
မြစ်ကြီးနား စက်တင်ဘာ ၂၃
တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဒေသခံပြည်သူများ အား ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၏ အထူး ကုသမှုများရရှိစေရေး ရည်ရွယ်လျက် ကျန်းမာရေး ဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဝင်းလွင်နှင့် မန္တလေးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာထက်ထက်ခင် ဦးဆောင်သည့် အထူးကု ဆရာဝန်ကြီးများ ပါဝင်သော အထူးကုဆေးကုသရေး အဖွဲ့သည် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံ ကြီးရှိ လေးထပ်ဆောင်၌ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။
ထိုသို့ အထူးဆေးကုသရေးအဖွဲ့၏ ဒေသခံများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ပြည်နယ်ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး၊ တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေး ပြီး ပြည်နယ်အတွင်း အနယ်နယ်အရပ်ရပ်မှ အထူး ဆေးကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများ၏ စစ်ဆေးစမ်းသပ်ကုသပေးမှုများကို လာရောက် ကုသမှုခံယူသော ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အားပေးစကားများ ပြောကြားသည်။ ထို့အပြင် အလှည့်ကျစနစ်ဖြင့် စနစ်တကျစောင့်ဆိုင်း၍ ကုသမှုခံယူနိုင်ရေး စီမံ ဆောင်ရွက်ပေးခဲ့ပြီး မုန့်နှင့်ရေသန့်များကို ဖြန့်ဝေ ပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က အထူးကုဆေး ကုသရေးအဖွဲ့အတွက် ထောက်ပံ့ငွေကျပ်သိန်း ၅၀ အား ထောက်ပံ့ပေးအပ်သည်။
အဆိုပါ ဆေးကုသမှုအစီအစဉ်တွင် ဆီးချို /ဟော်မုန်းရောဂါ ဆိုင်ရာလူနာ၊ ဦးနှောက်နှင့် အာရုံ ကြော(ခွဲစိတ်)ရောဂါဆိုင်ရာလူနာများ၊ နှလုံးရောဂါ ဆိုင်ရာလူနာများ၊ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါဆိုင်ရာလူနာများ၊ အသည်းရောဂါဆိုင်ရာ လူနာများ ၊ ရင်ခေါင်းရောဂါဆိုင်ရာ လူနာများ၊ အရိုး၊ အကြော၊ အဆစ်ဆိုင်ရာ လူနာများအား ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ စုစုပေါင်း ကိုးဦး ပါဝင် သောအဖွဲ့က မြစ်ကြီးနားမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများနှင့် အတူ ဒေသခံပြည်သူများအား စက်တင်ဘာ ၂၃ ရက်မှ ၂၄အထိ နှစ်ရက်ကြာ အခမဲ့ အထူးဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ဆေးရုံကြီး ရှိ ကာကွယ်ဆေးထိုးစုရပ်၌ ကျန်းမာရေးဝန်ထမ်း များက ကာကွယ်ဆေးအကြိမ်ပြည့်မရရှိသေးသော အသက် (၁)နှစ်မှ (၅)နှစ် အရွယ် ကလေးငယ်များ အား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ကလေးမိဘများကို ရင်းရင်း နှီးနှီး နှုတ်ဆက်အားပေးကာ ကလေးငယ်များအတွက် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)