
မြိတ် စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက မင်းသန်း-မောင်းလှော်ကျေးလက်တံတား တည်ဆောက်ရေးစီမံကိန်းကို ဆောင်ရွက်လျက် ရှိရာ ယခုအခါ တံတားတည်ဆောက်မှု ၃၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ သိရသည်။
ကျွန်းစုမြို့နယ်နှင့် မြိတ်မြို့နယ်ကို ဆက်သွယ်ပေးမည့် မင်းသန်း-မောင်းလှော် ကျေးလက်တံတားတည်ဆောက်ရေးစီမံကိန်းအတွက် ခန့်မှန်းစီမံကိန်းတန်ဖိုး ငွေကျပ် သန်းပေါင်း ၁၃၆၅၀ အပါအဝင် ချဉ်းကပ်လမ်းအတွက် ငွေကျပ်သန်းပေါင်း ၁၄၁၀ အကုန်အကျခံတည်ဆောက်နေခြင်းဖြစ်သည်။
တံတားအရှည်စုစုပေါင်း ပေ ၂၁၀၀ (မီတာ ၆၄၀) ရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၂ ပေ (၆ ဒသမ ၇၀ မီတာ)ရှိကာ ရေလမ်းကင်းလွတ်အကျယ် ၁၆၄ ပေ (မီတာ ၅၀)နှင့် ရေလမ်းကင်းလွတ်အမြင့် ၂၆ ပေ (၈ မီတာ)ရှိ၍ တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်ကြောင်း၊ တံတားခန်းဖွင့်အနေဖြင့် မီတာ ၂၀ တစ်ခန်း၊ မီတာ ၃၀ ကိုးခန်း၊ မီတာ ၆၀ တစ်ခန်း၊ မီတာ ၃၀ ကိုးခန်းနှင့် မီတာ၂၀ တစ်ခန်းတို့ဖြင့် ပါဝင် ဖွဲ့စည်းတည်ဆောက်ထားသည်။ တံတားအောက်ခံ အုတ်မြစ်များကို အချင်း ၁ ဒသမ ၂ မီတာ ရှိသည့် ဘိုးပိုင်များဖြင့် တည်ဆောက်ထားကာ တံတား ကိုယ်ထည်မှာ R.C ကွန်ကရစ်ဖြစ်၍ တံတား အပေါ်ထည်အား R.C Girder ၊ P.C Girder ၊ Steel Box Girder & R.C Slab ဖြင့် တည်ဆောက်သွားမည် ဖြစ်သည်။
လက်ရှိအနေအထားအရ တံတားအောက်ခြေ အုတ်မြစ်လုပ်ငန်းနှင့် တိုင်လုပ်ငန်းများ ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။ လာမည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လအထိ) တွင် ကျန်ရှိသေးသည့် မောင်းလှော်ဘက်ကမ်း ရေလယ်တိုင်များနှင့် ကမ်းကပ်ခုံများ တည်ဆောက် သွားမည်ဖြစ်ကာ မင်းသန်းဘက်ကမ်း၌ ကွန်ကရစ် ရက်မများ တပ်ဆင်ခြင်းနှင့် ကြမ်းခင်းများ တည်ဆောက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တံတားဦးစီးဌာန တည်ဆောက် ရေးအဖွဲ့(၄)မှ သိရသည်။
အဆိုပါ တံတားသစ်တည်ဆောက်ပြီးစီးပါက ဒေသခံများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နှင့်စီးပွားရေးကိစ္စရပ်များကို နေ့ည အချိန်မရွေး လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အချိန်ကုန်သက်သာစွာဖြင့် ဖြတ်သန်းသွားလာ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်းကြောင့် ဒေသဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။ တံတားသစ် တည်ဆောက်ရေးစီမံကိန်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ရာ ရန်ပုံငွေရရှိမှုပေါ်မူတည်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ တည်ဆောက်မှုပြီးစီးရန် ခန့်မှန်း လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
သတင်း - ပွင့်သစ္စာ
ဓာတ်ပုံ - စိုးမြင့်အောင်