
ရဲယံ
ရာသီအလိုက် ပန်းများဖူးပွင့်ရာ၊ စိမ်းလန်းသောတောင်တန်းများတည်ရှိရာ၊ မြစ်ချောင်း အင်းအိုင်များ များစွာတည်ရှိရာ၊ သဘာဝသယံဇာတများ ကြွယ်ဝရာ အမိနိုင်ငံတော်ကြီးသည် အနှိုင်းမဲ့ပင်။ အမိမြန်မာနိုင်ငံသည် နိုင်ငံသားများ အေးချမ်းစွာ ရှင်သန်နေထိုင်နိုင်ရန် ပြည့်စုံစွာတည်ရှိနေသည်။ ကမ္ဘာတွင် မြန်မာ တည်ရှိနေမှုကို လေ့လာသည့်အခါ ပထဝီအနေအထားအရ ကမ္ဘာကြီး၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ပေါင်းကူးပေးထားသည့် အရှေ့တောင်အာရှတွင် မဟာဗျူဟာကျကျ တည်ရှိနေသည်။ ထို့အတူ အာရှတိုက်တောင်ပိုင်း အိန္ဒိယနှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်အကြား၌လည်း တည်ရှိနေသည်။
ကမ္ဘာ့မြေပေါ်တွင် ပထဝီအနေအထားအရ နိုင်ငံတည်ရှိနေမှုကို ပြုပြင်ပြောင်းလဲ၍မရပေ။ မဟာဗျူဟာကျကျ တည်ရှိနေသည့် မြန်မာတွင် မဟာဗျူဟာကောင်းများ အစဉ်တည်ရှိနေရမည် ဖြစ်သည်။ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍတိုင်းသည် ခိုင်မာတောင့်တင်းနေရမည် ဖြစ်သည်။ သို့မှသာ ကမ္ဘာတည်သရွေ့ ဒါ...တို့ပြည်၊ ဒါ...တို့မြေ၊ တို့ တိုင်းရင်းသားများ ပိုင်သည့်မြေဟု ကြွေးကြော်နိုင်မည်ဖြစ်သည်။
ထို့အတွက် လက်ရှိ ရှင်သန်နေထိုင်ကြသည့် သွေးချင်းသားချင်း နိုင်ငံသားတိုင်းက အားလုံး စုစည်းပိုင်ဆိုင်ရာ အမိနိုင်ငံတော်ကို အနာဂတ် မျိုးဆက်များအထိ လက်ဆင့်ကမ်းနိုင်ရန် ကာကွယ် စောင့်ရှောက်သွားရမည် ဖြစ်သည်။ အမိမြေ လုံခြုံရေးနှင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်များသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည် သာ။ “အဖိုးအိုနှင့် သားသုံးယောက်” ပုံပြင်က ပေးသည့် စည်းလုံးမှုအင်အားကို အမြဲအမှတ်ရနေ ရမည်ဖြစ်သည်။
နိုင်ငံ့အရေးအရာများ ခိုင်မာမှုမရှိပါက ပြည်ပအန္တရာယ်များ ဝင်ရောက်လာနိုင်
သို့မဟုတ်ဘဲ ပြည်တွင်းစည်းလုံးမှုကို ပြိုပျက် စေမည့် ကိစ္စရပ်များဆီသို့ ဦးတည်နေပါက နိုင်ငံ့ရေးရာကိစ္စအဝဝသည် ခက်ခဲသော လမ်းကြောင်းပေါ်တွင် တည်ရှိနေလိမ့်မည်။ နိုင်ငံ့ အရေးအရာများ ခိုင်မာတောင့်တင်းမှုမရှိပါက ပြည်ပအန္တရာယ်များ ဝင်ရောက်လာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများထဲမှ ပြိုကွဲ အောင် ဖြိုခွဲခံလိုက်ရသည့် နိုင်ငံကြီး၊ နိုင်ငံငယ်များ ၏ သာဓကဖြစ်ရပ်များကို အမြဲဆင်ခြင်သုံးသပ် ရမည်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံလုံခြုံရေးနှင့် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်များကို အနာဂတ်မျိုးဆက်များအထိ ရေရှည်အစဉ်အဆက် ဆောင်ရွက်သွားနိုင်ရန် ရည်မှန်းကာ ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေ အာဏာတည် သည့် အမိန့်ကြော်ငြာစာများကို ထုတ်ပြန်ပြီး ဖြစ်သည်။
သို့သော် တိုင်းပြည်နှင့် လူမျိုး ပြိုစေ၊ ပျက်စေ၊ ခက်ခဲစေရန် ရည်ရွယ်လုပ်ဆောင်နေသည့် ပြည်ဖျက် မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများက ယင်းဥပဒေများကို ကြိုဆိုမှုမရှိ။ ပြည်သူများထံ ကောလာဟလ သတင်းများကိုသာ ဆက်တိုက် ဖြန့်ဝေလျက်ရှိသည်။
ဥပဒေအာဏာတည်သည့် အမိန့်ကြော်ငြာစာ များ ထုတ်ပြန်ထားသည်မှာ ရက်ပိုင်းသာရှိသေး သော်လည်း ကောလာဟလ သတင်းများကတော့ စေ့စုံလှသည်။ ဥပဒေနှင့်စပ်လျဉ်းသည့် အကြောင်း အရာများကို ပြည်သူအများစု ရှင်းလင်းသေချာစွာ မသိသေးသည့် အချိန်ကာလကို ပြည်ဖျက်မီဒီယာ များက ကောင်းစွာအသုံးချသည်။ ယနေ့ ဥပဒေ ထုတ်၊ မနက်ဖြန် စစ်မှုထမ်းရတော့မည့်သယောင် ချဲ့ကားရေးသားကြသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းနှင့် ဆက်နွှယ်ကာ အများပြည်သူ ပြည်ပထွက်ခွာခွင့်များ ကန့်သတ်သယောင် ဖြန့်ဝေကြသည်။
ပြည်ပထွက်ခွာခွင့်များ
ဥပဒေနှင့်အညီ စနစ်တကျ ထွက်ခွင့်ဆောင်ရွက်ပေးလျက်ရှိ
အမှန်မှာမူ ပြည်သူများ၏ ပြည်ပထွက်ခွာခွင့် များအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ က ပုံမှန်အတိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုအကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက ပြည်သူများ၏ ပြည်ပ ထွက်ခွာခွင့်များအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ကန့်သတ်ချက်များ ထုတ်ပြန် စိစစ် တားဆီးခြင်းမရှိဘဲ အပြည်ပြည်ဆိုင်ရာ လေဆိပ်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်များအပါအဝင် အိမ်နီးချင်း နိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော နယ်စပ်ဝင်/ ထွက်ဂိတ်များမှ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ဝင်ထွက်ခွင့်ပြုခြင်းများကို ယခင်အတိုင်း ဥပဒေနှင့်အညီ စနစ်တကျ ဝင်/ထွက်ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြည်ပထွက်ခွာ ခွင့်များနှင့်ပတ်သက်၍ မည်သည့်ညွှန်ကြားချက်မျှ သီးခြားထုတ်ပြန် ဆောင်ရွက်ထားခြင်းမရှိကြောင်း အသိပေးကြေညာပြီးဖြစ်သည်။
ဥပဒေတစ်ရပ်ကို တိကျသည့် ရည်ရွယ်ချက်၊ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ သတ်မှတ်ချက်၊ လုပ်ထုံး လုပ်နည်းများနှင့် ကန့်သတ်ချက်များ စသည်ဖြင့် တိတိကျကျ ရေးဆွဲပြဋ္ဌာန်းရသည်။ ပြဋ္ဌာန်းထား သည့် ဥပဒေ၏အခွင့်အရေးကို နိုင်ငံသားတိုင်း ခံစားခွင့်ရှိသည်။ ဥပဒေအရ အကာအကွယ်ပေးမှု ကို နိုင်ငံသားတိုင်း ခံစားခွင့်ရှိသည်။ ထို့အတူ ဥပဒေ ပါ သတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်းများနှင့် ကန့်သတ်ချက်များကိုလည်း နိုင်ငံသားတိုင်း လိုက်နာ ရမည်ဖြစ်သည်။ ယခု ပြည်သူ့စစ်မှုထမ်းဥပဒေ သည်လည်း ယင်းကဲ့သို့ ရေးဆွဲပြဋ္ဌာန်းထားသည့် ဥပဒေတစ်ရပ်ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေ သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို လူကြီး လူငယ်မရွေး တိုင်းရင်းသားပြည်သူအားလုံး သိနားလည်ရန်၊ တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်သည်။
မိမိရပ်ရွာဒေသရှိ
လုံခြုံရေးဆိုင်ရာတပ်ဖွဲ့များတွင်သာ ထမ်းဆောင်စေရန်ရည်ရွယ်
၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သည့်သူ အနည်းဆုံး ၁၃ သန်းရှိကြောင်း ထုတ်ပြန်ထားသည်။ သို့သော် တစ်နှစ်လျှင် စစ်မှုထမ်းရန်ခေါ်နိုင်သည့် လူဦးရေ၊ တာဝန်ကို ထမ်းဆောင်မည့်သူများကို အဆင့်အလိုက်၊ အရည်အချင်းအလိုက် ပေးအပ်ရ မည့် လစာ၊ ရိက္ခာ၊ ခံစားခွင့်များ၊ သင်ကြားပေးရမည့် နိုင်ငံတော်ကာကွယ်ရေးပညာရပ်များ စသည်ဖြင့် လိုအပ်သော ပြင်ဆင်ဖွဲ့စည်းမှုများကို ဆောင်ရွက် ရဦးမည်ဖြစ်သည်။ ပြီးမှသာ စနစ်တကျ တာဝန် ထမ်းဆောင်စေမည်ဖြစ်သည်။ နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်မည့်သူများသည် သင်တန်းပြီးစီးပါက မိမိရပ်ရွာဒေသရှိ လုံခြုံရေး ဆိုင်ရာတပ်ဖွဲ့များတွင်သာ အဓိကတာဝန် ထမ်းဆောင်စေရန်ရည်ရွယ်ထားကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်း ပြောကြားထားပြီး ဖြစ်သည်။
“အဓိက စစ်တိုက်ဖို့ဆိုတာထက် လုံခြုံရေး၊ ကာကွယ်ရေးကို ဘယ်လိုအမြင်တွေနဲ့ တာဝန် ထမ်းဆောင်ရမယ်။ လုံခြုံရေး၊ ကာကွယ်ရေး အသိပညာတွေကို ပြည်သူထဲမှာ ပျံ့နှံ့သွားအောင်၊ နောင်ရေရှည်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေသည် ကာကွယ်ရေး၊ လုံခြုံရေးနဲ့ပတ်သက်တဲ့ အသိပညာ ကြွယ်ဝသော၊ မိမိနိုင်ငံကို မိမိအင်အားတောင့်တင်း စွာနဲ့ ခိုင်မာစွာနဲ့ ကာကွယ်နိုင်သော၊ မိမိရဲ့လုံခြုံရေး၊ မိမိရဲ့ကာကွယ်ရေးကို အားလုံးက ဝိုင်းဝန်း ဆောင်ရွက်နိုင်သော အခြေအနေမျိုးရောက်ရှိအောင် ဆောင်ရွက်ခြင်းဖြစ်တယ်”ဟု သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းထားသည်။
ထို့ပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀-၂-၂၀၂၄ ရက်နေ့က ထပ်မံအသိပေး ပြောကြားရာတွင် “နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်တဲ့ နေရာမှာ အခြားနိုင်ငံတွေမှာလည်း အလှည့်ကျ အကျုံးဝင်တဲ့အလျောက် တာဝန်ထမ်းဆောင်ရတာ ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ပြီးရင် ဦးစားပေးအလိုက် ဝန်ထမ်း ခန့်အပ်တာတွေ၊ ဦးစားပေးအလိုက် အလုပ်ခန့်ထား တာတွေ ဒါတွေသည်လည်း ရှိလာမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့မှာ ရှင်းလင်းပြောကြား လိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ဆိုတဲ့နေရာမှာ အမျိုး သမီးတွေကို လတ်တလောခေါ်ယူဖို့ အစီအစဉ်မရှိ သေးကြောင်း ရှင်းလင်းစွာပြောကြားလိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။
ပြည်သူများအနေဖြင့် ဥပဒေနှင့်စပ်လျဉ်း၍ သိရှိလိုသည့်အချက်များကို ဆက်သွယ်မေးမြန်းနိုင် သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ဖုန်းနံပါတ်များကိုလည်း ထုတ်ပြန်ထားပြီးဖြစ်သည်။ ထို့ကြောင့် ပြည်သူများက သိရှိလိုသည်များကို သက်ဆိုင်ရာဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း ခြင်း၊ တရားဝင်ထုတ်ပြန်ချက်များနှင့် တာဝန်ရှိသူ များ၏ ရှင်းလင်းပြောကြားချက်များကို စောင့်ကြည့် လေ့လာခြင်းတို့ဖြင့် မဟုတ်မမှန် ဝါဒဖြန့်ချိမှုများနှင့် ကောလာဟလ သတင်းမှား၊ သတင်းတုများကို ပါဝင်တွန်းလှန်ကြစေလိုပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။
- Log in to post comments