ကမ္ဘာ့ဆောင်းခိုငှက်များနေ့

Type
5

 

သီဟစည်သူ

 

၂၀၂၂ ခုနှစ် မေလ ၁၄ ရက်နေ့သည် ကမ္ဘာ့ဆောင်းခိုငှက်များနေ့ဖြစ် ပြီး ယခုနှစ်အတွက်ဆောင်ပုဒ်မှာ ငှက်များအတွက် အလင်းမှိန်မှိန် ညအချိန် ဖြစ်သည်။ 

 


အဆိုပါဆောင်ပုဒ် အဓိပ္ပာယ်မှာ လူလုပ်အလင်းရောင်များ၏ ထိခိုက်မှုသည် ဆောင်းခိုငှက်များအပေါ် သိသိသာသာ ခြိမ်းခြောက် လာပြီး ညအချိန်ပျံသန်းရာ၌ လမ်းကြောင်းလွဲချော်ခြင်း၊ အဆောက် အအုံများနှင့် ထိခိုက်ခြင်း၊ အချိန်နာရီသိမှုကို  အနှောင့်အယှက်ဖြစ်စေ ခြင်းနှင့်   ခရီးရှည်ဆောင်းခိုပျံသန်းသည့်   ငှက်တို့၏    စွမ်းရည်ကို အနှောင့်အယှက် ဖြစ်စေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

 


ငှက်မျိုးစိတ် စုစုပေါင်း ၁၈၀၀၀ ခန့်ရှိ


ကမ္ဘာပေါ်တွင် ငှက်မျိုးစိတ်စုစုပေါင်း ၁၈၀၀၀ ခန့်ရှိကာ မြန်မာ နိုင်ငံတွင် ၁၁၃၆  မျိုး တွေ့ရှိရကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးအသင်း (BANCA) မှ သိရသည်။ ယင်းငှက်မျိုးစိတ်များ သည် ကမ္ဘာ့နေရာဒေသ အနှံ့အပြားတွင် မျိုးစိတ်အလိုက် သင့်လျော် သောဒေသများသို့ ပျံ့နှံ့နေထိုင်ကျက်စားလျက်ရှိရာ ငှက်မျိုးစိတ်ပေါင်း ၃၀၀၀ ခန့်သည် ရာသီအလိုက် နေရာဒေသပြောင်းရွှေ့နေထိုင်လေ့ရှိသည်ဟု ဆိုသည်။

 


အုပ်စုလေးမျိုး ခွဲခြားထား


ကမ္ဘာပေါ်ရှိ  ငှက်များကို  (၁) ဌာနေငှက်မျိုးစိတ်များ၊ (၂) ဒေသ အတွင်း ရာသီအလိုက် ရွှေ့ပြောင်းငှက်များ၊ (၃) ဒေသများတွင် ရာသီ အလိုက်  ရွှေ့ပြောင်းငှက်များနှင့်    (၄) ဆောင်းခိုငှက်များဟု   အုပ်စု လေးမျိုးခွဲခြားထားသည်။

 


ဌာနေငှက်များသည် မိမိသားပေါက်ရာ‌ဒေသတွင်သာ အမြဲနေထိုင် ကျက်စားကြပြီး ဒေသတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခြင်းမရှိ ကြပေ။  ဥပမာ- ဆက်ရက်၊  နဖားကြူး/အမြီးဝိုင်းစသည့် ငှက်များ ဖြစ်ကြသည်။

 


ဒေသအတွင်းရာသီအလိုက် ရွှေ့ပြောင်းငှက်မျိုးစိတ်များသည် တောင်ပေါ်ဒေသများတွင်သာ နေထိုင်ကြပြီး  ရာသီအလိုက် နေထိုင်ရာ အမြင့်ပေများ    ကွဲပြားခြားနားမှုရှိကြသည်။   ဥပမာ- ငှက်နက်ပြာ လေး၊ ငှက်ပြာလေးဗိုက်မွဲ၊ ​တောင်နီယူဟီးနားတို့ဖြစ်သည်။

 


ဒေသများတွင် ရာသီအလိုက်ရွှေ့ပြောင်း ငှက်မျိုးစိတ်များသည် ၎င်းတို့သဘာဝနှင့်ကိုက်ညီသော နေရာဒေသများသို့ ရာသီအလိုက် ပြောင်းရွှေ့နေထိုင်ကြသည်။    ဥပမာ-  အညိုရောင်ငူ၊  မီးခိုရောင် ဥဩ၊ ငှက်တစပ်ညိုတို့ဖြစ်ကြသည်။

 


ခရီးမိုင်ထောင်ချီ၍ ပျံသန်း


ဆောင်းခိုငှက်များသည် ကမ္ဘာ့မြောက်ခြမ်းတွင် ဥဥ၊ သားပေါက် ကြပြီး ဆောင်းရာသီတွင် ၎င်းတို့နေထိုင်ရာနေရာများသည် ရေခဲများ ဖုံးလွှမ်းသွားသောအခါ နေထိုင်ရာနေရာ၊ အစာရေစာများ ရှားပါးလာ သောကြောင့်  ကမ္ဘာ့တောင်ဘက်ခြမ်းရှိနေရာများသို့  လာရောက် ဆောင်းခိုနေထိုင်ကြရသည်။   ထိုသို့   ကမ္ဘာ့ရွှေ့ပြောင်းငှက်များသည် နှစ်စဉ်ခရီးမိုင်ထောင်ချီ၍ ပျံသန်းကြရသော်လည်း ၎င်းတို့ ဆောင်းခို နေထိုင်ရာနေရာသို့ရောက်ရှိရန်  လမ်းကြောင်းသွေဖည်မှု အနည်းငယ် သာ ရှိတတ်ကြသည်။

 

 ၎င်းတို့သည် နေ၊ လ၊ ကြယ်တာရာများ၊ နေ့အခါ မြင်တွေ့ရသော  အထင်ကရအမှတ်သားများနှင့် အနံ့ခံအာရုံများကို အသုံးပြု၍ ဆောင်းခိုရာနေရာများသို့လည်းကောင်း၊ ၎င်းတို့မွေးဖွားရာ ဇာတိမြေသို့ လည်းကောင်း   ပျံသန်းသွားလာကြကြောင်း  သိရသည်။ ဥပမာ- ရေညှောင့်နှုတ်ဝိုင်းငှက်၊ စာဝါကျားငှက်၊ ပို့ချပ်ခေါင်းစိမ်းစသည် တို့ ဖြစ်ကြသည်။

 


ထိုရွှေ့ပြောင်းငှက်များ   ကမ္ဘာ့တောင်ခြမ်းသို့   ပျံသန်းရာတွင် လမ်းကြောင်း  ကိုးခုရှိသည်။ ၎င်းတို့မှာ အရှေ့အတ္တလန္တိတ်ပျံသန်းရာ လမ်းကြောင်း၊ ပင်လယ်နက်- မြေထဲပင်လယ်ပျံသန်းရာလမ်းကြောင်း၊  မစ္စစ္စပီ-အမေရိက    ပျံသန်းရာလမ်းကြောင်း၊    အတ္တလန္တိတ်- အမေရိကပျံသန်းရာလမ်းကြောင်း၊   ပစိဖိတ်-အမေရိကပျံသန်းရာ လမ်းကြောင်း၊ အနောက်ပစိဖိတ်ပျံသန်းရာလမ်းကြောင်း၊ အရှေ့ အာရှ-ဩစတြေးလျပျံသန်းရာလမ်းကြောင်း၊ အာရှအလယ်ပျံသန်းရာ လမ်းကြောင်းနှင့်    အနောက်အာရှ-အရှေ့အာဖရိက  ပျံသန်းရာ လမ်းကြောင်းတို့ ဖြစ်ကြသည်။ 

 


မျိုးသုဉ်းမည့်အန္တရာယ်


မြန်မာနိုင်ငံတွင် အရှေ့အာရှ- ဩစတြေးလျပျံသန်းရာလမ်းကြောင်း နှင့် အာရှအလယ်ဗဟို ပျံသန်းရာလမ်းကြောင်းတို့မှ နှစ်စဉ်ဆောင်းခိုငှက်   မျိုးစိတ်ပေါင်း  ၃၀၀  ကျော်လာရောက်     ဆောင်းခိုနေထိုင်ကျက်စားလေ့ရှိ သည်။ အထူးသဖြင့်  မုတ္တမပင်လယ်ကွေ့သို့ နှစ်စဉ်အကောင်ရေ ၃၀၀ ခန့်  လာရောက်ဆောင်းခိုကျက်စားလေ့ရှိသည့်  ရေညှောင့်နှုတ်ဝိုင်းငှက် သည်  ကမ္ဘာပေါ်တွင်  အကောင်ရေ  ၅၀၀  ခန့်သာကျန်ရှိနေပြီး စနစ်တကျထိန်းသိမ်းမှုများ မဆောင်ရွက်နိုင်ပါက ဆယ်စုနှစ်တစ်ခု အတွင်း မျိုးသုဉ်းမည့်အန္တရာယ်ကို ရင်ဆိုင်ရနိုင်ပါသည်။       ။