ကျက်သရေမင်္ဂလာဝေဆာပြည့်စုံနေမည့် ဘာသာသာသနာတို့ ပွင့်လန်းရာမြေ

 

မိမိတို့နိုင်ငံသည် နိုင်ငံသူ နိုင်ငံသားတို့အား ဘာသာရေးလွတ်လပ် ခွင့်ပေးအပ်ထားသည့် နိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာသည် အများစု ကိုးကွယ်ယုံကြည်သည့် ဘာသာဖြစ်သည့်တိုင် အခြားဘာသာ သာသနာများကိုလည်း အသိအမှတ်ပြုကာ ချီးမြှောက်ထောက်ပံ့ သည့် အစဉ်အလာမှာ ရှေးမြန်မာမင်းများ လက်ထက်ကပင် ရှိခဲ့ သည်။


၁၈၅၂   ခုနှစ်    အင်္ဂလိပ် - မြန်မာ    ဒုတိယစစ်ပွဲအပြီးတွင် ရန်ကုန်မြို့ကို အင်္ဂလိပ်တို့က မြို့ကွက်ချပြန်လည်တည်ဆောက် ခဲ့ရာ မူလကပင်ရှိပြီးဖြစ်သည့် ဆူးလေစေတီတော်အနီးတွင် အစ္စလာမ်ဘာသာဝတ်ကျောင်းတစ်ကျောင်းနှင့် မလှမ်းမကမ်း တွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းတို့ကို နေရာ ချထားပေးခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်အစိုးရက မည်သည့်အကြံ၊ မည်သို့သောအတွေးအခေါ်မျိုးဖြင့် ဤသို့နီးကပ်စွာချထားခဲ့ သည်ကို မသိရစေကာမူ မြန်မာ့မြေ‌ပေါ်တွင် မတူကွဲပြားသော  ဘာသာတရားတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြခြင်း၏ ထင်ရှားသော ပြယုဂ်တစ်ခုဖြစ်လာသည်။


ဗုဒ္ဓဘာသာသာသနာသမိုင်းတွင် အထင်ရှား အကျော်ကြား ဆုံးသော သာသနာပြုမင်းကြီးဖြစ်သည့် အာသောကမင်းကြီး သည် ၎င်း၏ လက်နက်နိုင်ငံတော်အတွင်း အခြားဘာသာဝင် အားလုံးတို့ကို ချီးမြှောက်ထောက်ပံ့ခဲ့သူဖြစ်သည်။ မိမိကိုးကွယ် သည့် ဘာသာကိုသာ ချီးမြှင့်မြှောက်စား၍ အခြားဘာသာများ ကို   ဖိနှိပ်ရှုတ်ချခြင်း   မပြုရန်သာမက   အခြားဘာသာများကို လည်း လေးစားချီးမြှင့်ရန်  အာသောကမင်းကြီးက   အမိန့် ထုတ်ပြန်ခဲ့ပြီး သာယာညီညွတ်ခြင်းသည် မွန်မြတ်ကြောင်းနှင့် လူအပေါင်းတို့သည် အခြားသူများ၏  ဘာသာဝါဒများကိုလည်း လေးစားကြားနာကြရန်   လမ်းညွှန်ခဲ့ရာ   ဗုဒ္ဓအယူဝါဒဆိုင်ရာ ယဉ်ကျေးမှု၏ စိတ်နှလုံးကြီးမြတ်မှုနှင့်  နားလည်စာနာမှုတို့ပင် ဖြစ်ပြီး  နောင်တွင်သာသနာပြုမင်းတို့  ဆက်ခံကျင့်သုံးခဲ့သည့် စံနမူနာထုံးလည်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ဧပြီ ၁၂ ရက်က  ဘာသာပေါင်းစုံကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားရာတွင် “ဘာသာရေးကို အကြောင်းပြု၍ တစ်ဦးနှင့်တစ်ဦးအထင်အမြင်လွဲမှားမှု၊ ယုံကြည် မှုပျက်ပြားမှုများ မဖြစ်အောင်လုပ်သင့်သည်ဟု ယုံကြည်ကြောင်း”  နှင့်   “မိမိတို့အနေဖြင့်   ကိုးကွယ်မှုအလိုက်  တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အသိအမှတ်ပြုခြင်း၊ တန်းတူရည်တူရှိခြင်းနှင့် အပြန်အလှန်လေးစားသမှုပြုခြင်းများ  ရှိနေသမျှ   ပဋိပက္ခများ ကင်းဝေးစေမည်ဖြစ်ကြောင်း”   ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘာသာရေးအသင်းအဖွဲ့များ အတွက် ဘာသာရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့် အဆောက်အဦများ ဆောက်လုပ်နိုင်ရန်အတွက် မြေပေးမိန့်များကို   ပေးအပ်ရာ    ဗုဒ္ဓဘာသာကိုယ်စားလှယ်၊ ကက်သလစ်ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊  နှစ်ခြင်းခရစ် ယာန်ဘာသာ ကိုယ်စားလှယ်၊  အင်္ဂလီကန်ခရစ်ယာန်ဘာသာ ကိုယ်စားလှယ်၊ ဆွန်နီအစ္စလာမ်ဘာသာကိုယ်စားလှယ်၊ ရှီယာ အစ္စလာမ်ဘာသာ ကိုယ်စားလှယ်၊  ဟိန္ဒူဘာသာ  ကိုယ်စား လှယ်တို့က လက်ခံရယူခဲ့ကြသည်။


နေပြည်တော်ကောင်စီနယ်မြေသည် ဘာသာပေါင်းစုံ အတူ တကွ ယှဉ်တွဲ၍ ငြိမ်းချမ်းစွာနေထိုင်နိုင်သည့် နေရာတစ်ခုဖြစ် သည်။ နိုင်ငံတော်တွင် အများပြည်သူကိုးကွယ်ရာ ဘာသာများ အဖြစ် အသိအမှတ်ပြုထားသော ဘာသာများအလိုက် အဆောက် အဦများ ဆောက်လုပ်ရန်မြေနေရာများ ပေးအပ်ချီးမြှင့်ခြင်းဖြင့် တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် ဘာသာပေါင်းစုံနေထိုင်သည့် နေရာတစ်ခုဖြစ်အောင်   ဆောင်ရွက်ပြီး   နေပြည်တော်အား ဘာသာပေါင်းစုံကို ကိုယ်စားပြုသည့်  နေရာတစ်ခုဖြစ်အောင် ရည်ရွယ်ခြင်းဖြစ်ရာ နေပြည်တော်သည် မကြာမီကာလအတွင်း ဘာသာသာသနာတို့ ပွင့်လန်းရာမြေအဖြစ် ကျက်သရေမင်္ဂလာ အဖြာဖြာတို့ ဝေဆာပြည့်စုံနေလိမ့်မည်ဖြစ်သည်။


ပြည်‌ထောင်စုမြန်မာနိုင်ငံတော်ကြီးတွင် နေထိုင်ကြသည့် နိုင်ငံသူ နိုင်ငံသားအားလုံး မိမိတို့ယုံကြည်ကိုးကွယ်ရာ ဘာသာ သာသနာတော်တို့၏ အဆုံးအမများနှင့်အညီ တစ်စိတ်တည်း တစ်ဝမ်းတည်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြကာ နိုင်ငံတော် ကြီး တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် တစ်ယောက်တစ်လက် တစ်တပ်တစ်အား ဝိုင်းဝန်း တည်ဆောက်ကြရပါမည့်အကြောင်း။        ။