ကမ်းပြိုကာကွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

 

ပန်းတောင်း  ဇွန်   ၁၉


ပဲခူးတိုင်းဒေသကြီး    ပြည်ခရိုင် အတွင်း ကမ်းပြိုကာကွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို  တိုင်း ဒေသကြီးဝန်ကြီးချုပ် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ က ဇွန် ၁၈ ရက်တွင် ကွင်းဆင်း စစ်ဆေးသည်။

 


တိုင်းဒေသကြီး ဝန်ကြီးချုပ် သည် ပန်းတောင်းမြို့နယ် ကျွဲရဲ ကျေးရွာ၌ တိုင်းဒေသကြီးအစိုးရ အဖွဲ့   ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၅၀ ဖြင့် ဆောင်ရွက်လျက်ရှိသော ဘူးရိုးချောင်း ကမ်းပြိုကာကွယ် ရေးလုပ်ငန်း   ဆောင်ရွက်နေမှု အခြေအနေကို   လည်းကောင်း၊  တောင်ဘွေကျေးရွာ   အုပ်စုရှိ ဧရာဝတီမြစ်ကမ်းဘေး   မြေနု ကျွန်းပေါ်၌ မိုးနေကြာမျိုးစေ့ထုတ် သီးသန့်စိုက်ခင်း   ၂၄  ဧကနှင့် မြောင်ရှည်ကျေးရွာ၌ မိုးနှမ်း ကိုး ဧက စိုက်ပျိုးအောင်မြင်နေမှုကိုလည်းကောင်း  ကြည့်ရှုအားပေး ပြီး စိုက်ပျိုးရေးနှင့် ပတ်သက်၍ ရာသီအလိုက် ဒေသနှင့်ကိုက်ညီ သော အထွက်ကောင်းမျိုးများ ရရှိရေးဆောင်ရွက်ရန်နှင့်   သိပ္ပံ နည်းကျ   စိုက်နည်းစနစ်များ အသိပညာပေးရန်  တာဝန်ရှိသူ များအား မှာကြားသည်။ 

 


ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်       အဖွဲ့သည် တောင်နဝင်းဆည်မှ  ရေပိုရေလျှံ များ လေလွင့်ဆုံးရှုံးမှုမရှိရေးနှင့်  ၂၀၂၂-၂၀၂၃ နွေစပါးတိုးချဲ့ စိုက်ပျိုး နိုင်ရေး  CL-13(A-1)   ရေပေး မြောင်းအရှည်ပေ ၂၀၀၀ ပြန်လည် ပြုပြင်နေမှုကို  ကြည့်ရှုစစ်ဆေး ခဲ့ပြီး    ဒေသခံတောင်သူများ အတွက်     အလွန်အကျိုးရှိပြီး   နွေစပါးတိုးချဲ့   စိုက်ပျိုးနိုင်ရေး အတွက် အမှန်တကယ်  လိုအပ် သော    ရေပေးမြောင်းဖြစ်၍  သတ်မှတ်စံချိန်   စံညွှန်းများနှင့် အညီ အချိန်မီပြီးစီးရေး တာဝန် ရှိသူများအား မှာကြားသည်။

 


တိုင်းဒေသကြီး  ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ပြည်မြို့နယ် မှော်ဇာ ကျေးရွာ၊   ပေါက်ခေါင်းမြို့နယ် ငါးခူအိုင်ကျေးရွာအုပ်စုနှင့် အင်ငါးခွ ကျေးရွာအုပ်စုတို့၌ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကိုလည်း    သွားရောက်ကြည့်ရှု စစ်ဆေးကာ ဒေသခံတောင်သူများ ၏ လိုအပ်ချက်များနှင့်ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင် ရွက်ပေးသည်။  

 

တင်စိုး (ပဲခူး)