
ကေကေစိုး
ကိုဗစ် -၁၉ ကန့်သတ်ချက်များကို အဆုံးသတ်ရာ တွင် သတိကြီးကြီးထားဆောင်ရွက်ကြရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက သတိပေးထားသော်လည်း အမေရိကန်ပြည်ထောင်စုတွင်မူ ကန့်သတ်ချက်များ ဖြေလျှော့ပေးမှု ပြုလုပ်နေပြီဖြစ်သည်။
ထောက်ခံကြဆဲဖြစ်
အမေရိကန် လူဦးရေ၏ ၂ ရာခိုင်နှုန်း အရေ အတွက်အားဖြင့် လူဦးရေ ခုနစ်သန်း နီးပါးမှာ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ (စီဒီစီ) က ထုတ်ပြန်ထားသည့်အဆောက် အအုံအတွင်း ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရန် ညွှန်ကြားချက်ကို ဆက်လက်ထောက်ခံကြဆဲဖြစ် သည်ဟု စီဒီစီက မတ် ၁၀ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
အချိန်ကာလတိုးချဲ့ခဲ့
ပြီးခဲ့သည့် သီတင်းပတ်အတွင်း လူဦးရေ ၁၆ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၇ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးထိုးခြင်း၊ ရောဂါကူးစက်မှုနောက် ခြေရာခံမှုအပြည့်လိုက်နိုင်ခြင်းနှင့် ကူးစက်ရောဂါ နှင့်ပတ်သက်သည့် ညွှန်ကြားချက်များကို လိုက်နာ ခြင်းအစရှိသည်တို့ ဆောင်ရွက်ကြကြောင်း သိရ သည်။
သို့သော်လည်း လူဦးရေ၏ ၇၃ ရာခိုင်နှုန်းမှာမူ ယင်းသို့မဟုတ်ချေ။ လူဦးရေ၏ ၂၁ ရာခိုင်နှုန်းမှာမူ ရောဂါကူးစက်မှုစည်းကမ်းချက်များနှင့်ပတ်သက် ၍ အလယ်အလတ်အဆင့်သာ လိုက်နာနေထိုင်ကြ သည်ဟု ဆိုသည်။ သယ်ယူပို့ဆောင်မှုလုံခြုံရေး စီမံခန့်ခွဲမှုအဖွဲ့သည် အများပြည်သူနှင့်သက်ဆိုင် သည့် သယ်ယူပို့ဆောင်ရေးနေရာများတွင် ပါးစပ် နှာခေါင်းစည်းတပ်ဆင်ရမည့် အမိန့်ကို ဧပြီ ၁၈ ရက် မတိုင်ခင်အထိ ဆက်လက်ထားရှိပြီး အချိန် ကာလတိုးချဲ့ခဲ့သည်ဟု အိမ်ဖြူတော်နှင့် သယ်ယူ ပို့ဆောင်မှုလုံခြုံရေး စီမံခန့်ခွဲမှုအဖွဲ့က ပြောသည်။
လက်တွဲဆောင်ရွက်သွားမည်
အများပြည်သူနှင့်သက်ဆိုင်သည့် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများတွင် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရမည့်အမိန့်မှာ မတ် ၁၈ ရက်ဆိုလျှင် သက်တမ်းကုန်ဆုံးပြီဖြစ်သည်။ ယခင်ကလည်း အဆိုပါအမိန့်ကို နှစ်ကြိမ်တိုင်တိုင်သက်တမ်းတိုးခဲ့ပြီးဖြစ်သည်။ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာသည် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရမည့်အမိန့်ကို ရုပ်သိမ်းနိုင်သည့် မူဝါဒနှင့် ပတ်သက်၍ အစိုးရအေဂျင်စီများနှင့်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်သည်။
လုပ်ငန်းခွင်ဝင်နိုင်ရေးခွင့်ပြုပေးခဲ့
ထိုစဉ် ယူနိုက်တက်အဲလိုင်းတွင် ကာကွယ် ဆေးထိုးထားခြင်းမရှိသည့်ဝန်ထမ်းများကို မတ် ၂၈ ရက်မှစတင်ကာ လုပ်ငန်းခွင်သို့ဝင်နိုင်ရေး ပြန်လည်ခွင့်ပြုပေးခဲ့သည်။ အမေရိကန်တွင် ကူးစက်မှုနှုန်းလျော့ကျလာသည်ကို အကြောင်းပြု ကာ ယင်းသို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တိုင်းပြည်အတွင်း ကိုဗစ် -၁၉ကာကွယ်ဆေးထိုးရန် စည်းကမ်းအတင်းကျပ်ဆုံး ထားရှိထားသည့် ကုမ္ပဏီတစ်ခုက ယင်းကဲ့သို့ ပြုမူဆောင်ရွက်ခြင်း လည်းဖြစ်သည်။ ပြီးခဲ့သည့်ဩဂုတ်လအတွင်းက ယူနိုက်တက် အဲယားလိုင်းတွင် အလုပ်သမားများကို ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးရန်လိုအပ်သည်ဟုအမိန့်ထုတ်ခဲ့သည်။ ယူနိုက်တက်အဲလိုင်းမှ အလုပ်သမား ၉၆ ရာခိုင်နှုန်း အကြမ်းဖျင်းအားဖြင့် အလုပ်သမား ၆၇၀၀၀ မှာ ကာကွယ်ဆေး ထိုးပြီး ဖြစ်ကြောင်း ကုမ္ပဏီကပြောသည်။
သတိပေးခဲ့
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ကပ်ရောဂါအကြောင်း ကြေညာခဲ့သည်။ ယင်းနောက် နှစ်နှစ်အကြာတွင် နိုင်ငံအများအပြားအနေဖြင့် ကပ်ရောဂါပြီးဆုံးသွား ပြီဟုကြေညာရန် စောလွန်းနေသေးကြောင်းနှင့် သတိထားမှုများကို လျှော့ချမပစ်ရန်အတွက်ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက သတိပေးခဲ့သည်။
လျှော့ချစပြုလာ
ကပ်ရောဂါဖြစ်ပွားနေသည်မှာ နှစ်နှစ်ကြာမြင့် လာပြီးနောက် အမေရိကန်ရှိ ပြည်နယ်များနှင့်အခြား သောနိုင်ငံများမှာ ပြည်သူ့ကျန်းမာရေးကြိုတင်ကာကွယ်မှုများကို လျင်လျင်မြန်မြန်ပင်လျှော့ချစပြုလာခဲ့သည်။ အိုမီခရွန်ကူးစက်မှု လျင်မြန်စွာ လျော့ကျလာခြင်းကို အကြောင်းပြု၍ ယင်းသို့ ဆောင်ရွက်ကြခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ဆေးစစ် မှုများကို လျှော့ချလိုက်ရုံမျှမက ကန့်သတ်ချက်များ ကိုလည်း ဖြေလျှော့ပေးခဲ့ကြသည်။
ဖိစီးနေဆဲဖြစ်
ကပ်ရောဂါကြောင့် တိုင်းပြည်မည်မျှပြောင်းလဲသွားသည်ကို အကဲဖြတ်ရန် အချိန်ယူရဦးမည်ဖြစ် သည်ဟု ဝါရှင်တန်ပို့စ်တွင် ဖော်ပြထားသည်။
ဖျားနာမှု၊ စိုးရိမ်ပူပန်မှု၊ နေ့စဉ် လူနေထိုင်မှုဘဝများ ကို အနှောင့်အယှက်ပေးမှုများမှာ သန်းနှင့်ချီသည့် ပြည်သူများအပေါ် ဖိစီးနေဆဲဖြစ်သည်။
တစ်ကြိမ်မကကူးစက်ခံထားရသည်လည်းရှိ
အမေရိကန်တွင် ကိုဗစ်-၁၉ကူးစက်မှုများမှာ သန်း ၈၀အထိရှိပြီ ဖြစ်သည်။ သို့သော်လည်းအဆိုပါ အရေအတွက်မှာ ပြည်နယ်များမှ ပေးပို့သည့်အချက် အလက်များအပေါ် အခြေခံထားခြင်းဖြစ်သည်။ အချို့သောသူများမှာ တစ်ကြိမ်မက ကူးစက်ခံထားရ သည်လည်းရှိသည်။ ထို့ပြင်ဆေးစစ်မှုခံယူခြင်းမရှိ သူများလည်းရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ ပိုမိုတိကျသည့် အရေအတွက်များရရှိရန် အတွက်မူကူးစက်မှုမှ ပဋိပစ္စည်းကို အခြေခံသည့် သွေးစစ်မှုကို ကျန်းမာရေးအာဏာပိုင်များက ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ ခန့်မှန်းခြေ အားဖြင့် လူဦးရေသန်း ၁၄၀ ရာခိုင်နှုန်းအားဖြင့် ၄၃ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ကူးစက်ခံထားရသည်ဟု ခန့်မှန်းထားသည်။
ဖြေလျှော့မှုများပြုလုပ်လာကြ
ပြင်သစ်နိုင်ငံတွင်လည်း မတ်လ ၁၄ ရက်မှ စတင်ကာ ကျန်းမာရေးဆိုင်ရာနေရာများနှင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်း များမှအပ အဆောက်အအုံအတွင်းပိုင်းနေရာများ တွင် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရမည့် အမိန့်ကို ဖယ်ရှားမည်ဟု ကြေညာခဲ့သည်။ ပြင်သစ်နိုင်ငံတွင် ရောဂါကူးစက်မှုများ ရှိနေဆဲဖြစ်သော်လည်းအထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရသူ ဦးရေမှာမူ လျော့ကျလာသည်။ မတ်လအတွင်း နေ့စဉ်ကူးစက်ခံရသူဦးရေမှာ ၁၀၀၀၀၀ ကျော်လွန် လာခဲ့သည်။ ပြင်သစ်နိုင်ငံကဲ့သို့ပင် အခြားသော နိုင်ငံများမှာလည်း စီးပွားရေးပြန်လည်စတင်ရန်နှင့် ပုံမှန်လူနေမှုဘဝ ပြန်လည်ရရှိစေရေးအတွက် ကန့်သတ်ချက်များအပေါ် ဖြေလျှော့မှုများ ပြုလုပ်လာကြသည်။
ကိုးကား -ဆင်ဟွာ