
ဖနောင်ပင် ဇွန် ၂၄
ကမ္ဘောဒီးယားနိုင်ငံ၌ ဇွန် ၅ ရက်က ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဒေသန္တရရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီဖြစ်သည့် ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၏ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)က အနိုင်ရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားရွေးကောက်ပွဲကော်မတီက ဇွန် ၂၄ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာသည်။
လာမည့် ငါးနှစ်တာသက်တမ်းကာလအတွက် နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒနယ်ပေါင်း ၁၆၅၂ နေရာတွင် ဒေသန္တရ ကောင်စီဝင် ၁၁၆၂၂ နေရာအတွက် ပါတီ ၁၇ ခုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ကမ္ဘောဒီးယား ပြည်သူ့ပါတီသည် ၉၃၇၆ နေရာ (၈၀ ဒသမ ၆ ရာခိုင်နှုန်း) အနိုင်ရရှိခဲ့သည်။ အဓိက အတိုက်အခံ ပါတီတစ်ခုဖြစ်သည့် ကန်ဒယ်လိုက်တ်ပါတီက ၂၁၉၈ နေရာ(၁၈ ဒသမ ၉ရာခိုင်နှုန်း)၊ ဖန်စင်ပက်ပါတီက ၁၉ နေရာ၊ ခမာအမျိုးသားညီညွတ်ရေးပါတီက ၁၃ နေရာ၊ အခြေခံလူတန်းစား ဒီမိုကရက်တစ်ပါတီ က ခြောက်နေရာ၊ ကမ္ဘောဒီးယားမျိုးချစ်ပါတီက ငါးနေရာ၊ ကမ္ဘောဒီးယားလူငယ်ပါတီက သုံးနေရာ၊ ကမ်ပူချီနီယွမ်းပါတီနှင့် ဘီးဟိုက်ဆိုရှယ်ဒီမိုကရက် တစ်ပါတီတို့က တစ်နေရာစီ အနိုင်ရရှိခဲ့ကြောင်း အမျိုးသားရွေးကောက်ပွဲကော်မတီက ထုတ်ပြန်သည်။
အဆိုပါ ရွေးကောက်ပွဲတွင် မဲပေးသူ ဦးရေ ၇ ဒသမ ၃၉ သန်းရှိခဲ့ပြီး မဲဆန္ဒရှင်စုစုပေါင်း ၉ ဒသမ ၂ သန်း၏ ၈၀ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း၊ ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာဖြင့် အောင်အောင် မြင်မြင် ကျင်းပနိုင်ခဲ့ပြီး ဆူပူဆန္ဒပြမှုများမရှိဘဲ လုံခြုံရေး၊ ဘေးကင်းရေးနှင့် စည်းမျဉ်းစည်းကမ်း များကို ပြည်သူများအနေဖြင့် ကောင်းမွန်စွာလိုက်နာ ဆောင်ရွက်ခဲ့ကြကြောင်း အမျိုးသားရွေးကောက်ပွဲ ကော်မတီဥက္ကဋ္ဌ ပရတ်ချန်းက ပြောကြားသည်။
ဒေသန္တရရွေးကောက်ပွဲသည် ၂၀၂၃ ခုနှစ် ဇူလိုင် လတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးပါတီများ၏ လူကြိုက်များမှု အတွက် အကြိုစမ်းသပ်မှုပင်ဖြစ်သည်။
ဆင်ဟွာ