ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်(UPR) လုပ်ငန်းအဖွဲ့၏ (၃၇)ကြိမ်မြောက် အစည်းအဝေး၌ မြန်မာနိုင်ငံ၏ UPR တတိယအကျော့ အစီရင်ခံစာသုံးသပ်မှု ပြုလုပ်

 

 

နေပြည်တော် ဇန်နဝါရီ ၂၅

 

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (UPR) လုပ်ငန်းအဖွဲ့၏ (၃၇)ကြိမ်မြောက် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂအဆောက်အအုံ၌ ကျင်းပလျက်ရှိပြီး ယနေ့တွင် မြန်မာနိုင်ငံ၏ တတိယအကြိမ် UPR အစီရင်ခံစာသုံးသပ်မှုပြုလုပ်ဆောင်ရွက်ကြသည်။

အစီရင်ခံစာသုံးသပ်မှုသို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သော သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်မှ ဗီဒီယို ကွန်ဖရင့်ဖြင့် လည်းကောင်း၊ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမြင့်သူနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဂျီနီဗာမြို့မှ လည်းကောင်း ပါဝင်တက်ရောက်ကြသည်။

အကောင်အထည်ဖော် ဆောင်ရွက်

ရှေးဦးစွာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုရှေ့နေချုပ်က မြန်မာနိုင်ငံသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်လျက်ရှိပြီး လူ့အခွင့်အရေး လေးစားလိုက်နာခြင်း၊ ကာကွယ်ခြင်း၊ မြှင့်တင်ခြင်းနှင့် ဖြည့်ဆည်းပေးခြင်းတို့ကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံ လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေးတို့သည် စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရာတွင် အခြေခံလိုအပ်ချက်များ ဖြစ်ပါကြောင်း၊ နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားနေသည့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင် ရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ချုပ်ဆိုနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံညီလာခံကို (၄) ကြိမ်မြောက် ကျင်းပခဲ့ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ထောင်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက်များ ချမှတ်ခြင်း တို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တည်ဆဲဥပဒေများကို ဒီမိုကရေစီစံနှုန်းများ၊ နိုင်ငံတကာစံနှုန်းများနှင့် ညီညွတ် စေရေးအတွက် အစီရင်ခံသည့် (၅)နှစ်တာ ကာလအတွင်း စုစုပေါင်း ဥပဒေ(၁၈၅)ခုကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ် ပြဋ္ဌာန်းခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ လူ့အခွင့်အရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

လက်ရှိကာလတွင် ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ တုံ့ပြန်တွန်းလှန်နိုင်ရေးအတွက် မည်သူ တစ်ဦးတစ်ယောက်မျှ ချန်လှပ်မထားရေး မူဝါဒအရ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်(COVID-19 Economic Relief Plan-CERP)ဖြင့် နိုင်ငံတစ်ဝန်း ဘဏ္ဍာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ကုစားမှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် မဟာဗျူဟာများ ချမှတ်၍ လွတ်လပ်သောတရားစီရင်ရေး၊ ဥပဒေအသိပညာပြန့်ပွား ရေး၊ တရားမျှတမှုကို အားလုံးလက်လှမ်းမီရေး၊ မှုခင်းစီမံ ခန့်ခွဲမှုစနစ်ဖြင့် တရားရုံးလုပ်ငန်းများ ထိရောက်မှန်ကန်ရေး တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ လွတ်လပ် သော စုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE) အစီရင်ခံစာအရ ကျူးလွန်သူများကို ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့က ဦးဆောင်၍ စုံစမ်းစစ်ဆေးအရေးယူ လျက်ရှိပါကြောင်း။

အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော် မှုကို တားဆီးရေးအတွက် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားချက်တစ်ရပ်ကို အများပြည်သူ သိရှိနိုင်စေရန် ထုတ်ပြန်ခဲ့ကြောင်း၊ အမုန်းတရားများ ကာကွယ်တားဆီး ရေးဥပဒေကိုလည်း ရေးဆွဲလျက်ရှိပါကြောင်း၊ လွတ်လပ် မျှတ၍ ပွင့်လင်းမြင်သာသော အထွေထွေရွေးကောက်ပွဲ ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာတွင် ကျင်းပခဲ့ပါကြောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီစနစ် ကူးပြောင်းရေး လုပ်ငန်းစဉ် တွင် အဘက်ဘက်က ပံ့ပိုးကူညီခဲ့ကြသော မိတ်ဆွေနိုင်ငံ များနှင့် အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ၏ UPR အစီရင်ခံစာအပေါ် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၀၇ နိုင်ငံက ဆွေးနွေး မေးမြန်းအကြံပြုကြသည်။

ငြိမ်းချမ်းရေးအစီအစဉ် ချမှတ်ခဲ့

အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာကိုယ်စား လှယ်အဖွဲ့၏ ဒုတိယအဖွဲ့ခေါင်းဆောင် မြန်မာအမြဲတမ်း ကိုယ်စားလှယ်က နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများကျင့်သုံးခြင်း၊ ကောင်းမွန်သော အုပ်ချုပ်ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးကို ရှေးရှုသည့် စီမံခန့်ခွဲမှု၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုများကို အရှိန်အဟုန်ဖြင့် အလေးထား ဆောင်ရွက်နေပါ ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကိုလည်း အထူးအလေးထား ဆောင်ရွက်နေ ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်အလွန် ငြိမ်းချမ်းရေးအစီအစဉ် ကို ချမှတ်ခဲ့ပြီး စေ့စပ်ဆွေးနွေးမှုများမှတစ်ဆင့် ပဋိပက္ခ များ ဖြေရှင်းသည့် နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ရပ် တည်ဆောက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက် များကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ IDP စခန်းများ ပိတ်သိမ်း ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတို့အကြား နှစ်နိုင်ငံ သဘောတူညီချက်များဖြင့် နေရပ်စွန့်ခွာသူများကို ပြန်လည်စိစစ်လက်ခံရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ဆွေးနွေးဖြေကြား

ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါ်မာလာသန်းထိုက်က လူသားချင်း စာနာ ထောက်ထားမှု အကူအညီများပေးအပ်ရာတွင် ကုလသမဂ္ဂ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များသို့ ပါဝင်ရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်က အမုန်းတရားများ ကာကွယ်တားဆီးရေး ဥပဒေပြဋ္ဌာန်း နိုင်ရေး ဆောင်ရွက်နေမှုနှင့် သတင်းလွတ်လပ်ခွင့်ကိစ္စ များကို လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်‌ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မိုးချယ်က စီးပွားရေးနှင့် လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စများအတွက် တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်း(Responsible Business)ကို လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပညာရေး၊ ကျန်းမာ ရေး၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဆိုင်ရာကိစ္စများ ကို လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ရဲမှူးချုပ် အောင်ဌေးမြင့်က အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လူကုန် ကူးမှု၊ အကျဉ်းသားများကိစ္စ၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ နှင့်စပ်လျဉ်းသည့်ကိစ္စများကို လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက IDP စခန်းများ ပိတ်သိမ်းရေး ဆောင်ရွက်နေမှု၊ ကျား/မတန်းတူ ညီမျှရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့် အရေး၊ မသန်စွမ်းသူများ အခွင့်အရေးကိစ္စရပ်များကို လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဒေါက်တာသီတာဦးက တည်ဆဲဥပဒေများကို ခေတ်နှင့်အညီ ပြန်လည်သုံးသပ်ရေး၊ တရားစီရင်ရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးလှုပ်ရှားသူများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်နှင့် မြေယာပိုင်ဆိုင်မှု ကိစ္စရပ်များကို လည်း ကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက အလုပ်သမားအခွင့်အရေး၊ အတင်းအဓမ္မစေခိုင်းမှု ကာကွယ် တားဆီးရေး၊လူမှုဖူလုံရေးပံ့ပိုးမှုများနှင့် နိုင်ငံသားကိစ္စ ရပ်များကို လည်းကောင်း ဆွေးနွေးဖြေကြားခဲ့ကြသည်။

သုံးသပ်မှုအပြီးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုရှေ့နေချုပ်က ယခု သုံးသပ်မှု ခံယူသည့် အစည်းအဝေးတွင် မြန်မာနိုင်ငံအပေါ် အပြု သဘောဆောင်သည့် အကြံပြု တိုက်တွန်းချက်များပေးခဲ့ ကြသည့် နိုင်ငံများအား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သော နိုင်ငံ တစ်နိုင်ငံဖြစ်သကဲ့သို့ လူ့အခွင့်အရေးကို ဖော်ဆောင်ရာ တွင် မတူကွဲပြားမှုနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ကို အထူးအလေးထားကာ မတူကွဲပြားခြားနားသည့် လူ့အသိုက်အဝန်းတွင် ပြည်သူများ ဟန်ချက်ညီစွာ ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီး ပေးနေပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ဒေသ ဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ UPR လုပ်ငန်းစဉ်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရာ၌ လိုအပ်ချက်ဖြစ်သော လူ့အခွင့်အရေး ဆိုင်ရာကိစ္စများကို ဖြေရှင်းဆောင်ရွက်ရာတွင် အထောက် အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြား သည်။

မြန်မာနိုင်ငံ၏ UPR အစီရင်ခံစာ တင်သွင်းခဲ့သည့် ကိစ္စနှင့်စပ်လျဉ်းသည့် UPR လုပ်ငန်းအဖွဲ့၏ ကနဦးအစီရင် ခံစာကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် အတည်ပြုမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံက အတည်ပြုလက်ခံခဲ့သော အကြံပြုချက်များ အကောင်အထည်ဖော်မှု အခြေအနေနှင့် လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုများကို စတုတ္ထအကျော့ UPR အစီရင်ခံစာ(၂၀၂၅)ခုနှစ်တွင် တင်ပြရန်ရှိကြောင်း သိရသည်။

သတင်းစဉ်