
ပြီးခဲ့သည့်နှစ်များအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူဦးရေ သန်းရာပေါင်းများစွာတို့ နေအိမ်မှ အလုပ်လုပ်ခြင်း၊ ပညာသင်ကြား ခြင်းစသည်တို့ ပိုမိုလုပ်ဆောင်ခဲ့ကြသဖြင့် ကမ္ဘာတစ်ဝန်း ကွန်ပျူတာ ရောင်းချရမှု မြင့်တက်ခဲ့သည်။ နည်းပညာမျိုးစုံပါဝင်သည့် မိုဘိုင်းဖုန်း များကြောင့် ကွန်ပျူတာဈေးကွက်မှာ နှစ်အတန်ကြာ ကျဆင်းတုံ့ဆိုင်း ခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် တင်ပို့ရောင်းချမှု နှစ်ဆပိုမို မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်က PC ကွန်ပျူတာ အလုံးရေ သန်း ၃၄၀ ကျော် တင်ပို့ရောင်းချခဲ့ကြသည်။
သို့သော် ယခုအခါ လုပ်ငန်းခွင်များသို့ ပြန်လည်ဝင်ရောက်လာခြင်း၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေများနှင့် ကိုဗစ်အလွန် နောက်ဆက်တွဲကာလ ငွေကြေးဖောင်းပွခြင်းများကြောင့် ကမ္ဘာ့ကွန်ပျူတာ PC တင်ပို့ရောင်းချ မှုသည် ယခုနှစ်တွင် ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ကျွမ်းကျင် သူများက ဆိုသည်။
Gartner အမည်ရှိ လုပ်ငန်းတစ်ခုမှ သုံးသပ်ချက်အရ ပထဝီဝင် နိုင်ငံရေးလှုပ်ရှားမှုများ၊ ငွေကြေးဖောင်းပွမှု၊ ငွေကြေးအတက်အကျနှင့် ရောင်းလိုအားဖြည့်ဆည်းပေးနိုင်မှု ကွင်းဆက်များသည် ကမ္ဘာတစ်ဝန်းရှိ ကွန်ပျူတာစက်ပစ္စည်းများနှင့် သုံးစွဲသူများ၏ဝယ်လိုအားကို လျော့နည်း လာစေ၍ ကွန်ပျူတာရောင်းဝယ်ရေးလုပ်ငန်းများ လျော့ကျသွားနိုင် ကြောင်း၊ ၂၀၂၂ ခုနှစ်သည် ကွန်ပျူတာဈေးကွက်အတွက် ရိုက်ခတ်မှု အများဆုံးနှစ်ဖြစ်ကြောင်း သုံးသပ်ထားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ Windows 7 အဆုံးသတ်သွားခဲ့သလို ခုနစ်နှစ်ကြာ တိုးတက်မှုမရှိခဲ့သည့် ကွန်ပျူတာရောင်းဝယ်ရေးလုပ်ငန်း များ ၂၀၁၉ ခုနှစ်တွင် အဆုံးသတ်သွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည် ကောင်းမွန်လာသည့်အနေအထားရှိခဲ့ခြင်းဖြစ်သည်။ ကပ်ရောဂါ မဖြစ် ပေါ်ခဲ့လျှင် အဆိုပါလုပ်ငန်းသည် မှေးမှိန်လာဖွယ်ရှိသည့် အနေအထား ဖြစ်သည်။