
ဘားအံ နိုဝင်ဘာ ၂၀
ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီတို့ ပူးပေါင်းကျင်းပသော (၃၂)ကြိမ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနား ကို “ကလေးတိုင်းဘဝလှပရေး၊ ပိုမိုကောင်းမွန်သောအနာဂတ်ဖန်တီးပေး” ဆောင်ပုဒ်ဖြင့် နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်း ကိုကို၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် များ၊ ပြည်နယ်အတွင်း ကလေးများ၏ အကျိုးစီးပွား များကို ဆောင်ရွက်နေသော အဖွဲ့အစည်းများမှ တာဝန် ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကလေးသူငယ်များ၏ မွေးရာပါ အခွင့်အရေးမဆုံးရှုံးစေရန်၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကလေးများအားလုံး သိရှိစေရန် နှင့် ကလေးတိုင်း လက်လှမ်းမီပြီး တန်းတူညီတူရရှိ နိုင်စေရန်အတွက် တာဝန်ရှိသူများက အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ လိုအပ်သော ပြုပြင် ပြောင်းလဲရေးကိစ္စရပ်များကိုလည်း သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှနေ၍ စဉ်ဆက်မပြတ် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် အခြေခံပညာကျောင်းများမှ ကလေး ငယ်များက အားကစား အကအလှများဖြင့် တင်ဆက် ကပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့ကလေး များနေ့ အကြိုလှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများကို လည်း ကောင်း (ယာပုံ)၊ ကရင်ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ဇော်က ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသော မူကြိုကလေး ငယ်များကို လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာသော ကလေး သူငယ်များအား ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး ကမ္ဘာ့ ကလေးများနေ့ အကြိုလှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲ၊ မူကြိုရင်သွေးငယ်များ၏ ဆေးရောင်ခြယ်ပြိုင်ပွဲ ဆုရလက်ရာများကို လှည့်လည်ကြည့်ရှုအားပေးကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)