ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်

နေပြည်တော်  ဩဂုတ်    ၃၁


ပြည်ထောင်စုနယ်မြေ  နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်အတွင်း    တည်ထားကိုးကွယ်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်သည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မာရ ဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဂေါပက အဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည်။


တက်ရောက်


အစည်းအဝေးသို့     ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး  ညိုစော၊   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စွမ်းအင်ဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့်   တပ်မတော် အရာရှိကြီးများ၊  နေပြည်တော်တိုင်း   စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၏အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ ဘုရားဖူး လာပြည်သူများ အေးငြိမ်းချမ်းသာစွာဖြင့် ဘုရားဖူး နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု၊ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်ပမှနိုင်ငံခြားသားဧည့်သည် များ နေ့အလိုက် လာရောက်ဖူးမြော်ကြည်ညိုလျက် ရှိရာ စတင်ဖွင့်လှစ်သည့်နေ့မှ ယခုလ ၃၀ ရက်အထိ ဘုရားဖူးလာ သံဃာတော် ၈၂၄၁ ပါး၊ သီလရှင် ၁၉၉၈ ပါး၊ လူပုဂ္ဂိုလ် ၃၂၇၈၇၁ ဦး  စုစုပေါင်း   ၃၃၈၁၁၀ လာရောက်ဖူးမြော်ကြည်ညိုခဲ့မှု၊ ရဟန်း၊ သံဃာ၊ သီလရှင်များ၊ ကျောင်းအစီအစဉ်ဖြင့်လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖူးမြော်ခွင့်နှင့် ဝန်ထမ်းများအား ဝန်ထမ်းကတ်ဖြင့် ၅၀  ရာခိုင်နှုန်း လျှော့ချကောက်ခံရန် လျာထားဆောင်ရွက်ထားရှိမှု၊ Ticket House တည်ဆောက်ပြီးစီးမှုနှင့် စမ်းသပ် ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်း၊ ပြည်ပဘုရားဖူးများ က စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေ များ လှူဒါန်းလျက်ရှိမှု၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသို့ ပရဟိတအသင်းများက အထောက်အကူပြု ပစ္စည်းများ   လာရောက်လှူဒါန်းလျက်ရှိမှု၊  ဘုရား ဖူးလာပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး နေပြည်တော်သောက်ရေသန့်များ  စီစဉ်ဆောင်ရွက် ပေးထားမှု၊ ဘုရားကြီးပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပမှုရှိစေရေး ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးသုံးစွဲမှု သက်သာစေရေး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် မီးများ   တပ်ဆင်ဆောင်ရွက်ထားရှိမှု၊   ဘုရားဖူး မော်တော်ယာဉ်များနှင့်    မော်တော်ဆိုင်ကယ်များ ရပ်နားရန်နေရာများ စီစဉ်ဆောင်ရွက်လျက်ရှိမှု၊ မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး       နာယကအဖွဲ့၊ ထိန်းသိမ်းစောင့်ရှောက်ရေးဦးစီးကော်မတီ၊ ဂေါပက အဖွဲ့၊ အထောက်အကူပြုအဖွဲ့များဖွဲ့စည်းရန် လျာထား မှုနှင့် ဘုရားကြီးဝေယျာဝစ္စနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိမှု၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး   ရေရှည်တည်တံ့ခိုင်မြဲရန် ဆောင်ရွက်သွားမည့်အခြေအနေများကို   ရှင်းလင်း တင်ပြသည်။


ရှင်းလင်းတင်ပြ


ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဘုရားကြီး၌ ဝန်ထမ်းများ တာဝန်ပေးအပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဂေါပက အဖွဲ့   ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်များ၊   ဗိုလ်ချုပ် ဇော်နိုင်ဦးက   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏   လမ်းညွှန်ချက်များ အပေါ်  လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရဟန္တာကျောင်းဆောင်တော် နှစ်ဆောင်တည်ဆောက် နေမှု၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊  ရေပန်း ရင်ပြင်နှင့် ကျောက်စာရုံများအား  Drone ဖြင့်  360 ဒီဂရီဗီဒီယိုမှတ်တမ်းရိုက်ကူးထားရှိမှု၊   ဂန္ဓကုဋိတိုက် အပြင်ဘက်တွင် အင်္ဂတေစိန်တောင်  တည်ဆောက် ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ အာရုံခံတန်ဆောင်း နှစ်ဆောင် တည်ဆောက်နေမှု၊ လက်ဆေးဘေစင်များ တပ်ဆင်ပြီးစီးမှု၊ ဂန္ဓကုဋိတိုက်အဝင်လမ်း ဆောက်လုပ် ပြီးစီးမှု အခြေအနေများ၊    ဆောက်လုပ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး   အဝင်လမ်းနှင့်   U-Turn  တည်ဆောက်ပြီးစီးမှု အခြေအနေများ၊   နေပြည်တော်ကောင်စီ    ဒုတိယ မြို့တော်ဝန်   ဦးမောင်မောင်က    ဒက္ခိဏသီရိမြို့   စံပယ်လမ်း(ရာဇသင်္ဂဟလမ်းဆုံ)နေရာ Free Way နှင့်   လမ်းမြေတိုးချဲ့လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဒက္ခိဏသီရိမြို့၊ သစ်ခွလမ်း တိုးချဲ့ဆောင်ရွက်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် မြတ်မင်္ဂလာ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိမှုအခြေအနေများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်  စောသန်းလှိုင်က   လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊  ပြန်ကြားရေးဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး  ဗိုလ်ချုပ်   ဇော်မင်းထွန်းက    ဘုရားကြီး တည်ဆောက်မှုမှတ်တမ်းစာအုပ်   ပြုစုဆောင်ရွက် ထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။


စနစ်တကျရှိစေရေး ဆောင်ရွက်


တင်ပြချက်များနှင့်စပ်လျဉ်း၍ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က   ဘုရားဖူးလာဆရာတော် သံဃာတော်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်း သူများကို ဘာဂီယာဉ်များနှင့် သယ်ယူပို့ဆောင်ခြင်း များကိုဆောင်ရွက်ပေးရန်လိုကြောင်း၊  ဘုရားကြီး၌ ခန့်အပ်မည့်ဝန်ထမ်းများ  ဖွဲ့စည်းခန့်အပ်တာဝန်ပေး မှုများနှင့်ပတ်သက်၍လည်း စနစ်တကျဖြစ်စေရေး   စိစစ်ခန့်အပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘုရား ကြီးပတ်ဝန်းကျင်  စိမ်းလန်းစိုပြည်စေရေးအတွက် သစ်ပင်များကို စနစ်တကျစိုက်ပျိုးသွားရန် လိုကြောင်း၊ ဂန္ဓကုဋိတိုက်များအတွင်း      အစားအသောက်များ စားသောက်မှုမရှိစေရေး  ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ အခြားဘုရားကြီး ပရိဝုဏ်တော်အတွင်း သန့်ရှင်းသာယာမှုများရှိစေရေး စနစ်တကျဆောင်ရွက် ရန်လိုကြောင်း၊ ဘုရားကြီးသို့ ဝင်ထွက်သည့်လမ်းများ စနစ်တကျရှိစေရေးနှင့် ကားရပ်ရန်နေရာများ စနစ် တကျရှိစေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြား သည်။


ဆက်လက်၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဘုရားကြီး သို့ ဝင်ရောက်ဖူးမြော်ခြင်းနှင့်ပတ်သက်၍ ပထမသုံးလ တာကာလအတွင်း စမ်းသပ်ကာလအဖြစ် အမြဲတမ်း စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ခြင်းမပြုဘဲ ယာယီစည်းကမ်းသတ်မှတ်ချက်များဖြင့်သာ ဆောင် ရွက်သွားရန်လိုကြောင်း၊ဘုရားကြီး ဝင်ရောက်ခွင့်နှင့် ပတ်သက်၍ ဘုရားဖူးလာပြည်သူများ အသက်သာဆုံး ဖြစ်စေရေးနှင့်   ဝင်ရောက်သူအားလုံးကို   အခမဲ့ ဝင်ရောက်ခွင့်ပေးရန်နှင့်    ဘုရားကြီးဝင်းအတွင်း ကင်မရာပါသည့်ဖုန်း၊ အခြား ဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်းနှင့် အပျော်တမ်း ကင်မရာရိုက်ကူးခြင်း များကိုသာ ထိုက်သင့်သည့်နှုန်းဖြင့် ကောက်ခံသွားရန် လိုကြောင်း၊ ဘုရားကြီးဝင်းအတွင်း   ကားပါကင်သို့ဝင်ရောက်ရပ်နားမှုနှင့်ပတ်သက်၍ ကိုယ်ပိုင်ယာဉ်ငယ် များကိုသာ ဝင်ရောက်ခွင့်ပြုရန်လိုကြောင်း၊ ယာဉ်ရပ် နားခကိုလည်း ထိုက်သင့်သည့် ရပ်နားခနှုန်းထားများ အတိုင်း ကောက်ခံနိုင်ရေး  ဆောင်ရွက်သွားရန်လို ကြောင်းနှင့် ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေး စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခု ဘုရားကြီးသည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ် ပြီး မြန်မာ့ဂုဏ်ဆောင်သည့် ရုပ်ပွားတော်မြတ်ကြီးဖြစ် သဖြင့် ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် လူအင်အားလိုအပ်ချက်၊ ဘဏ္ဍာရေးဆိုင်ရာလိုအပ် ချက်များ၊  စီမံခန့်ခွဲမှုလိုအပ်ချက်များကို   ရေရှည် အတွက် ယခုသုံးလတာကာလ တွေ့ကြုံရမှုများ အပေါ်တွက်ချက်၍ စီမံခန့်ခွဲဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြားသည်။


ရင်းရင်းနှီးနှီးနှုတ်ဆက်


ယင်းနောက် အစည်းအဝေးအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ရင်ပြင်တော်ကြီးတွင်လည်းကောင်း၊ ကျောက်စာ ရုံတော်များအတွင်းတွင်လည်းကောင်း  လှည့်လည် ဖူးမြော်ကြည်ညိုကြပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်သည်  ဘုရား ဖူးလာပြည်သူများကို  ခင်မင်ရင်းနှီးစွာဖြင့်  ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့သည်။


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော် ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့်    ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော်   မဟာမင်္ဂလာအခမ်းအနားများကို ဩဂုတ် ၁ ရက်တွင်    စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ဩဂုတ် ၈ ရက်မှစတင်၍  ရဟန်း ရှင်လူ   ပြည်သူများ    ဖူးမြော်ကြည်ညိုခွင့်ပေးခဲ့ကာ နေ့စဉ်နိုင်ငံတစ်ဝန်းမှ    ရဟန်းသံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဘုရားဖူးလာပြည်သူ များဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သတင်း ရရှိသည်။                                       
 

သတင်းစဉ်