ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအတွက် အရေးပါလှသည့် ငါးလုပ်ငန်းကဏ္ဍ

Type
1

 

သီဟစည်သူ 
 

ကမ္ဘာတစ်ဝန်းရှိ သဘာဝရေပြင်အတွင်း ငါးသယံဇာတတည်ရှိမှုများ လျော့ကျလာနေသည့်အတွက် ဖမ်းဆီးထုတ်လုပ်ရေးကဏ္ဍမှ ရေရှည်တိုးမြှင့်ထုတ်လုပ်နိုင် ရန် ကန့်သတ်ချက်များရှိလာနေပြီဖြစ်ရာ တိုးတက်လာသည့် ကမ္ဘာ့လူဦးရေအတွက် ငါးရိက္ခာပေါများ ဖူလုံစေရေးအတွက် ငါးမွေးမြူရေးကဏ္ဍကို တိုးချဲ့ဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်သည်။ 

 


ငါးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးကို အဓိက အထောက်အကူပြုလျက်ရှိရာ ပြီးခဲ့သည့်နှစ် များအတွင်း  ငါးလုပ်ငန်းအခန်းကဏ္ဍမှ မြန်မာနိုင်ငံ ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းကျော်ကို  အထောက်အကူ ပြုလျက်ရှိသည့်အပြင်   နိုင်ငံအတွင်းရှိ   ပြည်သူများ အသားဓာတ်စားသုံးမှု၏ ၅၀ ရာခိုင်နှုန်းနှင့် အလုပ် အကိုင်ပံ့ပိုးနိုင်မှု  ခြောက်ရာခိုင်နှုန်းအထိရှိကာ  အချို့ ကမ်းရိုးတန်းဒေသများတွင် ပြည်နယ်နှင့် တိုင်းဒေသ ကြီး ဘဏ္ဍာငွေရရှိမှု၏ ၃၄ ရာခိုင်နှုန်းမှ ၅၆ ရာခိုင် နှုန်းအထိ အထောက်အကူပြုလျက်ရှိသည်။ ယခုအခါ မြန်မာ့ငါးအရင်းအမြစ်များအား အလွန်အကျွံ ဖမ်းဆီး ထုတ်ယူမှုများကြောင့်   ပင်လယ်ပြင်နှင့်   ရေချိုငါး သယံဇာတ အရင်းအမြစ်များကို လျော့နည်းစေလျက် ရှိကြောင်း ကမ္ဘာ့ဘဏ်၏ ၂၀၁၉ ခုနှစ်က ထုတ်ပြန် သည့်  မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ် ချက် အစီရင်ခံစာအရ သိရသည်။

 


GDP တိုးတက်ရေး


ရေလုပ်ငန်းကဏ္ဍမှ   နိုင်ငံတော်   အသားတင် ထုတ်လုပ်မှုတန်ဖိုး   (GDP) တိုးတက်ရေးအတွက်  ရေချို၊ ရေငန် ငါး၊ ပုစွန်များနှင့် အခြား ရေထွက်ကုန် ပစ္စည်းများ ထုတ်လုပ်ရာတွင် အစားအစာ ဘေးကင်း လုံခြုံရေးနှင့်    တန်ဖိုးမြှင့်ထုတ်ကုန်များကို   ပိုမို ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာများ ပံ့ပိုးကူညီမှု နှင့် ပြည်တွင်း စားသုံးမှု ဖူလုံရေးအပြင် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးအတွက်    ငါးလုပ်ငန်းဦးစီးဌာနက ရေထွက်ကုန်ပစ္စည်းများ     တစ်နှစ်ထက်တစ်နှစ် တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။  မြန်မာနိုင်ငံ၏   ငါးကဏ္ဍ    ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်စာရင်းများအရ မက်ထရစ် တန် ၆၀၁၈ တန်   ထုတ်လုပ်နိုင်ခဲ့ပြီး   ဖမ်းဆီးရေးမှ မက်ထရစ်တန်   ၄၈၀၀  ကျော်နှင့်  မွေးမြူရေးမှ မက်ထရစ်တန် ၁၁၀၀ ကျော်  ထုတ်လုပ်နိုင်ခဲ့သဖြင့် အဆိုပါ ဘဏ္ဍာနှစ်တွင် ရေလုပ်ငန်းကဏ္ဍမှ ပြည်ပ ပို့ကုန်တန်ဖိုး   အမေရိကန်ဒေါ်လာ   ၈၅၈ ဒသမ ၉၆ သန်းကျော်ရရှိခဲ့ရာ     ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)တွင် ငါး ကဏ္ဍ ထုတ်လုပ်မှုအနေဖြင့်    ၄  ဒသမ  ၇  ရာခိုင်နှုန်း အထိ တိုးမြင့်လာခဲ့သည်။  ထို့အတူ   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ငါးလုပ်ငန်းမှ နိုင်ငံတော်အတွက် အခွန် ငွေကျပ်ခြောက်ဘီလီယံ(သန်း ၆၀၀၀)ကျော်ရရှိခဲ့ပြီး ပြည်ပတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၇၈၅ သန်းကျော် ရရှိခဲ့သည့်အတွက် ငါးလုပ်ငန်းဖြင့် နေ့စဉ် ပျမ်းမျှနိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ နှစ်သန်းကျော်ကို ရရှိလျက်ရှိကြောင်း သိရသည်။ 

 


အခြား တစ်ဖက်တွင်လည်း မြစ်ချောင်း အင်းအိုင် များအတွင်း ငါးသယံဇာတ တိုးပွားရေးအတွက် ငါးမျိုး စိုက်ထည့်ခြင်း လုပ်ငန်းကို နှစ်စဉ်ဆောင်ရွက်လျက် ရှိရာ ၂၀၂၀-၂၀၂၁    ဘဏ္ဍာနှစ်အတွင်း   နှစ်လက်မ အရွယ် ငါးသားပေါက် ကောင်ရေ သိန်းပေါင်း ၁၁၀၀ ကျော်ကို  သဘာဝမြစ်ချောင်းများအတွင်း   မျိုးစိုက် ထည့်ပေးခဲ့ပြီးဖြစ်သည်။ လက်ရှိတွင်လည်း ရေပေါ် လှောင်အိမ်စနစ်ဖြင့် မြစ်၊  ချောင်း၊  ဆည်၊  ကန်နှင့် သဘာဝရေပြင်ကျယ်များတွင် ငါးမွေးမြူခြင်းလုပ်ငန်း များကို ဒေသနေပြည်သူများ လက်တွေ့လုပ်ကိုင်နိုင် ရေးအတွက် နည်းပညာနှင့်အကူအညီများ ဆောင် ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။ 

 


ရေထွက်ကုန်ပစ္စည်း တင်ပို့မှု


ဘဏ္ဍာနှစ်အလိုက်    ပင်လယ်ရေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုအနေဖြင့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၇၃၂ ဒသမ ၁၅၆ သန်း၊  ၂၀၁၉-၂၀၂၀   ဘဏ္ဍာနှစ်တွင်   အမေရိကန် ဒေါ်လာ ၈၅၈ ဒသမ ၉၆ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် အမေရိကန် ဒေါ်လာ ၇၈၅ ဒသမ ၀၂၁ သန်း၊ ၂၀၂၁-၂၀၂၂   (မတ်လ)အထိ     မီနီဘတ်ဂျက်တွင် အမေရိကန်ဒေါ်လာ ၂၆၂ ဒသမ ၆၁၉ သန်းနှင့် ၂၀၂၂-၂၀၂၃ မီနီဘတ်ဂျက် (ဧပြီလ)အထိ အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၄၈၇ သန်းအထိ ရရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။

 


သို့သော်လည်း   သဘာဝအတွင်းမှ    ငါးဖမ်းဆီး ထုတ်လုပ်နိုင်မှုအနေအထားအားဖြင့် ငါးသယံဇာတ များ ထုတ်ယူသုံးစွဲရာတွင် သတိထားလုပ်ဆောင်ရ မည့်အခြေအနေသာ ရှိနေသေးသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ငါး၊ ပုစွန်  သယံဇာတတည်ရှိမှုကို   နော်ဝေနိုင်ငံမှ သုတေသန ရေယာဉ် Dr. Fridtjof Nansen ၏ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်က  သုတေသနပြုတွေ့ရှိချက် များအရ   ၁၉၇၉-၁၉၈၀  ခုနှစ်တွင်   အမြင့်ဆုံး ငါးဖမ်းဆီးထုတ်လုပ်နိုင်မှု   တန်ချိန်ပေါင်း ၁  ဒသမ ၀၅ သန်းရှိခဲ့ရာမှ လက်ရှိတွင် ဖမ်းဆီးခွင့်ပြုနိုင်မှုမှာ တန်ပေါင်း ၀ ဒသမ ၁ သန်းသာရှိတော့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် Dr. Fridtjof Nansen သုတေသနရေယာဉ် ဖြင့်ပင် ထပ်မံသုတေသနပြု လေ့လာတွေ့ရှိချက်များ အရ ရေပေါ်လွှာ ငါးသယံဇာတမှာ ၁၉၇၉-၈၀ ခုနှစ် တွင် တန်ချိန် တစ်သန်းခန့်ရှိရာမှ ၂၀၁၃-၂၀၁၅ ခုနှစ် နှင့် ၂၀၁၈ ခုနှစ်များ၏ ရေပေါ်လွှာ ငါးထုထည်ပမာဏ မှာ တန်ချိန် ၀ ဒသမ ၁၅၅ သန်းသာ ရှိသဖြင့် ၈၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားကြောင်း၊ ရေအောက် ငါးသယံဇာတ တည်ရှိမှုမှာလည်း ယခင်က တန်ချိန် ၀ ဒသမ   ၇၅  သန်းရှိရာမှ  လက်ရှိတွင်  တန်ချိန်  ၀ ဒသမ ၃၀၆ သန်းသာရှိသဖြင့်  ၆၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားကြောင်း သိရသည်။

 


စားနပ်ရိက္ခာဖူလုံမှုနှင့် ငါးထုတ်လုပ်မှု


ထို့ကြောင့် စားနပ်ရိက္ခာဖူလုံမှုနှင့် ငါးထုတ်လုပ်မှု ပိုမိုတိုးမြှင့်ရေးအတွက် ကုန်းတွင်းနှင့် ရေချို ရေငန် ငါးမွေးမြူရေးလုပ်ငန်း၏ အခန်းကဏ္ဍသည် အဓိက အရေးပါလာသည်။ ငါးမွေးမြူရေး ဆောင်ရွက်ရာတွင် လည်း  သဘာဝပတ်ဝန်းကျင်   ထိခိုက်မှုအနည်းနှင့် အများရှိနိုင်ကြောင်း   လေ့လာသူများက  ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ငါး၊ ပုစွန် မွေးမြူရာတွင်   ပြင်ပမျိုးစိတ်များ ဝင်ရောက်လာမှုကြောင့်   မူရင်း ငါးမျိုးစိတ်များ၏  နေရင်းဒေသများ ပျောက်ဆုံးသွား ခြင်းနှင့်   ပိုလျှံသည့် အစာအကြွင်းအကျန်များမှ  ထွက်ရှိသည့်  ဓာတုဓာတ်ကြွင်းများကြောင့် သဘာဝ ပတ်ဝန်းကျင်   ပျက်စီးခြင်း၊  ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းတို့   ဖြစ်လာနိုင်သဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ  မူဝါဒများ       သေချာရေးဆွဲချမှတ်သင့်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်   စိုက်ပျိုးရေးအဖွဲ့ (FAO) က သတိပေးထားသည်။

 


ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်  ဌာနငါးလုပ်ငန်း စခန်းများတွင် သဘာဝရေမြေနှင့် ကိုက်ညီစွာ မွေးမြူ နိုင်သော ငါးမျိုးစိတ်များတင်သွင်းပြီး မျိုးပွားဖြန့်ဖြူး ပေးခြင်း၊ စီးပွားဖြစ် မွေးမြူရန် အလားအလာရှိသော ဒေသတွင်း   ရေချိုငါးမျိုးစိတ်များကို  သုတေသနပြု စမ်းသပ်သားဖောက်ခြင်းမှ   စျေးကွက်ဝင် ငါးမျိုးစိတ် ၂၁ မျိုး အောင်မြင်စွာ သားဖောက်ထုတ်လုပ်ပေးနိုင် ခဲ့ခြင်းဖြင့်  မွေးမြူရေးကဏ္ဍမှ ပြည်တွင်း ငါးစားသုံးမှု ဖူလုံရေးသာမက    ပြည်ပပို့ကုန်   တိုးမြှင့်ရေးကိုပါ အကျိုးပြုနိုင်ခဲ့ကြောင်း သိရသည်။

 


ငါးမွေးမြူရေးလုပ်ငန်းသည် ဝင်ငွေတိုးတက်ရရှိ စေခြင်းဖြင့် ဆင်းရဲခြင်းနှင့် မညီမျှမှုတို့ကို လျှော့ချရေး၊  အလုပ်အကိုင်  အခွင့်အလမ်းကို တိုးပွားစေခြင်းနှင့် ရေရှည်ခိုင်ခံ့သော  စီးပွားရေးဖွံ့ဖြိုးမှုကို အထောက် အပံ့ပြုစေခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးမှု ပန်းတိုင်များကို ထိရောက်စွာပံ့ပိုးပေးနိုင်ခြင်း၊ လူတိုင်းအလွယ်တကူ စားသုံးနိုင်သော   ငါးများကို   ထုတ်လုပ်ပေးခြင်းဖြင့် စားနပ်ရိက္ခာတိုးပွားစေပြီး ငတ်မွတ်ခြင်းကို  အဆုံးသတ် စေနိုင်ခြင်း၊ ငါးမွေးမြူရေးလုပ်ငန်းတွင် ထုတ်လုပ်ရေး နှင့် တန်ဖိုးကွင်းဆက်များ အဆက်မပြတ်   ဖန်တီး ပြုလုပ်ပေးခြင်းဖြင့်  အမျိုးသမီးများ၏  အလုပ်အကိုင် အခွင့်အလမ်းများ   ဖော်ထုတ်ပေးခြင်းနှင့်   ငါး ပိုမို စားသုံးခြင်းဖြင့် ကျန်းမာရေးကောင်းမွန်စေပြီး လူမှု ဘဝကို တိုးတက်စေခြင်းစသည့် အကျိုးရလဒ်များကို ရရှိစေလျက်ရှိသည်။          ။