ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများက စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များ အောင်မြင်ရေးကို ခြိမ်းခြောက်နေ

 

နွယ်နီလင်း
 

ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (SDGs) ၁၇ ခုကို ခြိမ်းခြောက်နေကြောင်း မကြာသေးမီက ထုတ်ပြန်လိုက်သည့် ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဆိုင်ရာ  တိုးတက်မှု အကဲဖြတ်အစီရင်ခံစာသစ်တွင် သတိပေးထားသည်။

 


စဉ်ဆက်မပြတ်   ဖွံ့ဖြိုးတိုးတက်မှု    ပန်းတိုင် အစီရင်ခံစာ   ၂၀၂၂  တွင်  စစ်ပွဲများ  တိုးလာခြင်း၊ ဆက်တိုက်ဖြစ်ပွားနေသော ကိုဗစ်-၁၉  ကပ်ရောဂါ နှင့်   ရေရှည်ခံစားနေရသည့်   ရာသီဥတုဆိုင်ရာ အကျပ်အတည်းများကြောင့်  ယခုနှစ်တွင် လူပေါင်း ၇၅ သန်းမှ ၉၅ သန်းအထိ  ဆင်းရဲတွင်းသို့ တွန်းပို့  ခံရနိုင်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ မတိုင်မီ ကာလနှင့်  နှိုင်းယှဉ်ပါက   ပိုမိုခံနိုင်ရည်ရှိသော၊    ငြိမ်းချမ်းပြီး  တန်းတူညီမျှသော  လူ့အဖွဲ့အစည်း များ၏ အခွင့်အရေးများစွာကို ထိခိုက်စေလျက်ရှိ ကြောင်း     ဖော်ပြထားသည်။    ကမ္ဘာလုံးဆိုင်ရာ   ရည်မှန်းချက်များဖြစ်သည့်   စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး   ပန်းတိုင်များ    အောင်မြင်ရန်     ကမ္ဘာ့နိုင်ငံများ၏      ကြိုးပမ်း အားထုတ်မှုများကို  ကပ်ရောဂါကြောင့်  ထိခိုက်စေခဲ့ပြီး ၎င်း၏သက်ရောက်မှုသည်   ပြီးဆုံး ရန် အလှမ်းဝေးသေးကြောင်း ကုလသမဂ္ဂ စီးပွား ရေးနှင့် လူမှုရေးဆိုင်ရာ  အထွေထွေအတွင်းရေးမှူး လျူရှန်မင်းကဆိုသည်။

 


ဆင်းရဲမွဲတေမှု လျှော့ချရေး


ကိုဗစ်-၁၉  ကပ်ရောဂါကြောင့် သေဆုံးမှုမှာ ယမန်နှစ် အကုန်တွင် ၁၅ သန်းအထိ ရှိလာခဲ့ပြီး ကပ်ရောဂါ ကြောင့် ဆင်းရဲမွဲတေမှုလျှော့ချရေးတွင် လေးနှစ်ကျော်    တိုးတက်မှု     ပျက်ပြယ်သွားကာ  ကျန်းမာရေး  ဝန်ဆောင်မှုများကိုလည်း ပြင်းထန်စွာ နှောင့်ယှက်မှုဖြစ်စေပြီး  ပန်းတိုင် (၃) အတွက်  ရရှိထားသော  တိုးတက်မှုကို   သွေဖည်သွားစေခဲ့ ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

 


ပညာသင်ကြားမှု


ထို့အပြင် ၂၀၂၀ ပြည့်နှစ်မှစ၍ ကျောင်းသား ၁၄၇ သန်းကျော်သည် ၎င်းတို့၏ ပညာသင်ကြားမှု ဆိုင်ရာများကို တစ်ဝက်ခန့် မလုပ်ဆောင်နိုင်ခဲ့ပေ။ 

 


ရာသီဥတုပြောင်းလဲမှု


ကမ္ဘာကြီးပူနွေးလာမှုနှင့် ပြင်းထန်သောရာသီ ဥတုပုံစံများကြောင့် သန်းနှင့်ချီသောလူများသည် ရာသီဥတုကပ်ဆိုး၏ အကျိုးဆက်များကို ခံစားနေ ကြရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း စွမ်းအင် ကဏ္ဍနှင့်ဆက်စပ်သည့် ကာဗွန်ဒိုင်အောက်ဆိုက်  ဓာတ်ငွေ့ထုတ်လွှတ်မှုသည်  အမြင့်ဆုံးအဆင့်သို့  ရောက်ရှိခဲ့သည်။   ရာသီဥတု     ပြောင်းလဲမှု၏ အဆိုးရွားဆုံးသက်ရောက်မှုများကို ရှောင်ရှားရန် အတွက်   ကမ္ဘာလုံးဆိုင်ရာ   ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၂၀၂၅ ခုနှစ်မတိုင်မီတွင်  ထုတ်လွှတ် မှု အမြင့်ဆုံးမှ လျှော့ချနိုင်ရေး၊ ၂၀၃၀ ပြည့်နှစ်တွင် ၄၃ ရာခိုင်နှုန်း ကျဆင်းနိုင်ရေးနှင့်  ၂၀၅၀ ပြည့်နှစ် တွင် အသားတင်ထုတ်လုပ်မှု သုညသို့ ရောက်ရှိနိုင် ရေး  ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။

 


စွမ်းအင်နှင့် စားနပ်ရိက္ခာ အကျပ်အတည်း


သို့သော်လည်း ကပ်ရောဂါနှင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်   အကျပ်အတည်းများကြောင့်  လာမည့် ဆယ်စုနှစ်အတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ၁၄ ရာခိုင်နှုန်းနီးပါး တိုးလာနိုင်ကြောင်း  ခန့်မှန်း ထားသည်။ 

 


တစ်ချိန်တည်းတွင် စစ်ရေးပဋိပက္ခများကြောင့်  အစားအစာ၊     လောင်စာဆီနှင့်    ဓာတ်မြေသြဇာ ဈေးနှုန်းများ     မြင့်တက်လာခဲ့ပြီး   ထောက်ပံ့ရေး ကွင်းဆက်များနှင့်   ကမ္ဘာ့ကုန်သွယ်ရေးကို  ထပ်မံ  ပြတ်တောက်စေလျက်ရှိသည့်အပြင်       ငွေကြေး ဈေးကွက်များလှုပ်ခတ်မှုကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးနှင့်      ထောက်ပံ့ရေး    စီးဆင်းမှုများကို ခြိမ်းခြောက်လျက်ရှိသည်။

 


ကမ္ဘာ့စားနပ်ရိက္ခာ၊ စွမ်းအင်ဈေးနှုန်းများနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ   သွင်းအားစု    ကုန်ကျ စရိတ်များ မြင့်တက်လာခြင်းကြောင့် သုံးလအတွင်း  ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများရှိ လူဦးရေ ၇၁ သန်းကို ပိုမိုနက်ရှိုင်းသည့် ဆင်းရဲတွင်းထဲသို့ ရောက်ရှိစေ  ခဲ့ကြောင်း ဇူလိုင် ၇ ရက်က ထုတ်ပြန်လိုက်သည့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်  (ယူအင်န်ဒီပီ)   ၏ အစီရင်ခံစာကလည်း ဖော်ပြထားသည်။

 


ကမ္ဘာ့ဆင်းရဲမွဲတေမှုနှုန်းသည်    လွန်ခဲ့သည့် သုံးလအတွင်း   ပိုမိုမြင့်တက်လာခဲ့ပြီး    ကိုဗစ်-၁၉ ရောဂါ    ကူးစက်မှုကြောင့်     ဖြစ်ပေါ်လာသည့် စီးပွားရေးထိခိုက်မှု       အကျိုးဆက်များထက်ပင် ကြောက်စရာကောင်းလောက်အောင် ပိုမိုမြန်ဆန် လာကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြသည်။

 


ထို့ပြင် ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်း ရန်အတွက် ဗဟိုဘဏ်အတိုးနှုန်းများ မြှင့်တင်ခြင်း များသည်  အကျပ်အတည်းကို  ပိုမိုဆိုးရွားစေပြီး  ကမ္ဘာတစ်ဝန်း စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု၏ နောက်ဆက်တွဲဖြစ်သည့်   ဆင်းရဲမွဲတေမှုကို   ပိုမို နက်ရှိုင်းစေနိုင်မည့် အန္တရာယ်ရှိကြောင်း ယူအင်န် ဒီပီက သတိပေးထားသည်။ 

 


အဆိုပါ အစီရင်ခံစာတွင် နိုင်ငံပေါင်း ၁၅၉ နိုင်ငံ ကို   လေ့လာခဲ့ပြီးနောက်   ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး  ဘော်လ်ကန်ဒေသနိုင်ငံများ၊ ကက်စပီယန်ပင်လယ် ဒေသနှင့်   အာဖရိကဆာဟာရဒေသများ     အထူး သဖြင့် ဆာဟဲဒေသတွင် အဆိုးရွားဆုံးအခြေအနေဖြစ်ပေါ်နေကြောင်း တွေ့ရှိခဲ့သည်။

 


ကမ္ဘာတစ်ဝန်းရှိ လူများစွာအတွက် မကြုံစဖူး  ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကို ရင်ဆိုင်နေ ရပြီး မနေ့ကတတ်နိုင်သည့် အစားအစာကို ယနေ့  ထိုဈေးနှုန်းဖြင့် မရနိုင်တော့သည့် အခြေအနေသို့  ဆိုက်ရောက်နေကြောင်း၊ ဤလူနေမှုစရိတ်ကြီးမြင့်မှု  အကျပ်အတည်းသည်      လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းနက်စေကာ   အံ့အားသင့်ဖွယ်  အရှိန် အဟုန်ဖြင့် ငတ်မွတ်ခေါင်းပါးသည့် အခြေအနေသို့ တွန်းပို့နေကြောင်း ယူအင်န်ဒီပီအကြီးအကဲဖြစ်သူ အာချင်စတိန်နာက သတိပေးပြောဆိုထားသည်။

 


ပလတ်စတစ်ညစ်ညမ်းမှု


ထို့အပြင်     ပလတ်စတစ်     မက်ထရစ်တန် ၁၇ သန်းသည် ယခုနှစ်တွင် သမုဒ္ဒရာအတွင်းသို့ ဝင်ရောက်လာကာ   ၂၀၄၀  ပြည့်နှစ်တွင်  နှစ်ဆ  သို့မဟုတ် သုံးဆခန့်ပင် ထပ်မံတိုးလာနိုင်ကြောင်း  ခန့်မှန်းထားသည်။

 


ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ


ဖွံ့ဖြိုးမှုအနည်းဆုံး    နိုင်ငံများ  (LDCs)  တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နည်းပါးခြင်း၊ ငွေကြေး ဖောင်းပွမှု    မြင့်တက်လာခြင်း၊    ထောက်ပံ့ရေး ကွင်းဆက်ပြတ်တောက်မှုများနှင့် ရေရှည်မတည်တံ့ နိုင်သော ကြွေးမြီများဖြင့် ရုန်းကန်နေရပြီး ကလေး လုပ်သားနှင့် ကလေးသူငယ် ထိမ်းမြားလက်ထပ်မှု  တိုးမြင့်လာမှုများနှင့်အတူ      လူငယ်များအတွက် အလုပ်အကိုင်   အခွင့်အလမ်းများလည်း    နည်းပါး လာသည်။

 


ဝင်ငွေနည်းနိုင်ငံများတွင် ကြွေးမြီဝန်ဆောင် မှုနှင့် ပို့ကုန်အချိုးသည် ပျမ်းမျှအားဖြင့် ၂၀၁၁ ခုနှစ် တွင် ၃ ဒသမ ၁ ရာခိုင်နှုန်းသာရှိခဲ့ရာမှ  ၂၀၂၀ ပြည့် နှစ်တွင် ၈ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာ ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 


ထို့ကြောင့် ကမ္ဘာသည် ယခုအခါ ထိခိုက်လွယ် ဆုံးသူများကို   ကူညီရန်နှင့်   ၂၀၃၀  ပြည့်နှစ်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များကို ကယ်တင် ရန်   လုပ်ဆောင်ရမည်ဟု    အဆိုပါအစီရင်ခံစာက  ထောက်ပြထားသည်။

 


လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များ  ပိုမို အားကောင်းလာစေရန်၊   ပြည်သူ့ဝန်ဆောင်မှုများ မြှင့်တင်ရန်နှင့် သန့်ရှင်းသောစွမ်းအင်တွင် ရင်းနှီး မြှုပ်နှံရန် လုပ်ဆောင်သည့်အခါ၊ ဥပမာ - တန်းတူ   ညီမျှမှုမရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့၏ မူလဇာစ်မြစ်များကို  ဖြေရှင်းနိုင်ရန်လိုကြောင်း လျူက  ပြောကြားသည်။

 


ယခုထုတ်ပြန်လိုက်သည့်    အစီရင်ခံစာသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံး၏ ၂၀၂၂ ခုနှစ်  အတွက်   စဉ်ဆက်မပြတ်  ဖွံ့ဖြိုးရေးပန်းတိုင်များ (SDGs) ဆိုင်ရာ တိုးတက်မှုအကဲဖြတ် အစီရင်ခံစာ (သတ္တမအကြိမ်) အဖြစ် ထုတ်ဝေခြင်းဖြစ်သည်။ ယခုနှစ် အစီရင်ခံစာတွင် ဝင်ငွေနည်းနှင့် အလယ် အလတ်  ဝင်ငွေနည်းနိုင်ငံများအတွက်  ဖွံ့ဖြိုးရေး၊ ဘဏ္ဍာရေးဆိုင်ရာ ဖြေရှင်းရေး  နည်းလမ်းများနှင့် အရေးကြီးသော    လိုအပ်ချက်များကို    ဆွေးနွေး ထားသည်။


ကိုးကား - ဆင်ဟွာ၊ အေအက်ဖ်ပီ