
နေပြည်တော် မတ် ၂၁
ကြံခင်းမြို့ ရွှေတောင်စုရပ်ကွက်တွင် စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ မကျေနပ် ကြောင်းပြောသည့် အမျိုးသားတစ်ဦးကို ဖမ်းသွားရာမှ နာရီပိုင်းအတွင်း သေဆုံး ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန် သတင်းအမှားအား ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ၂၀၂၄ ခုနှစ် မတ် ၂၀ ရက် နံနက် ၉ နာရီတွင် ကြံခင်းမြို့ ရွှေတောင်စုရပ်ကွက် ၇ လမ်းတွင် အုပ်ချုပ် ရေးဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့် အဖွဲ့မှ လူဦးရေ ကျား၊ မ စာရင်းများ ကောက်ခံလျက်ရှိစဉ် ၎င်းလမ်းနေ ဦးသန်းထွန်းအေးက ပြည်သူ့စစ်မှုထမ်း စာရင်း လာကောက်သည်ဟု ထင်မြင်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်များအား ဆဲဆို၍ ရိုင်းပျသောအပြုအမူ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် သက်ဆိုင်ရာသို့ အဆင့်ဆင့် သတင်းပို့ဆောင်ရွက်ခဲ့ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံရှင်းလင်း ပြောပြခဲ့သော်လည်း လက်မခံသဖြင့် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက လာရောက် ခေါ်ဆောင်ခဲ့ရာ မလိုက်နိုင်ကြောင်း၊ ကိုယ်ဘာသာကိုယ် ရဲစခန်းလာခဲ့မည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ၎င်း၏ ဆိုက်ကားဖြင့် ရဲစခန်းသို့ရောက်ရှိလာ ခဲ့ပါသည်။ ထို့အတူ ၎င်း၏ အစ်မဖြစ်သူနှင့် တစ်ရပ်ကွက်တည်းနေ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ရဲစခန်းမှ တာဝန်ကျ တာဝန်မှူးဖြစ်သူ အမျိုးသမီးဒုရဲအုပ်ကဖြစ်စဉ်အားမေးမြန်းနေစဉ် မူလအတက် ရောဂါရှိသူ ဦးသန်းထွန်းအေးသည် အတက် ရောဂါဖြစ်ပွားခဲ့သဖြင့် တာဝန်မှူးက အစ်မဖြစ်သူနှင့် အဖော်တို့အား ပြန်လည် ခေါ်ဆောင်သွားရန် ခွင့်ပြုပေးခဲ့ပြီး အစ်မဖြစ်သူက ကျေးဇူးတင်ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား ကျေနပ် အောင် တောင်းပန်မည်ဖြစ်ကြောင်း ပြောဆို၍ ပါလာသောဆိုက်ကားဖြင့် ပြည်သူ့ဆေးရုံသို့ ၉ နာရီခွဲတွင် ရောက်ရှိ ခဲ့ပြီး ဆေးကုသမှုများခံယူနေစဉ် အတက် ရောဂါကြောင့် နံနက် ၁၁ နာရီခွဲခန့်တွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာများ သည် နိုင်ငံတော်အစိုးရ၏ နိုင်ငံသူ၊ နိုင်ငံသားများ ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ စစ်ပညာသင်ကြားတတ်မြောက်စေ ရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှု ထမ်းဆောင်နိုင်စေရန်အတွက် ရည်ရွယ်လုပ်ဆောင်နေမှုများကို ပျက်စီး စေရန် လုပ်ကြံသတင်းများ၊ ကောလာ ဟလသတင်းများကို ပြည်သူများ အထင် အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ ဝါဒ ဖြန့်ဝေလျက်ရှိသဖြင့် ပြည်သူများအနေ ဖြင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သတင်း အချက်အလက်များကို နိုင်ငံပိုင်မီဒီယာ များမှ ထုတ်လွှင့်နေသော ပြည်သူ့စစ်မှု ထမ်းဆိုင်ရာ အသိပညာပေးသတင်းများ၊ ထုတ်လွှင့်ချက်များနှင့် https://mod.gov.mm/node/74 တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါကြောင်း သတင်း ရရှိသည်။
သတင်းစဉ်