
ကျွန်းစု ဒီဇင်ဘာ ၃၁
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်အတွင်းမှ ထွက်ရှိသည့် ပင်လယ်ထွက်ကုန်တစ်မျိုးဖြစ်သော ဂျင်း(ပင်လယ်ခရုအနွယ်ဝင်)များကို ထိုင်းနိုင်ငံမှ ဈေးကောင်းပေးဝယ်ယူမှု များပြားလာသည့်အတွက် ယခင်က တစ်ပိုင်တစ်နိုင် မွေးမြူလုပ်ကိုင်နေရာမှ စီးပွားဖြစ်မွေးမြူသူများလာပြီး ယခုနှစ်တွင် ယခင် နှစ်များထက် ဂျင်းမွေးမြူသူ သုံးဆခန့်အထိ ပိုမို များပြားလာကြောင်း ရေကန်တောင်ကျေးရွာအုပ်စု အတွင်းရှိ ဂျင်းမွေးမြူရောင်းချသူများထံမှ သိရ သည်။
ပင်လယ်ထွက်ကုန်တစ်မျိုးဖြစ်သော ဂျင်းများ သည် ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ကျွန်း ကျေးရွာများတွင် အများစုထွက်ရှိပြီး ယခင်က ပင်လယ်ကမ်းစပ်တစ်လျှောက်နှင့် မြစ်ကမ်းစပ် တစ်လျှောက် သဘာဝအလျောက်တွေ့ရှိသည့် ဂျင်း များကိုသာ ကောက်ယူရောင်းချခဲ့ရာမှ သဘာဝဂျင်း များကို ကောက်ယူသူများပြားလာသည့်အပြင် ပြည်တွင်းသာမက ထိုင်းနိုင်ငံကပါ ဈေးကောင်းပေး ဝယ်ယူလာသောကြောင့် တစ်ပိုင်တစ်နိုင် ဂျင်း မွေးမြူရေးလုပ်ငန်းများကို စတင်လုပ်ကိုင်လာခဲ့ ကြရာမှ ယခုအခါ စီးပွားဖြစ်မွေးမြူသူ ပိုမိုများပြား လာကြောင်း သိရသည်။
“အရင်က တစ်ကီလိုကို ကျပ် ၄၈၀၀ ရှိရာကနေ အခုနှစ်မှာ ကျပ် ၆၅၀၀ အထိ ဈေးကောင်းလာပါ တယ်။ ထိုင်းနိုင်ငံက အဓိကဝယ်ယူနေတဲ့အတွက် ထိုင်းနိုင်ငံကိုပဲ တင်ပို့ပေးနေတာများပါတယ်။ မောတောင်ကုန်သွယ်မှုနဲ့ ကော့သောင်း- ရနောင်း ကုန်သွယ်မှုလမ်းကြောင်းတွေကနေ တင်ပို့ပေးနေရ တယ်။ နိုင်ငံတော်အစိုးရက လုပ်ငန်းရှင်တစ်ဦးကို ဧက ၃၀ အထိ လိုင်စင်ချထားပေးတယ်။ မွေးမြူခွင့် လည်း ပေးနေပါတယ်။ ပင်လယ်ကမ်းခြေနဲ့ ဒီရေတောကမ်းခြေတွေမှာ အဓိက မွေးမြူအောင်မြင် နိုင်ပါတယ်။ နုံးများတဲ့ ရွှံ့ကမ်းစပ်တွေမှာသာ အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ဂျင်းကောက်တဲ့ သူတွေကတော့ တစ်ကီလိုကို ကျပ် ၁၀၀၀ အထိ လုပ်အားခရရှိတဲ့အတွက် တစ်နေ့ကို ကျပ် ၂၀၀၀၀ အထိ ဝင်ငွေရှိပါတယ်”ဟု ကျွန်းစုမြို့နယ် ရေကန် တောင်ကျေးရွာမှ ဂျင်းမွေးမြူရေးလုပ်ငန်း လုပ်ကိုင် နေသူတစ်ဦးက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းစု၊ ပုလော၊ ဘုတ်ပြင်း စသည့်မြို့နယ်များမှ ထွက်ရှိ သော ဂျင်းများကို မောတောင်မြို့နှင့် ကော့သောင်း နယ်စပ်ဂိတ်များမှတစ်ဆင့် ကုန်းလမ်း၊ ရေလမ်းခရီး ဖြင့် ထိုင်းနိုင်ငံရှိ ဂျင်းအဝယ်ဒိုင်ကြီးများသို့ တင်ပို့ ရောင်းချပြီး ထိုင်းနိုင်ငံအတွင်းတွင် စားသုံးသူပိုမိုများပြားကြောင်းနှင့် အဆိုပါဂျင်းများကို အချဉ်ရည် တစ်မျိုးဖြင့် အစိမ်းတို့စားကြကြောင်း သိရသည်။
“ဂျင်းကို တစ်နှစ်ပတ်လုံးမွေးနိုင်ပြီး ဂျင်းသား ပေါက်ကနေ ဈေးကွက်ဝင်တဲ့ အရွယ်အစားရှိတဲ့ အချိန်အထိ ခြောက်လ၊ ခုနစ်လ မွေးမြူရပါတယ်။ ဂျင်းသားပေါက်တွေကို ဘုတ်ပြင်း၊ ကျွန်းစုနဲ့ ပုလော မြို့နယ်တွေက သဘာဝဂျင်းကုန်းတွေမှာ လိုက်လံ ဝယ်ယူပြီး မိမိတို့မွေးမြူခွင့်ရတဲ့ ကမ်းစပ်တွေမှာ ပြန်လည်မွေးမြူလို့ရတယ်။ ဒေသခံကော်မတီတွေက ဂျင်းသားပေါက်တွေကို ဈေးနှုန်းသတ်မှတ်ပြီး မွေးမြူရေးလုပ်ငန်းရှင်တွေကို ပြန်လည်ဝယ်ယူခွင့် ပေးတာဖြစ်ပါတယ်။ ဂျင်းသားပေါက်တွေ ပေါက်ပွားမှု မှာ ပင်လယ်ရေစီးကြောင်းအတိုင်း မျောပါလာတဲ့ ဂျင်းဖိုမဟိုမုန်းတွေကတစ်ဆင့် မျိုးပွားတာဖြစ် ပါတယ်။ သဘာဝအလျောက် ဂျင်းသားပေါက် ပေါက်ပွားနေတဲ့နေရာတွေကို တာဝန်ရှိသူတွေနဲ့ ဒေသခံကော်မတီတွေ ထိန်းသိမ်းထားပြီး လုပ်ငန်း ရှင်တွေကို သားပေါက်တွေ ပြန်လည်ရောင်းချပေးပါ တယ်”ဟု ပုလောမြို့နယ် ပင်လယ်ကမ်းစပ်၌ ဂျင်းမွေးမြူရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ပင်လယ်ရေထွက်ကုန် ဂျင်းမွေးမြူခြင်းလုပ်ငန်း ကို ကျွန်းစုမြို့နယ်အတွင်း ပင်လယ်ကမ်းစပ် တစ်လျှောက်ရှိ ရေကန်တောင်၊ ရေအေး၊ ကလိန်ဘဲ၊ သဲချောင်း၊ စခန်းသစ်၊ ရေကန်အော်၊ ပန်းဇင်၊ မင်းချမ်းတောင်၊ ကတန်၊ ပရည်ကျွန်းနှင့် မအိုင် စသည့် ကျေးရွာများ၌ အဓိကလုပ်ကိုင်ပြီး ပုလော မြို့နယ်အတွင်းမှ လက္ကူး၊ ပိတပ်၊ ကင်းဖြူ၊ ကျောက္ကာအုပ်စုနှင့် ပလမြို့တို့ရှိ ကမ်းခြေ တစ်လျှောက်နှင့် ဒီရေတောကမ်းစပ်များတွင်လည်း အဓိကထားမွေးမြူကြကြောင်း သိရသည်။ ထို့ပြင် ဘုတ်ပြင်းမြို့နယ်၌လည်း ကုန်းနှင့် ဆက်စပ်နေ သည့် ကမ်းခြေတစ်လျှောက်တို့တွင် မွေးမြူ လုပ်ကိုင်ကြကြောင်းနှင့် ယခင်နှစ်ကထက် ယခုနှစ် တွင် ထိုင်းနိုင်ငံက ဈေးကောင်းပေးဝယ်ယူလာ သည့်အတွက် ဒေသအတွင်း ဂျင်းမွေးမြူရေး လုပ်ကိုင်သူလည်း ပိုမိုများပြားလာကြောင်း ဒေသခံ ဂျင်းမွေးမြူသူများထံမှ သိရသည်။
မြင့်ဦး(မြိတ်)