ကမ္ဘာမြေကျန်းမာစေရေး အထူးအလေးပေး

ဤကမ္ဘာမြေ သတ္တလောကကြီးတွင် လူသားတို့နှင့် သတ္တဝါအားလုံး အသက်ရှင်သန် နေထိုင်ကြသည်။ သတ္တဝါအားလုံး အသက်ရှင်သန်နေထိုင်နိုင်ရေးအတွက် ဤကမ္ဘာ မြေကျန်းမာရေးသည် အရေးကြီးသည်။ ကမ္ဘာမြေကျန်းမာရေးဟုဆိုရာ၌ ကမ္ဘာပေါ် ရှိ သက်ရှိသတ္တဝါအားလုံး ရှင်သန်ရေးအတွက်  ကမ္ဘာကြီး ငြိမ်းချမ်းသာယာဝပြောရေး နှင့်ဆိုင်ရာ ကိစ္စအဝဝကို အထူးအလေးထားရန် ဆိုလိုခြင်းဖြစ်သည်။


ယခုအခါ ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များ၊ လူသားအချင်းချင်း အမုန်းတရားပွား၍ ရန်လိုနှိပ်စက် တိုက်ခိုက်ကြသော စစ်ပွဲများ၊ သက်ရှိသတ္တဝါများမှအစပြု၍ ကူးစက်ပျံ့နှံ့လာသော ရောဂါဘေးဘယာများ၊ အဆိုပါ သဘာဝဘေး၊ စစ်မက်ဘေး၊ ရောဂါဘေးတို့ကြောင့် နောက်ဆက်တွဲပေါ်ပေါက်လာသော ဆင်းရဲမွဲတေမှုနှင့်   ငတ်မွတ်ခေါင်းပါးမှု ပြဿနာများ စသည်တို့ဖြစ်ပေါ်လာသည်။ ယင်းတို့သည် လောကနိယာမ၊ ကမ္မ နိယာမအရ ပေါ်ပေါက်လာသော ဒုဗ္ဘိက္ခန္တရ၊ သတ္တန္တရ၊ ရောဂန္တရဟူသည့် ကပ်ကြီး သုံးပါး ဆိုက်ရောက်ခြင်းဖြစ်သည်။


သတ္တဝါတို့ လောဘတရားကြီးမားလာသောအခါ ငတ်မွတ်ခေါင်းပါးကပ်ဘေး ဆိုက်ရောက်သည်။ သတ္တဝါတို့ ဒေါသတရားကြီးမားလာသောအခါ လက်နက် ကပ်ဘေးဆိုက်ရောက်သည်။ သတ္တဝါတို့ မောဟတရား ကြီးမားလာသောအခါ ရောဂါကပ်ဘေး ဆိုက်ရောက်သည်။ သတ္တဝါတို့စိတ်သန္တာန်တွင် ဖြစ်ပေါ်တတ်သော လောဘ၊ ဒေါသ၊ မောဟတရားများ အားကြီးလာသောအခါ ကပ်ကြီးသုံးပါးစလုံး တစ်မျိုးစီ ဆိုက်ရောက်လာသည့်သဘောကို ယနေ့မြင်တွေ့နေရပေသည်။ သတ္တဝါ တို့ လောဘ၊ ဒေါသ၊ မောဟတရားများ ပါးလျားလာပြီး သူတော်ကောင်းတရားများကို ကျင့်ကြံပွားများအားထုတ်ကြသောအခါ ကပ်ကြီးသုံးပါးသည်လည်း သူ့အလိုလို ပါးလျားကွယ်ပျောက်သွားတတ်သည်ကို တရားတော်တွင် ညွှန်းဆိုထားသည်။


ကမ္ဘာ့လူဦးရေသည် တစ်နေ့တခြား တိုးပွားလာခဲ့ရာ ၁၉၈၇ ခုနှစ်တွင် လူဦးရေ သန်းပေါင်း ၅၀၀၀ ရှိခဲ့ရာမှ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ သန်းပေါင်း ၈၅၀၀ ခန့်ရှိလာမည်ဟု ခန့်မှန်းထားသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူဦးရေ လျင်မြန်စွာတိုးပွားနေခြင်းကြောင့်   နောက်ဆက်တွဲစိန်ခေါ်မှုများစွာတို့နှင့် ရင်ဆိုင် နေကြရသည်။ ကမ္ဘာ့လူဦးရေတိုးပွားလာခြင်းသည် လောကဓမ္မတာဖြစ်၍ ဆိုဖွယ်ရာမရှိပေ။ သို့သော် ကမ္ဘာပေါ်ရှိ စိုက်ပျိုးမြေ၊ သောက်သုံးရေ၊ စားနပ်ရိက္ခာ တို့အပါအဝင် လူတို့အတွက် သယံဇာတများမှာ အကန့်အသတ်ရှိနေသောကြောင့် တိုးတက်လာသောလူဦးရေအပေါ်  ကြုံတွေ့ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို ကြိုတင် တွက်ဆ၍ လုပ်သင့်ရာများကို လူတိုင်းလူတိုင်း အတတ်နိုင်ဆုံး လုပ်ဆောင်သင့်ကြ ပေသည်။


မဖွံ့ဖြိုးသေးသောနိုင်ငံများအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း အားထုတ်ရင်း လှုပ်လေမြုပ်လေအဖြစ်မျိုးမရောက်အောင် ကြိုးပမ်းအားထုတ်ကြ ဖို့လိုအပ်ပေသည်။ နိုင်ငံကိုဦးမော့အောင် ကြိုးပမ်းအားထုတ်ရာ၌ ပြည်သူအားလုံး ညီညွတ်မှုမရှိပါက ဆင်းရဲမွဲတေခြင်းသံသရာတွင် တဝဲလည်လည်ဖြစ်လျက် ဆင်းရဲ တွင်း နက်သည်ထက်နက်နေမည်ဖြစ်သည်။ ဆင်းရဲခြင်း၊ ချမ်းသာခြင်း အစွန်းနှစ်ဖက် တွင် လောဘ၊ ဒေါသ၊ မောဟတရားများ ကြီးမားထက်သန်လေသည်။ ဆင်းရဲခြင်း ကြောင့် ဒေါသ၊ မောဟတရားများကြီးမားလာပြီး ချမ်းသာခြင်းကြောင့်လည်း လောဘ၊ မောဟတရားများ အားကြီးလေသည်။ လူဦးရေတိုးပွားနေသော ဆင်းရဲ သောနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြဿနာများ များစွာရှိပြီး နိုင်ငံတည်ဆောက် မှုကို ကောင်းစွာဖန်တီးနိုင်မှုမရှိပါက ဆင်းရဲမွဲတေမှုနှင့်အတူ လူမှောင်ခိုမှု၊ ကလေး လုပ်သား၊ ရာဇဝတ်မှု စသည့် နောက်ဆက်တွဲအကျိုးဆက်များဖြစ်လာသည်။ 


ကမ္ဘာ့နိုင်ငံများအနေဖြင့် ကပ်ရောဂါအသွင်ဖြစ်ပွားနေသည့် ပြည်သူများ၏ ကျန်းမာရေးကို ဂရုစိုက်နေကြသည်။ ကျန်းမာရေးသည် ကပ်ရောဂါဖြစ်၍ အထူး ဂရုစိုက်ရမည့် ပြဿနာဖြစ်သည်။ ပြည်သူများ အမျိုးသားရေးသတိဖြင့် ရင်ဆိုင်နေ ကြသည်။ အချို့နိုင်ငံများတွင် နိုင်ငံရေးကိုအကြောင်းပြုသည့် စစ်ရေးပြဿနာများ ဖြစ်ပွားနေသည်။ ကပ်ရောဂါပြဿနာသည် လူမှုရေး၊ စီးပွားရေး နောက်ဆက်တွဲ ပြဿနာများရှိပြီး နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာသော  စစ်ရေးပြဿနာသည် ထိုထက်  ပြဿနာများအဆမတန်ကြီးမားသည်။ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသော အချိန်အခါတွင် ပြဿနာတစ်ခုထက်ပို၍ ပြဿနာအထပ်ထပ်ဖြစ်ပွားနေလျှင် အဓိကမှာ ပြည်သူများ၏ဘဝများသာ ကြေမွပျက်စီးခြင်းသို့ ရောက်သွားနိုင်သည်။


သို့ဖြစ်ရာ ယနေ့ကမ္ဘာကြီး၏ ဖြစ်စဉ်ဖြစ်ရပ်များကို  ဆင်ခြင်သုံးသပ်၍ လတ်တလောတွင် မည်သူ့မည်သူမှ အပြစ်တင်မနေဘဲ လောဘ၊ ဒေါသ၊ မောဟ တရားများ လျှော့ချကာ လောကလူသားအားလုံးကောင်းကျိုးကို အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြပါမှသာ ဤကမ္ဘာမြေကြီး   ကျန်းမာလာကာ    အေးချမ်းသာယာ ဝပြောလာမည်ဖြစ်ပါကြောင်း။      ။