
ကန့်ဘလူ စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူ မြို့နယ်တွင် စက်တင်ဘာ ၁၈ ရက် ည ၁၁ နာရီခန့်မှ စတင်၍ မိုးများသည်းထန်းစွာ ရွာသွန်းခဲ့မှုကြောင့် မြောက်ချောင်း ရေပြည့်ရေလျှံကာ ကန့်ဘလူ- ကျွန်းလှ လမ်းပိုင်း ကန့်ဘလူမြို့နယ် လိတ္ထူကျေးရွာ မြောက်ဘက် မိုင်တိုင်အမှတ် (၁၉ /၄ နှင့် ၁၉ /၆)ကြား ကားလမ်းမပေါ်ရေကျော်ကြောင်း သိရသည်။
“ရေက မနက် ၆ နာရီလောက်ကတည်းက ကားလမ်းမပေါ် ရေကျော်နေတာပါ။ ၁၁ နာရီခွဲ လောက်ဆိုရင် ကားကြီးတွေနဲ့ ဆိုင်ကယ်တွေ ဖြတ်ကူးလို့ ရပါတယ်။ ညနေပိုင်းလောက်ဆိုရင် ခြေချင်းဝတ်မြုပ်ရုံပဲ ရှိတော့တာပါ။ မြေနိမ့်ပိုင်း မှာရှိတဲ့ လူနေအိမ်အချို့ ရေဝင်ရောက်မှုရှိပေမယ့် ထိခိုက်မှု မရှိပါဘူး။ စိုက်ပျိုးထားတဲ့ လယ်နဲ့မြေပဲခင်း အချို့ ထိခိုက်ပျက်စီးနိုင်ပါတယ်။ ရေထွက်ပေါက် ကျဉ်းတဲ့အတွက် ရေကျော်မှုဖြစ်ရတာပါ။ ဩဂုတ်လ က တစ်ကြိမ်၊ ယခုလမှာ နှစ်ကြိမ် ရှိသွားပြီ။ မိုးများ ရင် ဒီနေရာက အမြဲရေကျော်နေတာပါ”ဟု လိတ္ထူ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်က ပြောသည်။
အဆိုပါ ရေကျော်နေမှုကြောင့် ခရီးသွားပြည်သူ များ၏ ကားများ၊ ဆိုင်ကယ်များ ဖြတ်သန် သွားလာ နိုင်ရေး ဒေသခံပြည်သူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြောင်းနှင့် ခရိုင်နှင့်မြို့နယ် ဌာန ဆိုင်ရာ တာဝန်ရှိသူများကလည်း ရေကျော်မှု ကင်းဝေးစေရန် တံတားတည်ဆောက်နိုင်ရေး မြေနေရာများ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)