
ရန်ကုန် နိုဝင်ဘာ ၁၀
နိုဝင်ဘာ ၁၀ ရက်တွင် ကျရောက်သော World Science Day ကို ဂုဏ်ပြုကာ ကမ္ဘာ့အက်တမ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ၂၀၂၃ (Global Atomic Quiz 2023)ကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ယနေ့နံနက် ၉ နာရီမှစ၍ ရန်ကုန်မြို့ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ နျူကလီးယားနည်းပညာ သတင်းအချက် အလက်စင်တာ၌ ကျင်းပသည်။ အဆိုပါ ပြိုင်ပွဲသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း “ROSATOM” မှ ဦးဆောင်၍ နိုင်ငံ များတွင် နှစ်စဉ်ကျင်းပနေကျဖြစ်ပြီး နေ့စဉ်လူနေမှု ဘဝတွင် နျူကလီးယားနည်းပညာအသုံးချမှုသည် အရေးပါကြောင်း သိရှိကြစေရန်နှင့် နျူကလီးယား စွမ်းအင်ကဏ္ဍကို မီးမောင်းထိုးပြရန် ဖြစ်သည်။ ယင်းပြိုင်ပွဲကို “ROSATOM” မှ ၂၀၂၀ ပြည့်နှစ်က စတင်ကျင်းပခဲ့သည့် သုံးနှစ်အတွင်း ဘာသာစကား ၁၁ မျိုးဖြင့် ပြုလုပ်ခဲ့ရပြီး နိုင်ငံပေါင်း ၇၀ ကျော်မှ စိတ်ပါဝင်စားသူ ၃၀၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြ ပြီးဖြစ်သည်။
ယခုနှစ်တွင် ပါဝင်ဖြေဆိုသူများသည် စိန်ခေါ်မှု အသစ်၊ ဗဟုသုတအသစ်များ ရရှိကြပြီး ဘာသာ စကား ၁၃ မျိုးဖြင့် ပြုလုပ်ကာ ပါဝင်ဆင်နွှဲသူအားလုံး သည် ဝက်ဘ်ဆိုက်ပေါ်တွင် မေးခွန်းများစွာကို တတ်နိုင်သမျှ မှန်ကန်မြန်ဆန်စွာ ဖြေဆိုကြရကာ အနိုင်ရရှိသူအယောက် ၁၀၀ ကို ရွေးချယ်၍ ဆုများ ချီးမြှင့်သည်။ ပြိုင်ပွဲ Moderator များသည် မော်စကိုမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆောင်ရွက်ကြပြီး ရုရှား နိုင်ငံ၊ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဥဇဘက် ကစ္စတန်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ဘီလာရုစ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့၌ တစ်ပြိုင်နက်ကျင်းပရာ နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာသို့ ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူ ၃၀ နှင့် မွန်းလွဲပိုင်းတွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီး ဌာနရှိ နည်းပညာ/ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူ ၃၀ ဖြေဆိုကြရာ ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျက ကြည့်ရှုအားပေး သည်။
ပဟေဠိပြိုင်ပွဲအပြီးတွင် ဒုတိယဝန်ကြီးက ကျောင်းသား ကျောင်းသူများကို ယနေ့သိရှိလိုက် သော နျူကလီးယား နည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းဆိုင်ရာ ဗဟုသုတအသစ်များကို အခြေခံကာ မိမိတို့ စိတ်ဝင်စားမှုအလိုက် ဆက်လက် လေ့လာကြပြီး သုတေသနစာတမ်း/ ကျမ်းများ ဆက်လက်ပြုစုကြကာ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လက်တွေ့ ကျကျ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ သူငယ်ချင်းများအား ယနေ့သိရှိမှုများကို ပြန်လည် မျှဝေပေးကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ထူးချွန်စွာ ဖြေဆိုနိုင်သည့် ကျောင်းသား ကျောင်းသူများအား ဒုတိယဝန်ကြီးက ဂုဏ်ပြုဆုများ ချီးမြှင့်ရာ ကျောင်းသား ကျောင်းသူ များက ကျေးဇူးတင်စကားများ ပြောကြားကြပြီး နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြု ခြင်းဆိုင်ရာ လေ့လာမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် နျူကလီးယားနည်းပညာအသုံးချမှုဆိုင်ရာ မျှော်မှန်းချက်များကိုပါ တင်ပြကြရာ ဒုတိယဝန်ကြီး က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းမှာကြားသည်။
ပြိုင်ပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ သိပ္ပံနှင့် နျူကလီးယားနည်းပညာ ဘာသာရပ်ကို စိတ်စားသူများလည်း online မှ တစ်ဆင့် ဝင်ရောက်ဖြေဆိုကြသည်။
ယခုပြိုင်ပွဲတွင် အခြားနိုင်ငံများနှင့်အတူ ယှဉ်ပြိုင်ဆင်နွှဲခြင်းဖြင့် နျူကလီးယားရူပဗေဒဆိုင်ရာ အသိပညာအသစ်များကို သိရှိခြင်း၊ နျူကလီးယား နည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းဆိုင်ရာ နောက်ဆုံးပေါ် တိုးတက်မှုများကို လေ့လာနိုင်ခြင်း၊ အာကာသ/ဆေးပညာ/စိုက်ပျိုးရေးနှင့် အာတိတ် ဒေသစူးစမ်းခြင်းတို့တွင် ခေတ်မီနျူကလီးယားနည်း ပညာအသုံးချမှုများကို လေ့လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိကြောင်း သိရသည်။
သတင်းစဉ်