
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူအပေါင်းတို့ခင်ဗျား
ယနေ့ မင်္ဂလာရှိသော ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဦးစွာဆုတောင်း မေတ္တာပို့သအပ်ပါသည်။
စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေးတို့သည် လူသားတို့၏ နေ့စဉ်ဘဝအတွက် မရှိမဖြစ်လိုအပ်ချက်များဖြစ်ရာ ယနေ့ ကမ္ဘာ့ နိုင်ငံအသီးသီးတွင် ကျင်းပလျက်ရှိသော ကမ္ဘာ့စားနပ်ရိက္ခာနေ့သည် ကမ္ဘာ့လူသားအားလုံးအတွက် အထူးအလေးထားရမည့်နေ့ဟု အသိ အမှတ်ပြုရမည်ဖြစ်ပါသည်။
ယနေ့ကမ္ဘာပေါ်တွင်ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်း (၃ ဘီလီယံ)ခန့်သည် ကျန်းမာရေးနှင့်ပြည့်စုံသည့် အစားအစာမရရှိကြောင်း၊ ၁၀ရာခိုင်နှုန်းသော ကမ္ဘာ့လူဦးရေမှာ ဘေးမကင်းသည့်အစားအစာ များ၏ အကျိုးသက်ရောက်မှုကို ခံစားနေရကြောင်း၊ ကမ္ဘာ့အစား အစာစနစ်သည် မညီမျှမှုနှင့်မမျှတမှုများ ဖြစ်ပေါ်နေကြောင်း၊ ကမ္ဘာ ကြီး၏ အချို့သောနေရာများတွင် ရာသီဥတုပြောင်းလဲမှုကြောင့် သီးနှံ၊ သားငါးနှင့် သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်မှုကို လျော့ကျ စေလျက်ရှိပြီး ထွက်ကုန်များ၌ အာဟာရဓာတ်ပါဝင်မှုများလည်း ပြောင်းလဲလျက်ရှိကြောင်း၊ လေလွင့်ပြုန်းတီးမှုများသည်သီးနှံသားငါး ထုတ်လုပ်မှုတွင် ၁၄ ရာခိုင်နှုန်းနှင့် စားသုံးမှုတွင် ၁၇ ရာခိုင်နှုန်းမျှ ရှိနေကြောင်း၊ တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းနေမှုများအရ ကမ္ဘာတစ်ဝန်း၏ စားနပ်ရိက္ခာဖူလုံ မှုကို ထပ်ဆင့်ထိခိုက်စေလျက်ရှိရာ လက်ရှိစားနပ်ရိက္ခာဖူလုံမှုမရှိ ခြင်း ခံစားနေရသည့် ကမ္ဘာ့လူဦးရေသန်း ၆၉၀ ထက် ထပ်မံ၍ သန်း ၁၀၀ ခန့် ပိုမိုတိုးပွားလာနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ထုတ်ပြန်ထားပါသည်။
သို့ဖြစ်ရာ စားနပ်ရိက္ခာထုတ်လုပ်မှုတွင် အခြေခံကျသည့် လယ်ယာ ကဏ္ဍကြီးနှင့် ထုတ်လုပ်မှုကွင်းဆက်လုပ်ငန်းများ၌ အာဟာရ ပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် အရည်အသွေးကောင်း ထွက်ကုန်များ ထွက်ရှိရေး၊ လေလွင့်ပြုန်းတီးမှုများ လျှော့ချရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိပြီး ရေရှည်တည်တံ့ သည့်မျိုး၊ နည်းစနစ်များအသုံးချရေး၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူ များ ထိုက်သင့်သည့်ဝင်ငွေရရှိရေးတို့အတွက် ကမ္ဘာ့နိုင်ငံများအနေဖြင့် ထိရောက်သောမူဝါဒများ ချမှတ်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသ များတွင်နေထိုင်ကြပြီး အဓိကအခြေခံစီးပွားရေးမှာ လယ်ယာကဏ္ဍ ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရသည် ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်နှင့်အညီ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးအစီအစဉ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာမူဘောင်နှင့် စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှုမဟာဗျူဟာတို့ကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (GDP)တွင် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း အရ လယ်ယာကဏ္ဍအနေဖြင့် စုစုပေါင်း ၁၄.၁ ရာခိုင်နှုန်းပါဝင်ပြီး သားငါးကဏ္ဍအနေဖြင့် စုစုပေါင်း ၇.၇ ရာခိုင်နှုန်း ပါဝင်လျက်ရှိပါ သည်။ စုစုပေါင်း ပို့ကုန်တန်ဖိုးတွင် လယ်ယာကဏ္ဍ ပို့ကုန်တန်ဖိုး ပါဝင်မှုမှာ ၃၈ ရာခိုင်နှုန်း ဖြစ်ပါသည်။
စားနပ်ရိက္ခာဖူလုံရေးအတွက် ပြည်တွင်း၌ အဓိကစားသုံးသည့် ဆန်စပါးကို ဒေသအလိုက် ဖူလုံရေးအစီအမံများ၊ စားသုံးရာတွင် အရည်အသွေးကောင်းပြီး ပြည်ပဈေးကွက်တွင် ဈေးကောင်းရစေ မည့် စပါးမျိုးများ တိုးတက်ထုတ်လုပ်နိုင်ရေးအစီအစဉ်များ ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် လက်ရှိ စိုက်ပျိုးဧရိယာပေါ် တွင် အထွက်နှုန်းတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံအတွင်း ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးသော်လည်း စားသုံးဆီ ဖူလုံမှုမရှိသဖြင့် ပြည်ပမှ တင်သွင်းရလျက်ရှိရာ မြေပဲနှင့်နှမ်းအပြင် ဆီထွက်နှုန်းကောင်းသည့် ဆီအုန်း၊ နေကြာ၊ ပြောင်း၊ မုန်ညင်းနှင့် ပဲပုပ်တို့ကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့်သော် လည်းကောင်း၊ ဖွဲနု၊ ဝါစေ့နှင့်ပြောင်းဖူးကဲ့သို့ ဘေးထွက်ပစ္စည်းများမှ လည်းကောင်း ပြည်တွင်းဆီထုတ်လုပ်မှုကိုမြှင့်တင်ကာ တစ်ဖက်ကလည်း ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးနှင့်အညီ စားသုံးဆီသုံးစွဲမှုလျှော့ချ ကြရန် အသိပညာပေးပြီး နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူများ၏ စားရေးအပြင် ဝတ်ရေးအတွက်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် အထည်အလိပ်ကဏ္ဍတွင် အရေးကြီးသည့် “ဝါ” ကိုအဓိကသီးနှံအဖြစ် မြှင့်တင်ဆောင်ရွက်ရန် နှင့် စက်မှုကဏ္ဍကုန်ချောထုတ်လုပ်မှုလုပ်ငန်းများ ခေတ်မီတိုးတက် စေရန် နိုင်ငံတော်အစိုးရအနေဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။
လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားသည့် ကာလတွင် သွင်းအားစု၊ သယ်ယူပို့ဆောင်စရိတ်နှင့် ထုတ်လုပ်မှု စရိတ်များ မြင့်တက်လျက်ရှိသော်လည်း နိုင်ငံအတွင်းစားသောက်ကုန် ပြတ်လပ်မှုမရှိသည့်အပြင် ယခုနှစ်တွင် ရာသီဥတုကောင်းမွန်သဖြင့် စိုက်ပျိုးရေ လုံလောက်မှုရှိသည့်အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်ဖွယ်မရှိကြောင်း ခန့်မှန်းထားပါသည်။
စားနပ်ရိက္ခာအတွက် အရေးကြီးသည့်သီးနှံများအား ဧရိယာတိုးချဲ့ စိုက်ပျိုးနိုင်ရေးစီမံချက်များ ချမှတ်ဆောင်ရွက်ခြင်း၊ မျိုးကောင်း မျိုးသန့်များ စျေးနှုန်းသက်သာစွာ ဖြန့်ဖြူးနိုင်ရန်နှင့် ပုဂ္ဂလိက မျိုးစေ့ ထုတ်ကဏ္ဍ တိုးတက်လာစေရန် ဌာန၊ သမဝါယမ၊ ကုမ္ပဏီအစီအစဉ် ဖြင့် မျိုးစေ့ထုတ်လုပ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုအပေါ်မူတည်၍ ရေမြေ၊ ဒေသအလိုက် လိုက်လျောညီထွေဖြစ်မည့် သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ ဆည်ရေလုံလောက်စွာမရရှိသည့်ဒေသများ တွင် ဝင်ငွေရရှိစေနိုင်မည့် သီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်းနှင့် သက်တမ်းတို ဟင်းသီး/ရွက်များ စိုက်ပျိုးခြင်း၊ ဒေသဝမ်းစာဖူလုံရေး အစီအမံများ ချမှတ်အကောင်အထည်ဖော်ခြင်း ၊ စိုက်ပျိုးနည်းပညာပေးလုပ်ငန်းများမြှင့်တင်ခြင်း စသည့်လုပ်ငန်းများကို နေပြည်တော် ကောင်စီနယ်မြေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူများ၏ အာဟာရပြည့်ဝရေးအတွက် အသားကဏ္ဍဖွံ့ဖြိုးပြီး အသားစားသုံးမှုမြင့်မားလာစေရန်နှင့် မွေးမြူရေးလုပ်ငန်းခေတ်မီ ဖွံ့ဖြိုးလာစေရန်အတွက် နွား၊ ကျွဲ၊ ဆိတ်၊ သိုး၊ ဝက်၊ ဘဲနှင့် ကြက် မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးခြင်း၊ မေထုန်မဲ့နည်းဖြင့် မျိုးမြှင့် မျိုးပွားမှုကို မြှင့်တင်ခြင်း၊ မွေးမြူရေးခြံများတွင် ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးကျင့်စဉ်များ (Good Animal Husbandry Practices – GAHP ) လိုက်နာ ကျင့်သုံးစေခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။
ပြည်တွင်းပြည်ပ ဈေးကွက်ခိုင်မာစွာရရှိရန်နှင့် ငါးမွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ငါး၊ ပုစွန်မွေးမြူခြင်းလုပ်ငန်း၌ ကောင်းမွန် သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practices- GAqP) အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရေးပံ့ပိုးခြင်း၊ ငါးမွေးမြူရေးသင်တန်းများ ဒေသအရောက်ပို့ချခြင်းနှင့် လိုအပ်သော သားပေါက်များ ဖြန့်ဖြူးပေးခြင်း၊ ငါးရောဂါဆိုင်ရာ ဓာတ်ခွဲခန်းများ တည်ထောင်ခြင်း၊ အအေးပိုင်းငါးများသားဖောက်ခြင်းနှင့် မွေးမြူ ရေးနည်းပညာများ ပံ့ပိုးပေးခြင်း၊ မြစ်ချောင်းများအတွင်း လှောင်အိမ် ဖြင့် ငါးမွေးမြူသည့်နည်းပညာများ ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားလျက် ရှိသည့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အဓိကရိက္ခာဖြစ်သည့် စပါးသီးနှံ စိုက်ဧက ၁၇.၂၀ သန်းကျော်နှင့် အထွက်တင်းပေါင်း ၁၂၆၅ သန်း ကျော် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါသည်။ အဓိက ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ စိုက်ဧက ၇.၂၁ သန်းကျော်၊ အထွက် တင်းပေါင်း ၁၈၄ သန်းကျော်နှင့် ပဲမျိုးစုံသီးနှံများ စိုက်ဧက စုစု ပေါင်း ၉.၈၁ သန်းကျော်၊ အထွက်တင်းပေါင်း ၁၅၆.၈၉ သန်းကျော်
စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါသည်။ ထို့ပြင် နှစ်အတွင်း အသား မက်ထရစ် တန် ၁.၀၅ သန်း၊ ငါးမက်ထရစ်တန် ၅.၄ သန်း၊ နို့ကီလိုဂရမ် ၁၈.၇ သန်း၊ ဥအလုံးရေ ၂၂၈၃.၈၁ သန်း ထုတ်လုပ်နိုင်ခဲ့ပါသည်။
ထို့ပြင် နိုင်ငံတွင်းအာဟာရချို့တဲ့မှုနှုန်း မြင့်မားနေခြင်းကို လျှော့ချရန် ရည်ရွယ်ရေးဆွဲထားသော ကဏ္ဍပေါင်းစုံပါဝင်သည့် အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ၅ နှစ်စီမံကိန်း (၂၀၁၈-၂၀၂၃) ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ စိုက်ပျိုး မွေးမြူထုတ်လုပ်မှုများ တိုးတက်လာစေရန်နှင့် အရည်အသွေး ကောင်းထုတ်ကုန်များဖြစ်စေရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက် မှုအရ နိုင်ငံတွင်ဆန်နှင့် စားနပ်ရိက္ခာပြည့်စုံစေသည့်အပြင် အပိုအလျှံ များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်လျက်ရှိပါသည်။
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးတွင် အားလုံးညီညွတ်မျှတရန် လိုအပ် ပြီး အထူးသဖြင့် ပြည်နယ်များနှင့် အခြားဖွံ့ဖြိုးမှုနောက်ကျနေသေး သည့် ဒေသများဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့် ကျေးလက်ကွာဟမှုကို လျှော့ချပေးနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်သောက်သုံးရေ၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက် ခြင်း၊ စီးပွားရေးလုပ်ဆောင်နိုင်ရန် အရင်းမပျောက်မတည်ငွေ ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ခြင်း၊ ပြည်သူများ၏ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုကာကွယ်ရေးကို ဌာန / အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်စေခြင်း ၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုကုန်ထုတ်လုပ်ငန်း များအား နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်ရရှိစေရန် လူမှုအဖွဲ့ အစည်းများနှင့် ညှိနှိုင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲကွန်ဗင်းရှင်း (Convention of Biological Diversity- CBD) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများညီလာခံတွင် ချမှတ်ခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းဆိုင်ရာ ရည်မှန်းချက် များကို အကောင်အထည်ဖော်နိုင်ရန် နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် ( ၂၀၁၅ -၂၀၂၀ ) အား ရေးဆွဲပြီး ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့(၅)ဖွဲ့ ဖွဲ့စည်းကာပူးပါင်းဆောင်ရွက် လျက်ရှိပါသည်။ ထို့ပြင် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒကို ထုတ်ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသား ဇီဝလုံခြုံမှု ဆိုင်ရာ မူဘောင်ရေးဆွဲရေးစီမံကိန်းကို ဆောင်ရွက်လျက်ရှိပါသည်။
ငါးသယံဇာတ ရေရှည်တည်တံ့ရေးအတွက် ငါးမဖမ်းရ ရာသီ သတ်မှတ်ခြင်း၊ တရားမဝင် ငါးဖမ်းဆီးမှုပပျောက်စေရေးအတွက် Vessel Monitoring System ဖြင့် စောင့်ကြည့်ကြပ်မတ်ခြင်း၊ မျိုးစိတ် တစ်ခုခြင်းအလိုက် / ငါးဖမ်းဧရိယာအလိုက် ငါးမဖမ်းရ နယ်မြေများ သတ်မှတ်ခြင်း၊ တားမြစ်ထားသည့် ငါးဖမ်းကိရိယာများဖြင့် မဖမ်းဆီး ရေးအတွက် စောင့်ကြည့်စစ်ဆေးခြင်းများနှင့် ငါးသယံဇာတတည်ရှိ မှု အကဲဖြတ်လေ့လာဆန်းစစ်ခြင်း သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
ချစ်ခင်လေးစားရပါသောမိဘပြည်သူများခင်ဗျား
ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့၏ ဆောင်ပုဒ်မှာ “ ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များသည် ကျွန်ုပ်တို့၏ အနာဂတ်၊ ပိုမိုကောင်းမွန် သော ထုတ်လုပ်မှု ၊ အာဟာရ၊ သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘဝ” (Our actions are our future. Better Production, Better Nutrition, a Better Environment and a Better Life) ဟူ၍ ဖြစ်ပါသည်။
မိဘပြည်သူအပေါင်းတို့၏ လူမှုစီးပွားဘဝနှင့် သဘာဝပတ်ဝန်း ကျင် ကောင်းမွန်သာယာလှပစေရေးအတွက် နိုင်ငံတော်အစိုးရ၏ ယနေ့ကြိုးပမ်းဆောင်ရွက်ချက်များဖြစ်သော အာဟာရပြည့်ဝပြီး ဘေးကင်းလုံခြုံသည့် စားနပ်ရိက္ခာဖူလုံစွာရရှိရေး၊ ဆင်းရဲချမ်းသာ ကွာဟမှုများ ကျဉ်းမြောင်းရေး၊ ကျေးလက်ဒေသ စည်ပင်သာယာ ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့၏ ဆောင်ပုဒ်နှင့်ထပ်တူကျလျက်ရှိပါကြောင်းနှင့် နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်သူအပေါင်း၏ စိတ်ရောကိုယ်ပါ ပူးပေါင်းပါဝင်မှုနှင့် အတူဆက်လက်၍ ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားမည် ဟု အဓိဋ္ဌာန်ပြုပါကြောင်း ယနေ့ကျရောက်သည့် ကမ္ဘာ့စားနပ်ရိက္ခာ နေ့တွင် မိဘပြည်သူအပေါင်းတို့ထံ လေးမြတ်စွာသဝဏ်လွှာပေးပို့အပ်ပါသည်။