
နိုင်ရိုဘီ မတ် ၁၈
မိုးခေါင်ရေရှားမှုကြောင့် ကင်ညာနိုင်ငံ၏ မိုးခေါင်ရေရှားအရပ်ဒေသများတွင် အာဟာရချို့တဲ့ပြီး ဆေးဝါး ကုသမှုခံယူရန် လိုအပ်သော အသက်ငါးနှစ်အောက် ကလေးများအပြင် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင် အရေအတွက် မှာ ၁ ဒသမ ၁ သန်းကျော်ရှိကြောင်း အမျိုးသားမိုးခေါင်ရေရှားစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (အင်န်ဒီအမ်အေ)က မတ် ၁၇ ရက်တွင် ပြောသည်။
မိုးခေါင်ရေရှားမှု ပိုမိုဆိုးရွားလာသည်နှင့်အမျှ မိုးခေါင်ရေရှားအရပ်ဒေသ ၂၂ ခုမှ ကလေးငယ်ပေါင်း ၉၇၀၂၁၄ ဦးခန့်မှာ အာဟာရချို့တဲ့မှု ဖြစ်ပွားနေ ကြောင်း၊ အဆိုပါအရေအတွက်မှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အာဟာရချို့တဲ့မှုဖြစ်ပွားသူ ၉၄၂၀၀၀ မှ တိုးလာခြင်းဖြစ်ကြောင်း အင်န်ဒီအမ်အေ က ပြောသည်။ မိုးခေါင်ရေရှားသည့် အရပ်ဒေသ တစ်ဝန်း အာဟာရချို့တဲ့ဖြစ်ပွားသူ ၉၇၀၂၁၄ ဦးမှာ အသက် ခြောက်လမှ ၅၉ လကြား ဖြစ်ကြောင်း နှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင် ၁၄၂၁၇၉ ဦး မှာ ဆေးဝါးကုသမှုခံယူရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကင်ညာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်သူ အရေအတွက်မှာ လက်ရှိတွင် ၄ ဒသမ ၄ သန်း ရှိကြောင်း အဆိုပါအဖွဲ့က ပြောသည်။ အဆိုပါ အရေအတွက်မှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်သူ ၄ ဒသမ ၂ သန်းမှ မြင့်တက်လာခြင်း ဖြစ်သည်။
မိုးခေါင်ရေရှားသည့် အရပ်ဒေသတစ်ဝန်း စားကျက်နှင့် ရေအရင်းအမြစ် လျော့နည်းလာမှု ကြောင့် ကုလားအုတ်များ၊ ကျွဲနွားများ၊ ဆိတ်များနှင့် သိုးများစသည့် မွေးမြူရေးတိရစ္ဆာန်များ သေဆုံးမှုမှာ လည်း ၂ ဒသမ ၆၁ သန်းအထိ မြင့်တက်လာ ကြောင်း သိရသည်။
ဆင်ဟွာ