
ကလေး အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မြစ်သာမြစ်ရေသည် ယနေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ မြစ်သာမြစ် (ပြင်သာ)ရေသည် ၂၄ နာရီအတွင်း ၂၁၅ စင်တီမီတာ ခုနစ်ပေ မြင့်တက် ခဲ့ကြောင်း ကလေးမြို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။
မြစ်သာမြစ်(ပြင်သာ)၏ စိုးရိမ်ရေအမှတ်မှာ ၁၁၀၀ စင်တီမီတာ ဖြစ်ပြီး ယနေ့ နံနက်ပိုင်းတိုင်းထွာချက်အရ ၁၀၃၆ စင်တီမီတာတွင် ရောက်ရှိနေသောကြောင့် စိုးရိမ်ရေအမှတ်အောက် ၆၄ စင်တီမီတာ နှစ်ပေခန့်တွင် တည်ရှိနေကြောင်း သိရသည်။
မြစ်သာမြစ်ရေသည် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ပြီး ပြန်လည်ကျဆင်းလျက် ရှိရာ ကလေးမြို့နယ်တွင် ဆက်လက်မြင့်တက်နိုင်သောကြောင့် ကလေးမြို့နယ်အတွင်း အနိမ့်ပိုင်းတွင် နေထိုင်သူများကို ကြိုတင်သတိပြုနေထိုင်ကြရန် တာဝန်ရှိသူများက နှိုးဆော်ထား ကြောင်း သိရသည်။
မောင်ကျော်(ပြန်/ဆက်)