ကျွန်းစုမြို့နယ်၌ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းဖွင့်

 

တနင်္သာရီ မတ် ၂၇


တနင်္သာရီတိုင်းဒေသကြီး   ကျွန်းစုမြို့နယ်   ရေကန်အော်ကျေးရွာတွင် မဟာဓာတ်အားလိုင်းပြင်ပ      အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲကို မတ် ၂၆ ရက်က ကျင်းပသည်။

 


ဖွင့်ပွဲတွင် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ကျော်က ဆိုလာစနစ် ၁၃၄ ဒသမ ၄ ကီလိုဝပ်နှင့် အရန်ဒီဇယ်စနစ်ဖြင့် ၁၂၀ ကီလိုဝပ် ပါဝင်သော ဆိုလာ-ဒီဇယ် ပေါင်းစပ်စနစ် အမျိုးအစားကို တင်ဒါအောင်မြင်သည့်   ကုမ္ပဏီက    တာဝန်ယူတည်ဆောက်ခဲ့ပြီး နိုင်ငံတော်မှ ဘတ်ဂျက် ၆၀ ရာခိုင်နှုန်း၊ ကျေးရွာပြည်သူများမှ ၂၀ ရာခိုင်နှုန်းနှင့်    လုပ်ငန်းဆောင်ရွက်သည့်   ကုမ္ပဏီမှ  ၂၀  ရာခိုင်နှုန်း ထည့်ဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ကျေးရွာတွင် အိမ်ခြေ ၄၆၀ ရှိပြီး ယခုအခါ စီမံကိန်းက ကျေးရွာရှိ အိမ်ခြေ ၃၀၀ ကို  အကျိုးပြု  ဓာတ်အား ပေးလျက်ရှိကြောင်း၊ Solar Mini Grid  မီးလင်းရေးအဖြစ် အဆင့်မြှင့် တင်ဆောင်ရွက်ခဲ့ခြင်းကြောင့် အိမ်သုံး တစ်ယူနစ်လျှင် ၅၀၀ ကျပ်နှုန်း ဖြင့် ၂၄ နာရီ မီးမပြတ်ဘဲ ဈေးနှုန်းသက်သာစွာ မီးသုံးစွဲလာနိုင်ကြောင်း ပြောကြားသည်။ 

 


 ဆက်လက်၍     ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက မိမိတို့ဌာန အနေဖြင့် အသေးစားဓာတ်အားစနစ်စီမံကိန်း လုပ်ငန်းပေါင်း ၃၄ ခု ဆောင်ရွက်ခဲ့ရာ    ကျွန်းစုမြို့နယ်    ရေကန်အော်ကျေးရွာသည်    ၃၁ ခုမြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျေးလက်နေပြည်သူများအတွက် ဆိုလာ စနစ်မီးလင်းရေး ရေရှည်တည်တံ့အောင်မြင်စေရေးနှင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးနှင့်  စီးပွားရေးလုပ်ငန်းကို ပိုမိုလုပ်ဆောင်နိုင်ရေး ဆက်လက်ကြိုးစားအားထုတ်စေလိုကြောင်း ပြောကြားပြီး တာဝန်ရှိသူ များက မီးလင်းရေးလုပ်ငန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကျေးရွာရှိ အသေးစားလုပ်ငန်း ခြောက်ခု၊ တစ်ပိုင်တစ်နိုင်လုပ်ကိုင်သည့်လုပ်ငန်း ၂၀ နှင့် ကျေးရွာအတွင်း လျှပ်စစ်မီးသွယ်တန်းထားရှိမှုများကို လှည့်လည် ကြည့်ရှုခဲ့သည်။                                            

 

ကိုပြည့်(ကျေးလက်)