ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး

Type

 

မောင်မင်းဇံ

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် မဖြစ်မနေလုပ်ဆောင်ရမည့် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ အဂတိလိုက်စားမှုသည် အစိုးရကဏ္ဍ၌ သာမက ပုဂ္ဂလိက ကဏ္ဍတွင်လည်းဖြစ်ပွားပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစိုးရကဏ္ဍ အဂတိလိုက်စားမှုများသည် ပိုမိုများပြားပါသည်။ ပြည်သူလူထု၏ ယုံကြည်မှုကိုရရှိရန်နှင့်  အုပ်ချုပ်မှုယန္တရား  ကောင်းမွန်စွာ ထိထိရောက်ရောက်လည်ပတ်နိုင်စေရန်အတွက် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုတွင် ဖြောင့်မတ်တည်ကြည်မှု ကျင့်ဝတ်သည် အရေးပါလှသည်။ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာ စေရေးအတွက် အစိုးရဌာန၊ အဖွဲ့အစည်းများတွင် ဖြောင့်မတ်တည်ကြည်မှုရှိစေရေး ကျင့်ဝတ်ဆိုင်ရာ သင်တန်းများပေးခြင်းကို လက်သုံးကိရိယာတစ်ခုအဖြစ် အဓိကလေ့ကျင့်ပေးသင့်ပြီး အဂတိလိုက်စားမှု များပြားသော နိုင်ငံများတွင်သာမက အဂတိလိုက်စားမှုနည်းပါးသောနိုင်ငံများတွင်ပါ  ဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။ ကျင့်ဝတ်ဆိုင်ရာသင်တန်းများဖွင့်လှစ်ရေးကို နိုင်ငံအများစု၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာတွင် ထည့်သွင်းရေးဆွဲချမှတ်လုပ်ဆောင်ကြပြီး နိုင်ငံအချို့တွင်မူ ဖြောင့်မတ်တည်ကြည်မှု မဟာဗျူဟာနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများတွင် တာဝန်ယူဆောင်ရွက်မည့် အဖွဲ့အစည်း၊ အချိန်ကာလသတ်မှတ်ချက်များ၊ သုံးစွဲမည့်ငွေကြေးပမာဏများ အသေးစိတ် ဖော်ပြထားသော လုပ်ငန်းဆောင်ရွက်မှုအစီအမံများဖြင့် ထည့်သွင်းရေးဆွဲကြပါသည်။ 
 

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်


မိမိတို့နိုင်ငံ၌ ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို  ပြဋ္ဌာန်းကာ     အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို   ဖွဲ့စည်း တည်ထောင်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ပြည်တွင်း  ပြည်ပ ဌာန၊ အဖွဲ့အစည်းများဖြင့်  ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။   ကော်မရှင်အနေဖြင့်   အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် အဖြစ်ခံယူလျက်      အဂတိလိုက်စားမှုတားဆီး ကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အများပြည်သူ ကို  အသိပညာပေးခြင်းစသည့်    ကဏ္ဍသုံးရပ်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရပါသည်။ ဝန်ကြီး ဌာန/အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများမှ ဖွင့်လှစ်သော သင်တန်းများ၊    ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများတွင်     အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေး ပို့ချဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊  သတင်းစာ၊ ဂျာနယ်များ၊ ဆိုရှယ်မီဒီယာများနှင့် ဝက်ဘ်ဆိုက် များတွင် အသိပညာပေးဆောင်းပါးများ ရေးသား ဖော်ပြခြင်း၊  အသိပညာပေးဇာတ်လမ်းတိုများကို ရုပ်မြင်သံကြားမှထုတ်လွှင့်ခြင်း၊ ပညာရေးဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုနှင့် ဖြောင့်မတ် တည်ကြည်မှုဆိုင်ရာ ရည်ညွှန်းစာစောင်များ ပြုစု ထုတ်ဝေခြင်းများဖြင့် အသိပညာပေးရေးလုပ်ငန်းကိုလည်းကောင်း၊   ဝန်ကြီးဌာန/အဖွဲ့အစည်းများ တွင် အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုဆန်းစစ် ခြင်းကို အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ (Corruption Prevention Unit –CPU) များ က တာဝန်ယူဆောင်ရွက်ခြင်း၊ စစ်တမ်းများပုံမှန် ကောက်ယူခြင်း၊ ဝန်ဆောင်မှုရယူခဲ့သော   ပြည်သူ များ၏ တယ်လီဖုန်းများသို့  Short  Code “1111” အသုံးပြု၍   SMS   မှတစ်ဆင့်    ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့်     မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုရယူ၍ အဂတိလိုက်စားမှု တားဆီးကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊            တားဆီး ကာကွယ်ရေးဆိုင်ရာ   အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ ကို လည်းကောင်း၊ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ စုံစမ်းစစ်ဆေးအရေးယူခြင်းကို     လည်းကောင်း ဆောင်ရွက်လျက်ရှိသည်ကို ကော်မရှင်၏ သတင်း ထုတ်ပြန်ချက်များအရ သိရှိရပါသည်။ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းကိုလည်း မြန်မာနိုင်ငံမှ ၂၀-၁၂-၂၀၁၂ ရက်နေ့တွင်  ၁၆၅ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု ပါဝင်ခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း များကို ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက် ရှိပါသည်။  

 


ကျင့်ဝတ်ပြဋ္ဌာန်းချက်များ


ကျင့်ဝတ်များနှင့်စပ်လျဉ်း၍ ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့်    အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွင်  ကော်မရှင်၏      လုပ်ငန်းတာဝန်များ သတ်မှတ်ချက်များပြဋ္ဌာန်းရာ၌ ပုဒ်မ ၁၆ (ဋ)တွင် “အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ လုပ်ပိုင် ခွင့် အာဏာရှိသူများ၏ ရိုးသားဖြောင့်မတ်သည့် စိတ်ဓာတ်ကို ပိုမိုမြှင့်တင်ရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့တွင် ပြည်သူအများပါဝင်နိုင်ရေး အတွက် သင့်လျော်သော   အစီအမံများချမှတ်၍ ဆောင်ရွက်ခြင်း”ဟု ပြဋ္ဌာန်းထားပါသည်။ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး      ကွန်ဗင်းရှင်း အခန်း ၂၊ အပိုဒ် ၇၊ အပိုဒ်ခွဲ ၁(ဃ)တွင် “အများပြည်သူ ဆိုင်ရာလုပ်ငန်းတာဝန်များကို မှန်ကန်မှု၊ ဂုဏ်သိက္ခာ ရှိမှုနှင့် နည်းလမ်းတကျ    ထမ်းဆောင်မှုရှိစေရန် အတွက် သတ်မှတ်ထားသည့် လိုအပ်ချက်များကို ပြည့်မီစွာ စွမ်းဆောင်နိုင်စေရန်   အသိပညာပေး လုပ်ငန်းများနှင့် သင်တန်းအစီအစဉ်များကို တိုးမြှင့် ဆောင်ရွက်ပေးရန်နှင့်     ယင်းဝန်ထမ်းများက လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာ၌ ဖြစ်တတ် သော အဂတိလိုက်စားမှုအန္တရာယ်များနှင့် စပ်လျဉ်း ၍လည်း သိရှိနားလည်မှု တိုးတက်စေရန်အတွက် ဆီလျော်သည့်  အထူးပြုသင်တန်းများကိုလည်း ပံ့ပိုးဆောင်ရွက်ပေးရမည်။ ယင်းသို့ အစီအစဉ်များ ချမှတ်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာနယ်ပယ် ကဏ္ဍများ၌ အပြုအမူဆိုင်ရာစံနှုန်းများနှင့် ကျင့်ဝတ် ဥပဒေများကို ကိုးကား၍ ဆောင်ရွက်ပေးရမည်”ဟု ပြဋ္ဌာန်းသတ်မှတ်ထားပါသည်။

 


နိုင်ငံ့ဝန်ထမ်းနှင့် ကျင့်ဝတ်များ


နိုင်ငံ့ဝန်ထမ်းများလိုက်နာကျင့်သုံးရန်အတွက် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးနှင့် နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်များကို  ပြည်ထောင်စုရာထူးဝန် အဖွဲ့က ထုတ်ပြန်ပြဋ္ဌာန်းထားပါသည်။  ထို့အပြင် ဝန်ကြီး ဌာန/အဖွဲ့အစည်းများကလည်း မိမိတို့ဌာန/အဖွဲ့အစည်း၏      လုပ်ငန်းသဘောသဘာဝနှင့် ကိုက်ညီသည့် သီးခြားကျင့်ဝတ်များကို   ထုတ်ပြန် ပြဋ္ဌာန်းထားရှိပါသည်။    ၎င်းကျင့်ဝတ်များတွင် ဖြောင့်မတ်တည်ကြည်မှုရှိစေရန်နှင့်       အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို     အထောက်အပံ့ ဖြစ်စေသော ပြဋ္ဌာန်းချက်များ ပါရှိပါသည်။ 

 


သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းအရင်း


ကျင့်ဝတ်ဆိုင်ရာသင်တန်းများကြောင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးတွင်    ရေရှည်အကျိုး ဖြစ်ထွန်းလာသည်ကို နိုင်ငံများကအသိအမှတ်ပြုလာကြပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများက လည်း   နိုင်ငံများအနေဖြင့်   အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ   လုပ်ဆောင်ရာတွင် အစိုးရအရာရှိများအား ကျင့်ဝတ်ဆိုင်ရာအသိပညာ ပေးလုပ်ငန်းများကို ပုံဖော်မှုမှန်ကန်စေရန်အတွက် ကြိုးစားအားထုတ်လုပ်ဆောင်ကြရန် တွန်းအားပေး လုပ်ဆောင်လျက်ရှိပါသည်။        ကျင့်ဝတ်ဆိုင်ရာ သင်တန်းများဖွင့်လှစ်ရခြင်း၏   အဓိက  ရည်ရွယ် ချက်များမှာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရန်နှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူများအား ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်စေရန်တို့ ဖြစ်ပါ သည်။

 


အဂတိလိုက်စားမှုများ    များပြားစွာဖြစ်ပေါ် နေသောနိုင်ငံများတွင် အဂတိလိုက်စားမှုတိုက်ဖျက် ရေးအေဂျင်စီများ   ဖွဲ့စည်းတည်ထောင်ခါစအချိန် များ၌    အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ စိန်ခေါ်မှုများစွာ ကြုံတွေ့ရခြင်း၊ အခြားအရေးကြီး သော    ပြုပြင်ပြောင်းလဲမှုများစွာကို      ဦးစားပေး လုပ်ဆောင်နေရခြင်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် အတွေ့အကြုံများနည်းပါးခြင်း၊  အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင်    စုံစမ်းစစ်ဆေးအရေးယူခြင်း ကဲ့သို့သော     လျင်မြန်သည့် ရလဒ်ကို   ရယူလိုခြင်း စသည်တို့ကြောင့် ကျင့်ဝတ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ခြင်းကို       အစောပိုင်းကာလများတွင် လုပ်ဆောင်နိုင်ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။ 

 


သင်တန်းဖွင့်လှစ်ရန်အတွက် လိုအပ်ချက်များ


ကျင့်ဝတ်ဆိုင်ရာသင်တန်းအတွက် လိုအပ်ချက် များသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားခြားနား နိုင်သောကြောင့်       သင်တန်းအစီအစဉ်မစတင်မီ လိုအပ်ချက်များကို   ရှင်းရှင်းလင်းလင်းနားလည် သဘောပေါက်ထားရန် လိုအပ်ပါသည်။ သင်တန်းလိုအပ်ချက်အကဲဖြတ်ခြင်းသည်     သင်တန်း၏ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များချမှတ် နိုင်ခြင်းနှင့်   ကုန်ကျစရိတ်များအား    ထိရောက် သက်သာစေခြင်းများကို       ဖြစ်ပေါ်စေပါသည်။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုတွင်ရှိနေသော ဖြောင့်မတ် တည်ကြည်မှုအဆင့်အတန်း သို့မဟုတ်    အဂတိ လိုက်စားမှုအဆင့်အတန်းတို့ကို စစ်တမ်းကောက်ယူ ခြင်း သို့မဟုတ် လေ့လာမှုတစ်ခု ပြုလုပ်ခြင်းသည် လည်း  သင်တန်းလိုအပ်ချက်ကို အဖြေရှာရာတွင် အထောက်အကူပြုစေနိုင်ပါသည်။

 


ကျင့်ဝတ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ရာတွင် နိုင်ငံအလိုက် လူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာအရ    သင်ရိုးများကွဲပြားနိုင်ပါသည်။ နိုင်ငံ့ဝန်ထမ်းများကို ကျင့်ဝတ်သင်တန်း ပို့ချခြင်း သည် ရေရှည်ရင်းနှီးမြှုပ်နှံရသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး   ကုန်ကျစရိတ်  များပြားနိုင်သောကြောင့် သင်တန်းသင်ကြားမည့် ပုံစံဒီဇိုင်းကောင်းမွန်ရန်နှင့် ထိရောက်သော    သင်ရိုးညွှန်းတမ်းဖြစ်စေရေးမှာ အရေးကြီးပါသည်။        သင်တန်းပို့ချရန်အတွက် ဦးတည်အုပ်စုများ ရွေးချယ်ရန်သည်လည်း အရေး ပါသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။      နိုင်ငံ အများစုတွင် နိုင်ငံ့တာဝန်ကို စတင်ထမ်းဆောင်မည့် အစိုးရအရာရှိများ၊      အဆင့်မြင့်အရာရှိများနှင့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေများသော ဌာန/ အဖွဲ့ အစည်းများရှိအရာရှိများနှင့်   ဌာန/  အဖွဲ့အစည်း များရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနများမှ အရာရှိများအား ဦးတည်အုပ်စုအဖြစ် ရွေးချယ်၍ သင်တန်းပို့ချကြောင်း      သုတေသနတွေ့ရှိချက် များမှ သိရှိရပါသည်။      သီအိုရီသင်ခန်းစာများအား လက်တွေ့လုပ်ဆောင်လေ့လာထားသော ကိစ္စရပ် များ၊ အလုပ်ရုံဆွေးနွေးပွဲများဖြင့် ရောနှောသင်ကြား သည့် နည်းစနစ်များဖြင့်     သင်ကြားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။  သင်တန်း၏    အကျိုး ရလဒ်ကို ရေတိုကာလတွင်    မရရှိနိုင်သော်လည်း ရေရှည်ကာလတွင်မူ မြင်တွေ့နိုင်မည်ဖြစ်ပါသည်။ သင်တန်းဖွင့်လှစ်ရုံမျှဖြင့်       ကျင့်ဝတ်ဆိုင်ရာ အရည်အသွေးများ တိုးတက်လာနိုင်မည်မဟုတ်ဘဲ သင်တန်းမှရရှိလာသော    အတွေ့အကြုံများအား လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင်      အသုံးချရန် လည်း လိုအပ်ပါသည်။ 

 


သင်တန်းသားနှင့် သင်တန်းနည်းပြ ရွေးချယ်ခြင်း


သင်တန်းကုန်ကျစရိတ်အား ထိရောက်အကျိုး ရှိစွာ အသုံးပြုနိုင်ရေးနှင့်  သင့်တော်သော (ဥပမာ- အဂတိလိုက်စားမှုဖြစ်နိုင်ခြေများသော      ဌာန/အဖွဲ့အစည်းများမှ) သင်တန်းသားများ  ပါဝင်ရေး သည် အရေးကြီးသည့်အတွက် သင်တန်းသားရွေးချယ် ရာတွင်   ဂရုပြုရွေးချယ်ရမည်ဖြစ်သည်။   ထို့အတူ အရည်အသွေးကောင်းမွန်သော    သင်တန်းတစ်ခု 
ဖြစ်ရေးအတွက်   သင်တန်းနည်းပြရွေးချယ်ရေး သည်လည်း အရေးပါပါသည်။ သင်တန်းကို တာဝန်ယူ ထားသည့် အဖွဲ့အစည်းမှ   အမြဲတမ်းဝန်ထမ်းများ၊ 
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကျွမ်းကျင်သူများ၊ ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များ၊ သင်တန်း နည်းပြအဖြစ် ရွေးချယ်လေ့ကျင့်ပေးထားသူများကို သင်တန်းနည်းပြအဖြစ်   ရွေးချယ်လေ့ရှိပါသည်။ ထိရောက်သော သင်တန်းတစ်ခုဖြစ်စေရေးအတွက် ကျွမ်းကျင်မှု၊ ကျင့်ဝတ်ဆိုင်ရာ အသိပညာဗဟုသုတ ကြွယ်ဝမှုနှင့်  ခေတ်မီသင်ကြားနည်းစနစ်များကို အသုံးချနိုင်မှုတို့လည်း လိုအပ်ပါသည်။ 

 


စာသိကျင့်သိ


အခြားနိုင်ငံများနည်းတူ      မိမိတို့မြန်မာနိုင်ငံ သည်လည်း သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန် သော     အုပ်ချုပ်မှုစနစ်ဖြစ်ပေါ်လာရေးအတွက် အားသွန်ခွန်စိုက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက် လျက်ရှိပါသည်။  ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ပေါ်ပေါက်လာရေးအတွက် ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုမှာ အရေးပါသကဲ့သို့   နိုင်ငံ့ဝန်ထမ်းများ၏အခန်းကဏ္ဍမှာလည်း အရေးကြီးပါသည်။   နိုင်ငံ့ ဝန်ထမ်းများ၏ စည်းကမ်းလိုက်နာမှု၊ ဖြောင့်မတ် တည်ကြည်မှုရှိမှုနှင့်    ကျင့်ဝတ်စောင့်ထိန်းမှုတို့မှ လမ်းချော်လွဲမှားစေသည့်     အဓိကအချက်မှာ အဂတိလိုက်စားမှုပင်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများအဂတိလိုက်စားမှုများကြောင့်    နိုင်ငံတော်ပိုင် ငွေကြေးနှင့် ပစ္စည်းဥစ္စာဆုံးရှုံး၍ အုပ်ချုပ်မှုလုပ်ငန်း စဉ်များ  လျော့ရဲလာကာ   အစိုးရအပြောင်းအလဲ ဖြစ်သည်အထိ သက်ရောက်မှုရှိသည့် နိုင်ငံများကို မြင်တွေ့နိုင်ပါသည်။         နိုင်ငံ့ဝန်ထမ်းများသည် သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်း၊    ကျင့်ဝတ်များနှင့်အညီ    လိုက်နာ ဆောင်ရွက်ပါက ပြည်သူများ၏ ယုံကြည်မှုကို ရရှိ ပြီး ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ကို ဖြစ်ပေါ်စေ ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာမည်   ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများ ဖြောင့်မတ်တည်ကြည်မှုရှိစေရေး နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့တွင် ပူးပေါင်း ပါဝင်လာစေရေးအတွက်   ထုတ်ပြန်ပြဋ္ဌာန်းထား သော ကျင့်ဝတ်များသည်သာမက ကျင့်ဝတ်ဆိုင်ရာ သင်တန်းများသည်လည်း အရေးပါသောအခန်းကဏ္ဍ တစ်ခုဖြစ်ကြောင်း  လေ့လာတင်ပြအပ်ပါသည်။  ။


ကိုးကား-     
    Ethics Training for Public Officials (OECD)
    www.accm.gov.mm