ကမ္ဘာတစ်ဝန်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ငါးသန်းကျော်ရှိလာ

ဂျီနီဗာ ဒီဇင်ဘာ ၂၃ ခြင်မှကူးစက်သော သွေးလွန်တုပ်ကွေးရောဂါသည် ယခင် ကူးစက်ပျံ့နှံ့ခြင်းမရှိသော နိုင်ငံများသို့ပင် ယခုအခါ ကူးစက်ပျံ့နှံ့လျက်ရှိသည့်အပြင် ယခုနှစ် တွင် ရောဂါကူးစက်ခံရသူပေါင်း ငါးသန်းကျော်နှင့် သေဆုံးသူပေါင်း ၅၀၀၀ ကျော် ရှိလာသည့်အတွက် ဒီဇင်ဘာ ၂၂ ရက်၌ သွေးလွန်တုပ်ကွေးအန္တရာယ် ခြိမ်းခြောက်မှုနှင့်ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (ဒဗလျူအိတ်ချ်အို) က သတိပေးတပ်လှန့် လိုက်ပြီဖြစ်သည်။ ရောဂါဖြစ်ပွားမှု၏ ၈၀ ရာခိုင်နှုန်း တစ်နည်းအား ဖြင့် ၄ ဒသမ ၁ သန်းမှာ အမေရိကမှ အစီရင်ခံ တင်ပြခဲ့ခြင်းဖြစ်ပြီး ယင်းနောက်တွင် အရှေ့တောင် အာရှနှင့် အနောက်ပစိဖိတ်တို့မှ ဖြစ်ကြောင်း ကျန်းမာရေးအေဂျင်စီ၏အဖွဲ့ခေါင်းဆောင် အယ်ဗာ ရက်ဇ်က ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဂျီနီဗာ တွင်ပြုလုပ်သည့် အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လူပေါင်း လေးဘီလီယံမှာ သွေးလွန်တုပ်ကွေး ရောဂါ အန္တရာယ်ရှိသော်လည်း ကူးစက်ခံရသူ အများစုမှာ ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ရက်သတ္တ တစ်ပတ်မှ နှစ်ပတ်အတွင်း ပြန်လည်ကောင်းမွန် လာကြကြောင်း ဒဗလျူအိတ်ချ်အိုက ပြောသည်။ သွေးလွန်တုပ်ကွေးရောဂါအတွက် တိကျသော ကုသမှုမရှိသည့်အတွက် ဆောလျင်စွာသိရှိခြင်းနှင့် ဆေးဝါးကုသမှုခံယူခြင်းသည် ပြင်းထန်သောရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးမှုနှုန်းကို လျှော့ချနိုင်သည် ဟု ဆိုသည်။ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ခြိမ်းခြောက် မှုနှင့်ပတ်သက်ပြီး လက်ရှိသွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နေသောနိုင်ငံများနှင့် လာမည့် သွေးလွန်တုပ်ကွေးရာသီအတွက် ကြိုတင်ပြင်ဆင် နေသည့် နိုင်ငံများကို ထောက်ပံ့ကူညီနိုင်ရန်အတွက် အေဂျင်စီအဆင့်အားလုံးမှ အမြင့်ဆုံး အာရုံစိုက်ကာ တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်ကြောင်း အယ်ဗာရက်ဇ် က ပြောသည်။ ဆင်ဟွာ