ကမ္ဘာ့နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ အထိမ်းအမှတ်နေ့ အကြိုဂုဏ်ပြုဆောင်းပါး

Type
၁

ဆောင်းပါး

====

 

ကမ္ဘာ့နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ အထိမ်းအမှတ်နေ့ အကြိုဂုဏ်ပြုဆောင်းပါး

================================================

 

နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါဆိုသည်မှာ ...

=============================

 

ပါမောက္ခဒေါက်တာရဲထွန်း (ရင်ခေါင်းဆေးကု)

 

နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါဟု ကြားလျှင် ရောဂါအသစ်ဟု ထင်နိုင်စရာ ရှိပါသည်။ သို့သော် ရောဂါ အသစ်မဟုတ်ပါ။ လူအများက ဤရောဂါအမည်ကို မြန်မာလို မယဉ်ပါးသောကြောင့် ဖြစ်ပါသည်။ အင်္ဂလိပ်လို Chronic Obstructive Pulmonary Disease အတိုကောက် COPD ဟု ကျန်းမာရေးဝန်ထမ်းများက ခေါ်ဝေါ်သုံးစွဲနေသော ရောဂါဖြစ်ပြီး လူအများက အဆုတ်ပွရောဂါအဖြစ် သိရှိနေကြပါသည်။

ဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်းများ

ကမ္ဘာအနှံ့တွင် နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်း ရောဂါခံစားနေရသော လူနာများစွာရှိ၍ ဒေသတစ်ခုနှင့် တစ်ခုစီမှာ ဖြစ်ပွားနှုန်းမတူညီကြပါ။ Burden of Obstructive Lung Disease (BOLD) program မှ လေ့လာတွေ့ရှိချက်အရ ရောဂါဖြစ်ပွားနှုန်းမှာ ၁၀ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပြီး အမျိုးသားလူနာ ၁၁ ဒသမ ၈ ရာခိုင်နှုန်းနှင့် အမျိုးသမီးလူနာ ၈ ဒသမ ၅ ရာခိုင်နှုန်းတို့ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင်လည်း ပြည်သူ့ ကျန်းမာရေးတက္ကသိုလ်မှ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ပြုလုပ် ထားသော စစ်တမ်းအရ နာတာရှည် အဆုတ်ပွ လေပြွန် ကျဉ်းရောဂါ ဖြစ်ပွားနှုန်းမှာ စစ်တမ်းကောက်လူဦးရေ၏ ၄ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ပြီး အမျိုးသားလူနာ ၈ ဒသမ ၃ ရာခိုင်နှုန်းနှင့် အမျိုးသမီးလူနာ ၂ ဒသမ ၃ ရာခိုင်နှုန်းတို့ ဖြစ်ကြပါသည်။

ကမ္ဘာပေါ်တွင် ၂၀၁၀ ပြည့်နှစ် စစ်တမ်းများအရ နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ လူနာများမှာ ၃၈၄ သန်းရှိ၍ တစ်နှစ်လျှင် သုံးသန်းကျော် သေဆုံးနှုန်း ရှိကြောင်း တွေ့ရှိရပါသည်။ လေ့လာချက်များအရ လာမည့် ၂၀၆၀ ပြည့်နှစ်တွင် တစ်နှစ်လျှင် ၅ ဒသမ ၄ သန်း သေဆုံးနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။ မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးသတင်းအချက် အလက်ဌာနခွဲ၏ ၂၀၁၈ ခုနှစ် စာရင်းများအရ နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါများကြောင့် သေဆုံးမှုမှာ ၃ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး အသက် ၆၅ နှစ်ကျော် လူနာ များတွင် သေဆုံးမှု မြင့်မားကြောင်း တွေ့ရှိရပါသည်။

နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါဆိုသည်မှာ

ဤရောဂါဖြစ်ရသည်မှာ ရှူသွင်းလိုက်သော ဆေးလိပ်အငွေ့နှင့် ညစ်ညမ်းသောလေများကြောင့် အဆုတ်တွင်းရှိ လေပြွန်နှင့် လေအိတ်များ ရောင်ရမ်းမှု များဖြစ်ပေါ်လာပြီး လေပြွန်များ ကျဉ်းမြောင်းလာခြင်း၊ လေဝင်လေထွက် ခက်ခဲလာခြင်းနှင့် ရောဂါရှည်ကြာ လာပါက အဆုတ်ပွလာခြင်းများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ထိုမှတစ်ဆင့် စနစ်တကျကုသမှုမခံယူပါက အဆုတ်သွေးကြောတွင် သွေးတိုးဖြစ်လာခြင်း၊ ညာဘက် နှလုံးအကန့်များ အားနည်းပျက်စီးလာခြင်းနှင့် အဆုတ် ရောဂါကြောင့် ဖြစ်ပွားသောနှလုံးရောဂါတို့ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်ပါသည်။

ဖြစ်ပွားရသည့်အကြောင်းများ

ဤရောဂါဖြစ်သောလူနာများ၏ ၈၀ မှ ၉၀ ရာခိုင် နှုန်းအထိမှာ ဆေးလိပ်ငွေ့များကြောင့်ဖြစ်ကြောင်း တွေ့ရှိ ရပါသည်။ ဆေးလိပ်ငွေ့များ ရှူမိခြင်းဟုဆိုရာဝယ် မိမိကိုယ်တိုင် ဆေးလိပ်သောက်ခြင်းကြောင့် အများစုပါဝင် သလို အခြားသူသောက်သော ဆေးလိပ်ငွေ့ကို ရှူမိခြင်း ကြောင့်လည်း ရောဂါကို ဖြစ်စေပါသည်။ အခြားသူ သောက်သော ဆေးလိပ်ငွေ့ကိုရှူမိ၍ ရောဂါဖြစ်ခြင်းကို ကာလရှည်ကြာ တစ်အိမ်တည်း အတူနေသူများတွင် အတွေ့များတတ်ပါသည်။

ဆေးလိပ်မသောက်ဘဲ ရောဂါဖြစ်သောလူနာများတွင် ညစ်ညမ်းသောလေကို ကြာရှည်ရှူမိပြီး ရောဂါဖြစ်သော သူများလည်း ပါဝင်ပါသည်။ ထိုလူနာအုပ်စုတွင် အိမ်တွင်း/အဆောက်အအုံအတွင်း လေထုညစ်ညမ်းခြင်းနှင့် ပြင်ပ ဝန်းကျင် လေထုညစ်ညမ်းခြင်းကို ကြာရှည်ထိတွေ့၍ ရောဂါဖြစ်သောသူများ ပါဝင်ပါသည်။ အိမ်တွင်း/ အဆောက် အအုံအတွင်း လေထုညစ်ညမ်းခြင်းဆိုသည်မှာ အလုံပိတ် နေရာများတွင် ထင်း၊ မီးသွေးများ အသုံးပြု၍ ထမင်း၊ ဟင်း များချက်ပြုတ်ခြင်း၊ ဖုန်၊ အမှုန်များထွက်စေသည့် လုပ်ငန်း များ လုပ်ကိုင်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ အစရှိသည်တို့ ပါဝင်ပါသည်။ ပြင်ပလေထုညစ်ညမ်းခြင်း ဆိုသည်မှာ လမ်းမပေါ်တွင် ကားများ၊ မီးစက်များမှ ထွက်လာသော မီးခိုးငွေ့များ၊ စက်ရုံများမှ ထွက်လာသော အငွေ့များ၊ သစ်တောများ၊ အမှိုက်ပုံများမှ မီးလောင်ပြီး ထွက်လာသော မီးခိုးငွေ့များ အစရှိသည်တို့ ပါဝင်ပါသည်။

အခြားသော ဖြစ်ပွားစေသည့်အကြောင်းများတွင် အဆုတ်တီဘီရောဂါဖြစ်ပြီး အမာရွတ်ဖြစ်၍ နောက်ဆက်တွဲ လေပြွန်ကျဉ်းသွားသော လူနာအနည်းစု ပါဝင်ပါသည်။ ထို့ပြင် Alpha 1 anti-trypsin ခေါ် မွေးရာပါအင်ဇိုင်းတစ်မျိုး ချို့တဲ့၍ ရောဂါဖြစ်လာရခြင်းအကြောင်း ပါဝင်သော်လည်း မြန်မာနိုင်ငံတွင် ယင်းလူနာမျိုး မတွေ့သေးပါ။ အသက်ကြီး လာပြီး အဆုတ်အားနည်းလာသောအခါ နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါကို ပိုမိုဖြစ်စေကြောင်း တွေ့ရှိထားကြပါသည်။

ရောဂါလက္ခဏာများ

ဤရောဂါဖြစ်သော လူနာများကို ၎င်းတို့၏ အဆုတ် မှုတ်အား အနည်း၊ အများအပေါ်မူတည်၍ အပျော့၊ အလယ် အလတ်၊ အပြင်းနှင့် အလွန်ပြင်းအုပ်စုများ ခွဲခြားထား ပါသည်။ ယင်းအုပ်စုများအပေါ်မူတည်၍ ရောဂါလက္ခဏာ များ အနည်းငယ်ရှိခြင်း၊ ပိုမိုခံစားရခြင်း၊ ဆေးရုံတက်ရောက် ရခြင်း၊ အထူးကြပ်မတ်ခန်း၌ တက်ရောက်ကုသရခြင်းများ ရှိကြပါသည်။ ရံဖန်ရံခါတွင် ဤလူနာအုပ်စုများနှင့် လက္ခဏာအပျော့/ အပြင်းများသည် ကိုက်ညီမှုမရှိသည် များလည်း ရှိကြပါသည်။

ဤလူနာများသည် ကြာရှည်ချောင်းဆိုးခြင်း၊ သလိပ် ထွက်ခြင်း၊ မောပန်းလွယ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ တရွှီရွှီအသံမြည်ခြင်းများ ခံစားရနိုင်ပါသည်။ ဆေးလိပ် သောက်၍ ရောဂါဖြစ်သောလူနာများသည် ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း လက္ခဏာများကို ဆေးလိပ်ကြောင့် ဖြစ်သည်ဟု ထင်မှတ်ပြီး စောစောစီးစီး ကုသမှုမခံယူတတ် ကြပါ။ ရောဂါက ပြင်းထန်လာပြီး လွန်ကာမှ ကုသမှုခံယူကြ သောအခါ ခက်ခဲစွာကုသကြရပါသည်။ ထိုအခါ အပ်နှင့် ထွင်းရမည့်နေရာတွင် ပုဆိန်နှင့် ပေါက်ရသကဲ့သို့ ဖြစ်ကြ ရသည်။

ဤလူနာများသည် မကြာခဏအသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်းများခံစားရ၍ သလိပ်ထွက် များလာခြင်း၊ သလိပ်များပျစ်ခဲလာခြင်း၊ ဝါလာခြင်း၊ စိမ်းလာခြင်း ဖြစ်ပေါ်လာကြပါသည်။ ထိုအခြေအနေကို ရောဂါကြွခြင်းခေါ်ဆိုပြီး ဆေးရုံ/ ဆေးခန်းများသို့ အရေးပေါ် ပြသရခြင်း၊ ဆေးရုံတက်ရခြင်း၊ အထူးကြပ်မတ်ခန်းသို့ တက်ရောက်ရခြင်းများ ရှိနိုင်ပါသည်။ ယင်းကဲ့သို့သော လူနာများသည် စိုးရိမ်ရသောအခြေအနေသို့ ရောက်ရှိ နိုင်ခြင်းနှင့် အသက်ဆုံးရှုံးရမှုများလည်း ရှိကြပါသည်။

အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းမှာ ဗက်တီး ရီးယားပိုးနှင့် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်စေပါသည်။ ဤရောဂါရှိလူနာများသည် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအား ကျနေတတ်ပါသည်။ သို့ဖြစ်ပါ၍ ဗက်တီး ရီးယားပိုးနှင့် ဗိုင်းရပ်စ်ပိုးများက ပိုမိုဝင်ရောက်လွယ်ကြ ပါသည်။ ယင်းလူနာများတွင် တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် အဓိကဖြစ်စေနိုင်ပါသည်။ ယခုအခါ တုပ်ကွေးကာကွယ် ဆေးထိုးထားပါက ရောဂါကြွခြင်း၊ ဆေးရုံတက်ရခြင်းနှင့် အသက်သေဆုံးမှုများကို ထိထိရောက်ရောက် ကာကွယ် တားဆီးပေးနိုင်ပါသည်။ နာတာရှည် အဆုတ်ပွလေပြွန် ကျဉ်း ရောဂါရှိလူနာများသည် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး (SARS-CoV-2 virus) မှ ကူးစက်ခံရရန် ပိုမိုလွယ်ကူခြင်း နှင့် ရောဂါလက္ခဏာပြင်းထန်ခြင်းများကို တွေ့ရှိရသဖြင့် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ ဗိုင်းရပ်စ် ပိုးကူးစက်မှုမှ မခံရစေရန် ကာကွယ်သည့် နည်းလမ်းများကို အတိအကျလိုက်နာစေလိုပါသည်။

ပန်းနာရင်ကျပ်ရောဂါနှင့်ဘယ်လိုခွဲခြားမလဲ

လူနာများက ချောင်းဆိုး၊ ချွဲကျပ်မောသော ဝေဒနာ ခံစားရပါက ရင်ကျပ်ရောဂါဟု အလွယ်တကူ သတ်မှတ် လိုက်ကြပါသည်။ နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်း ရောဂါနှင့် ပန်းနာရင်ကျပ်ရောဂါများသည် အခြေခံမှစပြီး မတူညီကြပါ။ လူနာများ အသက် ၄၀ အောက်ဖြစ်လျှင် ပန်းနာရင်ကျပ်ရောဂါပိုဖြစ်နိုင်ပြီး အသက် ၄၀ အထက် ဖြစ်လျှင် နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ ပိုဖြစ်နိုင်ခြေ ရှိပါသည်။

p စာမျက်နှာ ၁၈ မှ

ဆေးလိပ်လုံးဝမသောက်တတ်ပါက ပန်းနာရင်ကျပ် ရောဂါဖြစ်နိုင်ခြေ ပိုများပါသည်။ ပန်းနာရင်ကျပ်ရောဂါ လူနာများတွင် မိဘ၊ မောင်နှမ၊ ဆွေမျိုးများထဲတွင် ရင်ကျပ်ရောဂါဖြစ်သော မျိုးရိုးရာဇဝင် ရှိတတ်ကြသည်။ ဤအချက်များအပေါ်မူတည်၍ ၎င်းရောဂါ နှစ်ခုကို အများအားဖြင့်ခွဲခြားနိုင်သော်လည်း ရံဖန်ရံခါတွင် ခွဲခြားရန် ခက်ခဲတတ်ပါသည်။ ထိုရောဂါနှစ်မျိုးလက္ခဏာ များ ရောနှောနေတတ်သော လူနာများ (Asthma COPD Overlap ACO) ကိုလည်း တွေ့ရတတ်ပါသည်။ ပန်းနာ ရင်ကျပ်ရောဂါကိုလည်း စနစ်တကျမကုသပါက နှစ်ကာလရှည်ကြာလာလျှင် နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါအသွင်သို့ ကူးပြောင်းသွားနိုင်ပါသည်။

ကာကွယ်ကုသမှုနည်းလမ်းများ

ဤနာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်း ရောဂါသည် ဖြစ်ပေါ်လာလျှင် လုံးဝပျောက်ကင်းအောင် ကုသ၍ မရနိုင်ပါ။ သို့သော် ယင်းရောဂါကို မဖြစ်သေးလျှင် ကာကွယ်နိုင်ပါသည်။ ကာကွယ်ခြင်းသည် ကုသမှုထက် ပိုကောင်းသည်ဆိုသောအချက်သည် ထိုရောဂါအတွက် အလွန်မှန်ကန်ပါသည်။ အဓိကအကြောင်းရင်းဖြစ်သော ဆေးလိပ်အငွေ့ကို ရှောင်ကြဉ်ရမည်။ ဆေးလိပ်လုံးဝ စ၍မသောက်ခြင်း၊ ဆေးလိပ်သောက်နေလျှင် ဖြတ်ခြင်း၊ အခြားသူများကသောက်နေသော ဆေးလိပ်အငွေ့များကို ရှောင်ရှားခြင်းတို့ ဖြစ်ပါသည်။ ဤနေရာတွင် စိတ်ကျန်းမာ ရေးပညာရှင်များအလိုအရ ဆေးလိပ်ကိုသောက်ပြီး စွဲသွားပါက ဖြတ်ရန် အလွန်ခက်ခဲတတ်သောကြောင့် ဆေးလိပ်စတင်မသောက်ရန် အရေးကြီးပါသည်။ သူတစ်ပါးသောက်သော ဆေးလိပ်အငွေ့များကို ရှောင်နိုင် ရန်မှာ အများနှင့်ဆိုင်သောနေရာများတွင် ဆေးလိပ် မသောက်ရန် တားမြစ်ခြင်း၊ ဆေးလိပ်ငွေ့ကင်းစင် နယ်မြေများထူထောင်ခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက် ခြင်းတို့ဖြင့် ထိရောက်စွာ ကာကွယ်နိုင်ပါသည်။ ဆေးလိပ် ဖြတ်ခြင်းသည် နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်း ရောဂါကိုသာမက အခြားရောဂါအတော်များများကို ကာကွယ်နိုင်ပါသည်။ ရောဂါဖြစ်သည့် လူနာများအတွက် လည်း ဆေးလိပ်ဖြတ်ခြင်းသည် ကာကွယ်ကုသမှုအပိုင်း၏ အရေးအကြီးဆုံး၊ အခြေခံအကျဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

အိမ်တွင်း/အဆောက်အအုံအတွင်းနှင့် ပတ်ဝန်းကျင်/လုပ်ငန်းခွင် လေထုညစ်ညမ်းခြင်းကိုမဖြစ်အောင် ကာကွယ် ခြင်း၊ မိမိကိုယ်တိုင်က ရှောင်ရှားခြင်း၊ လေကောင်းလေသန့် ရအောင် နေထိုင်ခြင်းများသည် နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါကို ကာကွယ်ရာတွင် အရေးကြီးပါ သည်။ ထို့ပြင် ရောဂါဖြစ်ပြီးပါကလည်း ပိုမဆိုးအောင်နှင့် ရောဂါမကြွစေသော အကျိုးအာနိသင်များ ရရှိနိုင်ပါသည်။

ဤရောဂါကို ကုသသောဆေးဝါးများတွင် အဆုတ်တွင်း လေပြွန်ချဲ့ဆေး (bronchodilator) နှင့် လေပြွန်အယောင် ကျဆေး (Corticosteroid) တို့ အဓိကပါဝင်ပါသည်။ ဤဆေးများကို အများအားဖြင့် ရှူဆေးပုံစံဖြင့် သုံးစွဲရ သောကြောင့် လူနာများကို ကာလရှည်ကြာကုသရသော် လည်း ဆေးပမာဏအလွန်မများပါက ဘေးထွက်ဆိုးကျိုး များ ပြောပလောက်အောင် မရှိကြပါ။ ထိုရှူဆေး လေပြွန် ချဲ့ဆေးများတွင် ဆေးအမျိုးအစားအလိုက် beta2 agonists နှင့် anti-muscarinic ဟူ၍ နှစ်မျိုး ရှိပါသည်။ ထို့ပြင် ၎င်းဆေးများကို အာနိသင်အချိန်ကာလအပေါ်မူတည်၍ အာနိသင်အချိန်တိုသောဆေး (Short-acting) နှင့် အာနိသင်အချိန်ရှည်သောဆေးဟူ၍ နှစ်မျိုး ရှိကြပါသည်။

ထို့ပြင် သောက်ဆေး/ ထိုးဆေး အမျိုးအစားများလည်း ရှိပြီး လူနာအမျိုးအစားနှင့် ရောဂါအခြေအနေအပေါ် မူတည် ၍ ကုသပေးရပါသည်။ အခြားကုသမှုနည်းလမ်းဖြစ်သော အဆုတ်ပြန်လည်သန်စွမ်းရေးကုသမှု၊ အောက်ဆီဂျင် ကုထုံး၊ အသက်ရှူစက်ဖြင့် ကုသခြင်းများလည်းရှိပြီး လူနာ အမျိုးအစားနှင့် ရောဂါအခြေအနေများအပေါ်မူတည်၍ ကုသမှုများ ပေးရပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ဦးဆောင်၍ နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါများအပါအဝင် အဓိက မကူးစက်နိုင်သောရောဂါများ၏ ကာကွယ်ကုသရေးလုပ်ငန်း များကို ကျန်းမာရေးဌာနများတွင် ဆောင်ရွက်ပေးလျက် ရှိပါသည်။ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်း ရေးဌာနခွဲ နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါ များစီမံချက်မှလည်း ကျန်းမာရေးဝန်ထမ်းများကို နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါများအတွက် ရောဂါများဖြစ်စဉ်အကြောင်း၊ အခြေခံကုသမှု၊ ရှူဆေး များကို နည်းစနစ်မှန်မှန်ရှူနည်း/ သုံးစွဲမှု သင်ကြားမှု၊ အရေးပေါ်ကုသမှု၊ လိုအပ်သောလူနာများအတွက် သက်ဆိုင်သောနေရာများသို့ လွှဲပြောင်းကုသမှု၊ ကာကွယ်ရန်နည်းလမ်းတို့ကို သင်တန်းများပြုလုပ်ပြီး လေ့ကျင့်သင်ကြားပေးပါသည်။

ကမ္ဘာ့နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ

အထိမ်းအမှတ်နေ့

ကမ္ဘာ့နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ အထိမ်းအမှတ်နေ့ (World COPD Day) ကို ၂၀၀၂ ခုနှစ်မှစတင်၍ နှစ်စဉ် နိုဝင်ဘာလ တတိယအပတ် ဗုဒ္ဓဟူးနေ့တိုင်းကို သတ်မှတ်၍ ကျင်းပလာကြပါသည်။ ယခုနှစ် ၂၀၂၀ ပြည့်နှစ်တွင် နိုဝင်ဘာလ (၁၈) ရက်နေ့ကို သတ်မှတ်ထားကြပြီး ဆောင်ပုဒ်မှာ “Living well with COPD, Everybody everywhere” ဖြစ်ပါသည်။ အနီးစပ်ဆုံး မြန်မာမှုပြုရလျှင် “အဆုတ်ပွရောဂါ လူနာတိုင်း စဉ်မြဲကျန်းမာနေရာတကာ” ဖြစ်ပေသည်။ ပညာရှင်များပါဝင်သော Global Initiative for Chronic Obstructive Lung Disease (GOLD) အဖွဲ့အစည်းမှ နှစ်စဉ်နှစ်တိုင်း ဆောင်ပုဒ်ထုတ်ပေး၍ ကမ္ဘာ့နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ အထိမ်းအမှတ်နေ့ကို ကျင်းပနိုင်စေရန် ဦးဆောင်ကာ နှိုးဆော်ပေး ပါသည်။

ဤ World COPD Day အထိမ်းအမှတ်နေ့ ပြုလုပ် ရခြင်း၏ရည်ရွယ်ချက်မှာ ယင်းရောဂါအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ ကာကွယ်ကုသမှု နည်းလမ်းများ ပိုမိုသိရှိလာပြီး ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုလျှော့ချနိုင်ရန်၊ ကျန်းမာရေးပေါ်လစီ ရေးဆွဲသူ များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူထုတို့က ကာကွယ် ကုသမှုလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်နိုင်ရန်တို့ ဖြစ်ကြပါသည်။

ယင်းရောဂါကို မဖြစ်ခင်ကာကွယ်နိုင်သလို ဖြစ်လာ လျှင်လည်း လူနာများသည် စနစ်တကျကုသမှုခံယူ၍ ကျန်းမာစွာနေထိုင်နိုင်ပါသည်။ ယခုကာလတွင် ပြည်သူ အများ စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါရန် ဆုတောင်း မေတ္တာပို့သရင်း ကမ္ဘာ့နာတာရှည် အဆုတ်ပွ လေပြွန် ကျဉ်းရောဂါ အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုရေးသားလိုက် ပါသည်။ ။

 

ဤဆောင်းပါးရေးသားရာတွင် ကူညီပေးကြသော ပါမောက္ခဒေါက်တာရတနာကျော် (ရင်ခေါင်းအထူးကု သမားတော်ကြီး)၊ ဒေါက်တာကြည်သာမြင့်သိန်း (လက်ထောက်ညွှန်ကြားရေးမှူး၊ မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲ)နှင့် ရုပ်ပုံများအား အသုံးပြုခွင့်ပေးသော Getz Pharma (Myanmar) တို့ကို ကျေးဇူးတင်ရှိပါသည်။