ကြက်တောင်အားကစားမယ် သက်ထားသူဇာ လက်ရည်စစ်ပွဲ အောင်မြင်၊ ပါရီအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိ

ရန်ကုန်   မေ    ၁၇
မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ သည် လက်ရည်စစ်ပွဲအောင်မြင်ခဲ့သဖြင့်   ယခုနှစ် ဇူလိုင်လတွင်  ပြင်သစ်နိုင်ငံ ပါရီမြို့၌ကျင်းပမည့် အိုလံ ပစ်ပြိုင်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်၏ ထုတ်ပြန် ချက်အရ သိရသည်။
လက်ရည်စစ်ပွဲ       ကာလအပြီးတွင် သက်ထားသူဇာသည် ရမှတ် ၃၂၆၃၀ မှတ် ရရှိပြီး အဆင့် ၂၂ ရရှိကာ  လက်ရည်စစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။       ကမ္ဘာ့ ကြက်တောင်အဖွဲ့ချုပ်သည်  ပါရီအိုလံပစ် ပြိုင်ပွဲအတွက်   လက်ရည်စစ်ပွဲကာလကို ၂၀၂၃  ခုနှစ် မေ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဧပြီ ၂၈ ရက်အထိ သတ်မှတ်ခဲ့ပြီး သက်ထားသူဇာ  သည် ယင်းကာလအတွင်း  ပြိုင်ပွဲ ၂၃ ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။   လက်ရည်စစ်ပွဲ အဆင့် သတ်မှတ်ချက်တွင်  အဆင့် ၁ မှ  ၁၆ အတွင်း   ရပ်တည်နေသူများအနက် တစ်နိုင်ငံလျှင်  အများဆုံးနှစ်ဦး  ယှဉ်ပြိုင် ခွင့်ရမည်ဖြစ်သော်လည်း   အဆင့်   ၁၇ နောက်ပိုင်း     ရပ်တည်သူများအနေဖြင့် တစ်နိုင်ငံလျှင်     အများဆုံးတစ်ဦးသာ ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ ပါရီအိုလံပစ် ကြက်တောင်ပြိုင်ပွဲ၏  အမျိုးသမီးတစ်ဦး ချင်းပြိုင်ပွဲတွင် ကစားသမား ၃၉ ဦး ယှဉ်ပြိုင်  ခွင့်ရမည်ဖြစ်ပြီး  လက်ရည်စစ်ပွဲအဆင့်မှ ၃၂ ဦး၊ ဖိတ်ကြားခံနှင့် တိုက်ကြီးများအလိုက် ကိုယ်စားပြုကစားသမား ခုနစ်ဦး ပါဝင်မည် ဖြစ်သည်။ 
သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲ တွင်  နှစ်ကြိမ်ဆက်တိုက်ယှဉ်ပြိုင်ခွင့်ရရှိ ခြင်းဖြစ်ပြီး ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင်  ယှဉ်ပြိုင်ခွင့်ရပြီးနောက်  ယခု ၂၀၂၄ ပါရီ အိုလံပစ်ပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်ခွင့်ရခြင်း ဖြစ်သည်။ သက်ထားသူဇာသည် နှစ်ကြိမ် စလုံး     လက်ရည်စစ်ပွဲအောင်မြင်သဖြင့် ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။
ညီမြတ်သော်တာ
ဓာတ်ပုံ-BWF