ကြက်သွန်နီဈေးနှုန်းပြန်ကျပြီး ကျပ် ၁၂၀၀ ဈေးဖြင့် ဈေးငြိမ်နေ

 

ညောင်ဦး  ဇူလိုင်   ၁၆


မန္တလေးတိုင်းဒေသကြီး  ကျောက်ပန်းတောင်း မြို့နယ်အတွင်း    တောင်သူများစိုက်ပျိုးသည့်  လှောင်ကြက်သွန်နီများမှာ ယခုလဆန်းမှစ၍ ဈေးကျလာခဲ့ကာ လက်ရှိတွင်   ကျပ် ၁၂၀၀ ဈေးနှုန်း၌ အတက်အကျမရှိတော့ဘဲ ဈေးငြိမ် လျက်ရှိကြောင်း     ကြက်သွန်နီ  စိုက်ပျိုးသည့် တောင်သူအချို့က ပြောသည်။

 


ဆောင်းကြက်သွန်နီဈေးနှုန်းမှာ   မေနှင့် ဇွန်လတို့တွင် တစ်ပိဿာ  ကျပ် ၁၅၀၀  မှ ၁၆၀၀ အထိ  ဈေးနှုန်းတက်ခဲ့ပြီး ဇူလိုင်ပထမ ပတ်မှစ၍ ကျပ် ၁၂၀၀ အထိ ဈေးကျခဲ့ခြင်း ဖြစ်သည်။  ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီ အများအပြားစိုက်ပျိုးကြပြီး   ကြက်မောက် တောင် ချောင်းတစ်လျှောက်၊  ကြက်မောက် တောင် ဆည်ပတ်ဝန်းကျင်ကျေးရွာများ အပါ အဝင် အခြားကျေးရွာများတွင်လည်း စိုက်ပျိုး ခြင်း ဖြစ်သည်။

 


ဆောင်းကြက်သွန်နီကို  ပျိုးထောင်ချိန်မှ စ၍ ပျိုးသက် ၄၅ ရက်ရှိလျှင် စိုက်ခင်းအတွင်းသို့ ရွှေ့ပြောင်းစိုက်ချိန်အထိ ထယ်ရေးညက်အောင် ထွန်ယက်ရခြင်း၊  မြေဆီ၊မြေဩဇာနှပ်ထားရ ခြင်း၊ ရေလောင်း၊ ရေဖျန်းရန် ကြိုတင်တွင်းတူး တွင်းဖော်ရခြင်း၊  စိုက်ပျိုးပြီးလျှင် ပျိုးနုတ်ရန် အလုပ်သမားငှားရမ်းရခြင်း စသည်တို့ကြောင့်  ကြက်သွန်စိုက်ပျိုးခြင်းသည် ငွေကုန်ကြေးကျ များသည့် လုပ်ငန်းဖြစ်သော်လည်း   နှစ်စဉ် နှစ်တိုင်း စိုက်နေကျဖြစ်၍ တောင်သူများက ပုံမှန်စိုက်နေကြခြင်း ဖြစ်သည်။

 


ဆောင်းကြက်သွန်နီများမှာ   ပြီးခဲ့သော သုံးနှစ်ဆက်တိုက် ဈေးနှုန်းအရ  အရှုံးပေါ်ခဲ့ သော်လည်း ယခုနှစ်တွင် တောင်သူများအနေ ဖြင့် ဈေးကောင်းရရန် မျှော်လင့်ခဲ့ကြရာ ယခု ကဲ့သို့ ကြက်သွန်နီဈေးနှုန်း အတက်အကျမရှိ ဘဲ ကျပ်   ၁၂၀၀   ဈေးတွင်  ငြိမ်နေခြင်းက ကြက်သွန်စိုက်ပျိုးတောင်သူများ  အနေဖြင့် ထုတ်ရောင်းရန်နှင့်  ဆက်လှောင်ထားရန် ဝေခွဲ မရ ဖြစ်နေကြောင်း ကြက်သွန်နီစိုက်တောင်သူ အချို့က ပြောသည်။ 


မောင်မောင်ထိန်