
အောင်ထက်လင်း (ကြိမ်ချောင်း)
ယနေ့ခေတ်တွင် ဆေးဝါးအတုများ၏ ဈေးကွက်သည် နယ်နိမိတ်ဟူ၍ မရှိတော့ပေ။ ကမ္ဘာ့စီးပွားရေးဖိုရမ်၏ လေ့လာမှုတစ်ရပ်က တရားမဝင်ဆေးဝါးကုန်သွယ်မှုသည် ကမ္ဘာ့ဈေးကွက်၌ အနည်းဆုံး ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိရှိပြီး တစ်နှစ်လျှင် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁ဝဝ ဘီလီယံမှ ၁၅ဝ ဘီလီယံအထိ ရှိနိုင်ကြောင်း ဖော်ပြထားသည်။ အိန္ဒိယနှင့်တရုတ်တို့သည် အာရှတိုက်၏ ဆေးဝါးအတု ထုတ်လုပ်ရာ နေရာဖြစ်နေပြီး ကမ္ဘာပေါ်ရှိ ဆေးဝါးအတုများ၏ ၇၅ ရာခိုင်နှုန်းသည် ယင်းနိုင်ငံများမှဖြစ်ကြောင်းနှင့် ထုတ်လုပ်ရာ ဇာစ်မြစ်ကို ဖုံးကွယ်နိုင်ရန်အတွက် အရှေ့အလယ်ပိုင်းရှိ ဆိပ်ကမ်းများမှတစ်ဆင့် ဖြတ်သန်း သွားနေကြောင်း ဆင်းရဲသောနိုင်ငံများနှင့် ကျန်းမာရေးဝန်ဆောင်မှု အားနည်းသောနိုင်ငံများသည် ၎င်းတို့၏ ပစ်မှတ်ဖြစ်ကြောင်း အစီရင်ခံစာအချို့က ဖော်ပြထားသည်။
ကာလကြာမြင့်ပြီးဖြစ်
ဆေးဝါးအတုများသည် လူနာများအတွက် နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်လာနိုင် သဖြင့် အဆိုပါကိစ္စသည် ဒေသတစ်ခုတည်းနှင့် သာမကတော့ဘဲ တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် ပြဿနာဖြစ်နေသည်။ ၁၉၉ဝ ပြည့်နှစ်မှ ၂ဝဝ၆ ခုနှစ်အတွင်း အာဖရိက၊ လက်တင်အမေရိကနှင့် ကာရေဘီယံဒေသတို့တွင် ချောင်းဆိုးပျောက်ဆေး အတုကြောင့် ကလေးများအပါအဝင် လူပေါင်း ၁ဝဝဝ ကျော် သေဆုံးခဲ့ရသည်။ ဆေးဝါးအတု လုပ်ငန်းသည် အမြတ်အစွန်းများသော ရာဇဝတ်မှု ဖြစ်သည်။ နိုင်ငံတကာ ဆေးဝါးအတုတိုက်ဖျက်ရေး သုတေသနအင်စတီကျု (IRACM) ၏ လေ့လာတွေ့ရှိ ချက်များအရ ဆေးဝါးအတုလုပ်ငန်းတွင် အမေရိကန် ဒေါ်လာ ၁ဝဝဝ ရင်းနှီးမြှုပ်နှံခြင်းဖြင့် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၅ဝဝဝဝဝ ရရှိနိုင်သည်။ ဘိန်းဖြူ ရောင်းဝယ်မှုတွင် အမေရိကန်ဒေါ်လာ ၂ဝဝဝဝ ထည့်ဝင်မှုနှင့် နှိုင်းယှဉ်ပါက အမြတ်ငွေမှာ ၂၅ ဆ ပိုများကြောင်း ဆိုထားသည်။ ဆေးဝါးအတုလုပ်ငန်း သည် ကမ္ဘာတစ်ဝန်းလုံး၌ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည့် စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်နေသည် မှာ ကာလကြာမြင့်ပြီးဖြစ်သည်။
တရားမဝင်ဆေးဝါးများလည်း ရှိနေ
ဆေးဝါးမှတ်ပုံတင်ရရှိထားသော ဆေးဝါးများ နှင့် Brand Name ဆင်တူသော တရားမဝင်ဆေးဝါး များ ဈေးကွက်အတွင်း ရောင်းချနေမှုကို တွေ့ရှိနေရ သဖြင့် အဆိုပါ တရားမဝင်ဆေးဝါးများကို အများ ပြည်သူများ သိရှိသတိပြုရန်နှင့် သုံးစွဲခြင်းမှ ရှောင်ကြဉ်နိုင်ရန် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) က ဓာတ်ပုံများဖြင့် အသိပေးထုတ်ပြန်မှုများ ပြုလုပ်နေကြသည်။ မြန်မာ နိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ဆေးဝါးအများစု မှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများမှ ထုတ်လုပ်သည့် ဆေးဝါးများ ဖြစ်သည်။ ဆေးဝါးကုမ္ပဏီများမှ တစ်ဆင့် တရားဝင်တင်သွင်းမှုများရှိပြီး နယ်စပ် ဖြတ်ကျော်ကာ တရားမဝင် တင်သွင်းလာသည့် ဆေးဝါးများလည်း ရှိနေသည်။ ပြည်သူလူထုအများစု မှာ မှတ်ပုံတင်ထားသည့် ဆေးဝါး၊ ဆေးဝါး အတု၊ အစစ်နှင့်သက်တမ်းလွန် ဆေးဝါး ဟုတ်/မဟုတ် ဟူသည်ကို မဝေခွဲနိုင်သည့်အတွက် ယင်းအခြေ အနေများကို အခွင့်ကောင်းယူ၍ ဆေးဝါးအတုများ ရှိနေခြင်းဖြစ်သည်။
နိုင်ငံအများအပြား ကိုဗစ်ကူးစက်ရောဂါနှင့် ရင်ဆိုင်နေရချိန်တွင် ကာကွယ်ဆေးအတုများ၊ ဆေးဝါးအတုများ၊ ဆေးပစ္စည်းကိရိယာအတုများ ထွက်ပေါ်နေသဖြင့် ယင်းပြဿနာမှာ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသကဲ့သို့ ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် ဆေးဝါးများ၊ အစားအသောက်များနှင့် ပတ်သက် သည့် ဥပဒေအသီးသီး ပြဋ္ဌာန်းထားပြီးဖြစ်သော် လည်း ဥပဒေအတော်များများမှာ ပြည်သူလူထု၏ ကျန်းမာရေးအပေါ် အကာအကွယ်ပေးမှု အားနည်း နေဆဲဖြစ်သည်။ ဆေးဝါးအတု၊ ဆေးပစ္စည်းအတု ပြုလုပ်မှုသည် ကမ္ဘာတစ်ဝန်းလုံး၌ ကျယ်ကျယ် ပြန့်ပြန့်ရှိနေသည့် စီးပွားရေးလုပ်ငန်း တစ်ရပ်ဖြစ် သည်။ ဆေးဝါးအတုများကြောင့် လူများ၌ ဆေးမတိုး တော့သည့် ဆင့်ကဲရောဂါပိုးမွှားများနှင့် မျိုးရိုးဗီဇပြောင်းသွားသောဖြစ်စဉ်များ ပေါ်ပေါက်လာနိုင် သဖြင့် ယင်းကိစ္စသည် ဒေသတစ်ခုတည်းအတွက် သာမက တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် ပြဿနာ ဖြစ်နေသည်။
ဆေးဝါးအတု အဓိကပစ်မှတ်
ဆေးဝါးအတု လုပ်ငန်းများ၏ အဓိကပစ်မှတ်မှာ ဖွံ့ဖြိုးမှုနည်းပါးသည့်နိုင်ငံများ၊ ဆင်းရဲမွဲတေမှု နိမ့်ကျ နေသည့် နိုင်ငံများဖြစ်သည်။ WHO က အာဖရိက တွင် နမူနာဆေးဝါးများ၏ ၁၈ ဒသမ ၇ ရာခိုင်နှုန်း သည် အတု သို့မဟုတ် စံချိန်မမီကြောင်း တွေ့ရှိခဲ့ သည်။ ၂၀၁၈ ခုနှစ်အတွင်း အိုင်ဗရီကို့စ်၊ လိုက် ဘေးရီးယားနှင့် ဆီရာလီယွန်းနိုင်ငံများတွင် ဆေးဝါး အတု တန်ချိန် ၁၉ တန် ဖမ်းဆီးရမိခဲ့သည်။ ဝင်ငွေ နည်း သို့မဟုတ် အလယ်အလတ်ရှိသော နိုင်ငံများ၌ ဆေးပစ္စည်းထုတ်ကုန် ၁၀ ခုတွင် တစ်ခုသည် စံမမီ ဆေးဝါး သို့မဟုတ် ဆေးဝါးအတုဖြစ်နေကြောင်းနှင့် ဆေးဝါးအတုများကြောင့် အာဖရိကတိုက်တွင် တစ်နှစ်လျှင် သေဆုံးသူ ၁ဝဝဝဝဝ ခန့်ရှိကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံအများအပြားအနေဖြင့် ကိုဗစ်ကူးစက် ရောဂါနှင့် ရင်ဆိုင်နေရချိန်တွင် ထိုသို့သော ကာကွယ် ဆေးအတုများ၊ ဆေးဝါးအတုများ၊ ဆေးပစ္စည်း ကိရိယာအတုများ၏ ပြဿနာမှာ တစ်ပူပေါ်နှစ်ပူ ဆင့်ဆိုသကဲ့သို့ ဖြစ်စေသည်။ နိုင်ငံအချို့ရှိ ဆေးဘက် ဆိုင်ရာဝန်ထမ်းများ၊ ကိုဗစ်ဗိုင်းရပ်စ်နှင့် အနီးကပ် ဆုံးထိတွေ့နေရသူများ အများဆုံး အသုံးပြုနေရ သည့် နှာခေါင်းစည်းများ အရည်အသွေးမပြည့်ဝမှု၊ ကိုရိုနာဗိုင်းရပ်စ် အမြန်စစ်ဆေးနိုင်သည့် ကိရိယာ များ၏ အရည်အသွေးစိတ်မချရမှုကြောင့် ထုတ်လုပ် သည့်နိုင်ငံနှင့် အသုံးပြုသည့်နိုင်ငံအချင်းချင်း အငြင်း ပွားမှုများ ဖြစ်ပေါ်နေသကဲ့သို့ အများပြည်သူတို့ မရှိမဖြစ် လိုအပ်နေသော နှာခေါင်းစည်းအတု ထုတ်လုပ်ရောင်းချမှုများနှင့် ဖမ်းဆီးရမိမှုများလည်း ရှိနေသည်။
မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ ဝယ်ယူသုံးစွဲကြ
ဈေးကွက်အတွင်းရှိ ဆေးဝါး၊ ဆေးပစ္စည်းအတု များနှင့်ပတ်သက်၍ အင်တာပိုလ်က ပါဝင်ပစ္စည်း တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောပစ္စည်းများလွန်း ခြင်း သို့မဟုတ် နည်းလွန်းခြင်း သို့မဟုတ် မတူညီ သော ပစ္စည်းများပါဝင်ခြင်း၊ မတူညီသော ဂုဏ်သတ္တိ များ သို့မဟုတ် ဘေးထွက်ဆိုးကျိုးများရှိခြင်း၊ မတူညီသောပုံသဏ္ဌာန်၊ အရွယ်အစား၊ အရသာ သို့မဟုတ် အရောင်ရှိခြင်း၊ မှန်ကန်စွာ တံဆိပ်မကပ် ခြင်း သို့မဟုတ် လုံးဝတံဆိပ်မကပ်ခြင်း၊ ခေတ်မမီ တော့သော သက်တမ်းကုန်ဆုံး ရက်စွဲရှိနေခြင်း၊ ဆေးကို သိမ်းဆည်းပုံနှင့် ပတ်သက်သည့် အချက် အလက်များ မပါရှိခြင်း၊ ညံ့ဖျင်းသော ထုပ်ပိုးမှုရှိခြင်း၊ စာလုံးပေါင်း သို့မဟုတ် သဒ္ဒါအမှားအယွင်းများဖြင့် တံဆိပ်တပ်ထားခြင်း စသည့်စံနှုန်းများဖြင့် သတ်မှတ် သည်။ အများပြည်သူတို့အနေဖြင့် လူမှုကွန်ရက်နှင့် အင်တာနက်စာမျက်နှာများ၊ အွန်လိုင်းဈေးကွက် တွင် ကြေညာလေ့ရှိသော ကပ်ရောဂါဆိုင်ရာ ကာကွယ်ဆေးနှင့် ဆေးပစ္စည်းများကို ဝယ်ယူသုံးစွဲ ခြင်းမပြုရန်နှင့် မှတ်ပုံတင်ထားသော ဆေးဝါးများ ကိုသာ ဝယ်ယူသုံးစွဲကြပါရန် တိုက်တွန်းလိုက်သည်။
တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်
မျက်မှောက်ကာလတွင် ဆေးဝါးနှင့် ဆေးပစ္စည်း အတု၊ ငွေစက္ကူအတု၊ အလှကုန်အတု အစရှိသည့် လုပ်ငန်းများသည် ကမ္ဘာတစ်ဝန်း၌ ကျယ်ကျယ် ပြန့်ပြန့်ရှိနေသည့် စီးပွားရေးလုပ်ငန်းတစ်ရပ် ဖြစ် နေသည်။ ကုန်ပစ္စည်းအတုအပသည် လုပ်ငန်း အားလုံးအပေါ် သက်ရောက်မှုရှိသော်လည်း ကိုဗစ် ကပ်ရောဂါ အကျပ်အတည်းကာလအတွင်း ဆေးဝါး အတုများ၊ စံမမီထုတ်ကုန်အတုများ ပိုမိုမြင့်တက် လာခဲ့သည်။ စစ်တမ်းများအရ အတုအပဈေးကွက် သည် ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် အကြီးမား ဆုံး ရာဇဝတ်မှုမြောက်သည့် လုပ်ငန်းဖြစ်သည်။ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတို့ထက် တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ထရီလီယံ ပိုများသည်။ ယင်းလုပ်ငန်းသည် ၂ဝ၂၂ ခုနှစ်တွင် ဒေါ်လာ ၂ ဒသမ ၈ ထရီလီယံအထိ တိုးလာမည်ဟု ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားသည်။ အထူးသဖြင့် ဆေးဝါးအတုများကြောင့် လူအများ၌ ဆေးမတိုးတော့သည့် ဆင့်ကဲရောဂါပိုးမွှားများနှင့် မျိုးရိုးဗီဇပြောင်းလဲသွားသောဖြစ်စဉ်များ ပေါ်ပေါက် လာနိုင်သဖြင့် ယင်းကိစ္စသည် ဒေသတစ်ခုတည်း အတွက်သာမက တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် ပြဿနာဖြစ်နေ သည်။
မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံအချို့တွင်လည်း ဈေးကွက်ရရှိပြီးဖြစ်သော ပြည်ပကုန် အမှတ်တံဆိပ်များကို တိုက်ရိုက်ကူးယူသုံးစွဲမှု၊ ဆင်တူ ယိုးမှားပြုလုပ်မှုတို့ကြောင့် အမြတ်အစွန်းရနေသော လုပ်ငန်းများစွာရှိနေသည်။ ဉာဏပစ္စည်းမူပိုင်ခွင့် အမှတ်တံဆိပ်ကို တုပထုတ်လုပ်ရာမှ လက်ပူး လက်ကြပ်ဖမ်းမိသဖြင့် ဝန်ချတောင်းပန်သည့် ကြော်ငြာစာများ၊ ပြည်ပမှ တရားဝင်တင်သွင်းလာ သော အလှကုန်နှင့် ဆေးဝါးအချို့ကို အတုပြုလုပ်မှု ဖြင့် ဖမ်းဆီးရမိသည့် သတင်းများကို နေ့စဉ်ထုတ် သတင်းစာများတွင်မကြာခဏတွေ့မြင်နေရသည်။ ယနေ့ကာလတွင် နည်းပညာများအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များသည် ကဏ္ဍအားလုံးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်လာသည်။ မြန်မာနိုင်ငံတွင် ကုန် ပစ္စည်းအတုအပများနှင့် စပ်လျဉ်း၍ ထုတ်လုပ်သူ၊ ရောင်းဝယ်ဖောက်ကားသူများအပေါ် အရေးယူနိုင် သည့် ဥပဒေများရှိပြီးဖြစ်သည်။ တည်ဆဲဥပဒေများ ကို အကောင်အထည်ဖော်ရာ၌ လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်သည်။ သက်ဆိုင်ရာမှ ဈေးကွက်အတွင်း စစ်ဆေးခြင်းများရှိသော်လည်း အကြောင်းကြောင်း ကြောင့် ထိရောက်စွာ မလုပ်ဆောင်နိုင်သေးပေ။ မည်သည့်နိုင်ငံမဆို ကုန်ပစ္စည်းအတုများကို ထုတ်လုပ်၊ ရောင်းဝယ် ဖောက်ကားသူများကို ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်အရေးယူနိုင်မှ သာ ဝယ်ယူသုံးစွဲသူတို့၏ ကျန်းမာရေးနှင့် စားသုံးသူ အခွင့်အရေးများကို အကာအကွယ်ပေးရာ ရောက် မည်ဖြစ်သည်။
ဆေးဝါးအတုအပဆိုင်ရာ အသိပညာပေးရေး လုပ်ငန်းများကို ပြည်သူလူထုအတွင်း စဉ်ဆက် မပြတ်လုပ်ဆောင်ရန်နှင့် ဆေးဆိုင်များကို ပုံမှန် စစ်ဆေးခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းများကို အလေးထား အကောင်အထည်ဖော်သင့်သည်။ အများပြည်သူတို့အနေဖြင့်လည်း တရားဝင်ဖွင့်လှစ် ထားသော ဆေးဆိုင်များတွင်သာ ဝယ်ယူခြင်း၊ မှတ်ပုံတင်ထားသည့် ဆေးဝါး ဟုတ်၊ မဟုတ် ဟူသည်ကို သေချာစွာ စစ်ဆေးပြီးမှ ဝယ်ယူသုံးစွဲ ကြရန် လိုအပ်သည်။ ကပ်ရောဂါကာလကို အခွင့် ကောင်းယူကာ ဆေးဝါးအတုများ ပိုမိုထုတ်လုပ် ဖြန့်ဖြူး ရောင်းချမှုကို သတိကြီးစွာထားပြီး ဝယ်ယူ သုံးစွဲရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။
- Log in to post comments