ကမ္ဘာ့အကြီးဆုံးမီးတောင်ရှင် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲ

 

ဟာဝိုင်ယီ   နိုဝင်ဘာ    ၂၉ 


အမေရိကန်ပြည်ထောင်စု    ဟာဝိုင်ယီပြည်နယ်ရှိ    ကမ္ဘာ့အကြီးဆုံး မီးတောင်ရှင် Mauna Loa သည် နှစ်ပေါင်း ၄၀ နီးပါးအတွင်း ပထမဆုံး အကြိမ် ပေါက်ကွဲခဲ့သည်။ 

 


အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့က မီးတောင်ပေါက်ကွဲမှုသည်  နိုဝင်ဘာ ၂၇ ရက်ကစတင်ဖြစ်ပွားခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ  မီးတောင်ပေါက်ကွဲမှု    အစောပိုင်းအဆင့်သည်   အလွန်မြန်ဆန်ပြီး ချော်ရည်စီးဆင်းမှုလမ်းကြောင်း     လျင်မြန်စွာ   ပြောင်းလဲနိုင်သော ကြောင့် ဟာဝိုင်အီကျွန်းရှိ ဒေသခံ ၂၀၀၀၀၀ နီးပါးကို အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့က သတိပေးထားသည်။ 

 


မီးတောင်ပေါက်ကွဲမှုဒေသသည် လူနေဒေသနှင့်  ဝေးကွာသော် လည်း   ချော်ရည်သည်   သူ့လမ်းကြောင်းအတိုင်း  စီးဆင်းလာပါက ဘေးလွတ်ရာသို့  ရွှေ့ပြောင်းနိုင်ရေး အဆင်သင့်လုပ်ဆောင်ထားကြ ရန်  ဒေသအာဏာပိုင်များက  ပြည်သူများကို  နိုဝင်ဘာ  ၂၈  ရက်တွင် တိုက်တွန်းခဲ့သည်။ 

 


အဆိုပါမီးတောင်သည် လွန်ခဲ့သော ၁၉၈၄ ခုနှစ်က နောက်ဆုံး ပေါက်ကွဲခဲ့သည်။ ယင်းမီးတောင်ပေါက်ကွဲမှုကို သုံးကြိမ်တိုင်တိုင် မြင်တွေ့ခဲ့သူ ဒေသခံတစ်ဦးက ချော်ရည်မည်သည့်နေရာမှ စီးဆင်းလာ နိုင်သည်ကို မသိကြောင်းနှင့်   မီးတောင်ပေါက်ကွဲမှု   မည်သည့်အချိန်   ပြီးဆုံးမည်ဆိုသည်ကို  မခန့်မှန်းနိုင်သည့်အတွက်  စိုးရိမ်နေကြကြောင်း ပြောကြားခဲ့သည်။                                            

အင်န်အိတ်ချ်ကေ