဖြစ်သည်။ ပညာဆိုသည်မှာ ခွဲခြား သိမြင်နိုင်သော အသိဉာဏ်၊ အတတ်ဟု မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

အင်းဝခေတ်စာဆို ရှင်မဟာသီလဝံသက ပညာဟူသော်ကား အကျိုးအကြောင်း၊ အကောင်း အဆိုး၊ အကျိုးအပြစ်၊ တရားခြင်း၊ မတရားခြင်း၊ မှန်ခြင်း၊ မှားခြင်း၊ အကျိုးရှိခြင်း၊ အကျိုးမဲ့ခြင်း စသည်တို့ကို ခွဲခြားနိုင်စွမ်းရှိခြင်းဟု ဆိုခဲ့ပါသည်။ ပညာသည် လေ့လာသင်ယူဆည်းပူးခြင်းမှ ရရှိလာ သည့်အသိကိုအခြေခံ၍ ပိုမိုကောင်းမွန်လာရန် စဉ်းစားဆင်ခြင် လုပ်ကိုင်ဆောင်ရွက်မှုစွမ်းရည် ဖြစ်သည်။ ထိုစွမ်းရည်သည် အခက်အခဲပြဿနာများ ကြုံတွေ့လာရသည့်အခါတွင် လည်းကောင်း၊ ဘဝတိုးတက်အောင်မြင်မှုအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း တည်ငြိမ်စွာ ဖြေရှင်းဆောင်ရွက်နိုင်ပါသည်။

ပညာကို အသိပညာ (ဝိဇ္ဇာပညာ) နှင့် အတတ်ပညာ (အသက်မွေးမှုအတတ်ပညာ) ဟု ခွဲခြားနိုင် ပါသည်။ မျက်မှောက်ကာလတွင် နည်းပညာများ ထွန်းကားလာသဖြင့် နည်းပညာသည်လည်း အရေး ပါလာပါသည်။ အသိပညာ၏အခြေခံမှာ မိဘများ၏ သွန်သင်ပြသမှု၊ ကျောင်းစာသင်ယူခြင်းတို့မှ ရရှိနိုင်သည်။ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် တစ်ဦးနှင့်တစ်ဦး ပညာတတ်‌မြောက်မှုမတူညီဘဲ ကွာခြားသွားကြပါသည်။

ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာဆိုစကားအရ ပညာကို အရွယ်သုံးပါးစလုံးတွင် သင်ယူလေ့လာနေကြရပါမည်။ မည်သူမဆို မွေးကင်းစအရွယ်ကတည်းက ပညာအားလုံး တတ်မြောက်သူဟူ၍မရှိပါ။ အသက်အရွယ် အပိုင်းအခြားအလိုက် သင်ယူလေ့လာမှုများဖြင့် ဘဝကိုရပ်တည်နေကြရသူများသာဖြစ်ပါသည်။

ပထမအရွယ်၌ ကျောင်းစာများ သင်ယူတတ်‌မြောက်ပြီး၍ ဒုတိယအရွယ်တွင် စားဝတ်နေရေးအတွက် အလုပ်များလုပ်ကြရာ၌ လုပ်ငန်းခွင်နှင့်သက်ဆိုင်သည့် အတတ်ပညာများကို ဆက်လက် သင်ယူကြရပြန်ပါသည်။ ကျောင်းပညာရပ်များ မည်မျှပင် ထူးချွန်ထက်မြက်စေကာမူ လုပ်ငန်းခွင်၏ အတတ်ပညာများကို မဖြစ်မနေ သင်ယူကြရပါသည်။ မျက်မှောက်ကာလ၌ အသိပညာနှင့် အတတ်ပညာများကို သင်ယူလေ့လာကြရမည့်အပြင် တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်အညီ နည်းပညာရပ်များကိုပါ ပူးတွဲသင်ယူလေ့လာကြရန်လည်း လိုပါသည်။

အသိပညာကို ကျောင်းစာများတွင်သာ ဆည်းပူးနိုင်သည်မဟုတ်ဘဲ စာပေဖတ်ရှုလေ့လာ ခြင်း၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ သင်တန်းများ တက်ရောက်ခြင်းနှင့် တရားပွဲများမှ ရရှိနိုင်ပါသည်။ ရရှိလာမည့်အသိပညာများက အကောင်းအဆိုး၊ အကြောင်းအကျိုးများကို ဝေဖန်ပိုင်းခြားနိုင်ပြီး မိမိတို့ဘဝရှေ့ခရီးအတွက် အထောက်အကူများ ရစေပါသည်။

အတတ်ပညာများကို နှုတ်မှု၊ လက်မှုများမှ သင်ယူရပါမည်။ လုပ်ငန်းခွင်တွင် အလုပ်လုပ်နေရင်း လုပ်ဖော်ကိုင်ဖက်များထံမှလည်းကောင်း၊ လုပ်ငန်းအတွေ့အကြုံများမှလည်းကောင်း ပညာများ ထပ်မံရရှိနိုင်ပါသည်။ ရရှိလာသည့် စာတွေ့၊ လက်တွေ့ အတွေ့အကြုံများဖြင့် လုပ်ငန်းတိုးတက် အောင်မြင်အောင်‌ ဆောင်ရွက်နိုင်သကဲ့သို့ ထပ်မံတွေ့ကြုံလာရမည့် ပညာရပ်များကိုလည်း ဆက်လက် ဆည်းပူးလေ့လာသင်ယူနိုင်ပါသည်။ အလားတူ နည်းပညာရပ်များကို သင်ယူလေ့လာရန်မှာလည်း ထိုနည်းပညာများကြောင့် သင်ယူလေ့လာရန် မခက်ခဲနိုင်ပါ။ သင်ယူလိုစိတ်ရှိဖို့သာ လိုအပ်ပါသည်။

လူတိုင်းသည် တိုးတက်အောင်မြင်လိုကြသူ များသာဖြစ်ပါသည်။ တိုးတက်အောင်မြင်ရန် အတွက် ရှိနေသည့်အ‌ခြေအနေတွင် ရပ်တန့်မနေဘဲ သင်ယူလေ့လာမှုများကို ဆည်းပူးနေမှသာ တောက်ပြောင်သည့်ဘဝကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

ကျေပွန်‌အောင်ကြိုးပမ်း

လူ့ဘဝသို့ရောက်ရှိလာချိန်တွင် ရခဲလှသည့် လူ့ဘဝတွင် လူဖြစ်ရကျိုးနပ်အောင် ကြိုးစားအားထုတ် ကြရပါမည်။ စားဝတ်နေရေးအတွက် လူတိုင်းအလုပ် လုပ်ကြရသည်။ ကိုယ်ပိုင်အလုပ်၊ အစိုးရဌာနဆိုင်ရာ အလုပ်၊ သူတစ်ပါးထံတွင် လက်ခစားအလုပ် စသည့် အလုပ်များကို လုပ်ကိုင်ကြသည်။ မည်သည့်အလုပ်ကို လုပ်ကိုင်သည်ဖြစ်စေ၊ တာဝ‌န်ကျေပွန်အောင် လုပ်ကိုင်ကြရပါမည်။ တိုးတက်အောင်မြင်သူများသည် မည်သည့်အလုပ်ကိုမဆို အသေးအဖွဲဟု မသတ်မှတ်ဘဲ အလေးအနက်ထား၍ တာဝန်ကျေပွန်အောင် ထမ်းဆောင်သူများဖြစ်ကြပါသည်။

အလုပ်တစ်ခုကို လုပ်တော့မည်ဆိုလျှင် ဆောင်ရွက်ရမည့်တာဝန်နှင့် ဝတ္တရားများရှိလာသည်။ တာဝန်ဆိုသည်မှာ ဆောင်ရွက်ရန်အမှုကိစ္စ၊ ဝတ္တရား။ ဝတ္တရားဆိုသည်မှာ ဆောင်ရွက်အပ်သော အမှုကိစ္စဟု မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆို ထားသည်။ အနက်အဓိပ္ပာယ် တူသယောင်ဖြစ်သော်လည်း မတူညီပါ။ တာဝန်သည် တာဝန်ဖြစ်သည် (Duty is Duty) ဆိုသည့်အတိုင်း ပေးအပ်ခြင်းခံရသည်ဖြစ်၍ ကျေပွန်အောင် ထမ်းဆောင်ရမည် ဖြစ်သည်။ ဝတ္တရားမှာ ပေးဆပ်ရခြင်းဖြစ်၍ ပေးဆပ်နိုင်သမျှ ပေးဆပ်ရမည်ဖြစ်သည်။

သိင်္ဂါလသုတ်၌ မိဘဝတ်၊ သားသမီးဝတ်၊ ဆရာ့ဝတ်၊ တပည့်ဝတ်၊ လင့်ဝတ်၊ မယားဝတ်၊ မိတ်ဆွေဝတ်၊ သခင့်ဝတ်၊ ကျွန်ဝတ်၊ ရဟန်းဝတ်၊ ဒါယကာဝတ် စသည့်ကျင့်ဝတ်များကို ဖော်ပြထား သည်။ သင်္ဂဇာဆရာတော်ကြီးက သိင်္ဂါလောဝါဒ ဆုံးမစာတွင် “လှည်းဘီးပြင်က၊ နားစောင့်ချသို့၊ မိဘနှင့်သား၊ မယားနှင့်လင်၊ အရှင်နှင့်ကျွန်၊ထေရ်မွန် ဒကာ၊ မိတ်သဟာနှင့် ဆရာတပည့်၊ တည့်တည့် မချွတ်၊ ကျင့်ဝတ်စုံလင်၊ ဖြူသန့်စင်မူ၊ ရှင်လည်း မကွေ၊ သေလည်းမကွာ၊ နတ်ရွာလူ့ပြည်၊ လှည့်လည် အတူ၊ စံစားမူ၍၊ နိဗ္ဗူရွှေပြည်၊ ဝင်အံ့သည်တည့်၊ မတည်ကျင့်ဝတ်၊ ချွတ်သူတို့မှာ၊ မလွတ်သာသည်၊ လေးရွာဖို့လုံးလုံး လူဖြစ်ရှုံး”ဟု ဆုံးမခဲ့သည်။ ဆိုလိုသည်မှာ လှည်းဘီးကျွတ်မထွက်အောင် နားစောင့် ဖြင့် ထိန်းထားသကဲ့သို့ လူသားတိုင်းက လူ့ကျင့်ဝတ်များကို ထိန်းသိမ်းလိုက်နာရန် ဆုံးမခဲ့ခြင်းဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် လူတိုင်းသည် တိုးတက်အောင်မြင်လိုကြသည်။ တိုးတက်အောင် မြင်ရန် အရေးကြီးသည့်အချက်များသည် မိမိတို့ ရနေသည့် လူ့ဘဝခဏတာတွင် ကျန်းမာအောင်နေ၊ တောက်ပြောင်အောင်ဆည်းပူး၊ ကျေပွန်အောင် ကြိုးပမ်းနေထိုင်သွားကြရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ကိုးကား-

မြန်မာအဘိဓာန်၊ မြန်မာစာဦးစီးဌာန၊ ပညာရေး ဝန်ကြီးဌာန။

ဦးအောင်သိန်း (နန်းညွန့်ဆွေ) တည်းဖြတ်သည့် ဟံသာဝတီဆုံးမစာပေါင်းချုပ်။