ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုဒေသအတွင်း စားနပ်ရိက္ခာဖူလုံစေရေးနှင့် ရဝမ်ရိုးရာယဉ်ကျေးမှုပြတိုက် ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

 

ပူတာအို    ဇန်နဝါရီ   ၂၃


မြန်မာပြည်မြောက်ဖျား      ပူတာအိုခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ    ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသတွင်း   စားနပ်ရိက္ခာဖူလုံစေရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ်   ဦးခက်ထိန်နန်၊   ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ် ဥပဒေချုပ်    ဒေါ်နန်းလှလှအေးနှင့်   ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ    ဇန်နဝါရီ   ၂၂  ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 


ရှေးဦးစွာ   ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ မြို့နယ်အတွင်းရှိ   ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေ နှင့်  ယဉ်ကျေးမှုအသင်းအဖွဲ့များမှ  တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်   တွေ့ဆုံပြီး  ပြည်နယ် ဝန်ကြီးချုပ်က  ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက်  အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည့်      အခြေအနေများ၊ ပူတာအိုဒေသတွင်း       ဆန်ရိက္ခာဖူလုံရေးအတွက် မျိုးကောင်းမျိုးသန့်စပါးမျိုးများ ဖြန့်ဝေပေးသွားမည့် အစီအစဉ်များနှင့် ဒေသထွက်ကုန်အဖြစ် ဆီမုန်ညှင်း နှင့် ပဲပုပ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ သီးထပ်သီးနှံများ နည်းစနစ်ကျစိုက်ပျိုးနိုင်ရေးအတွက်   ဆောင်ရွက်ပေးသွားမည့်အစီအမံများကို ရှင်းလင်းပြောကြားပြီး ပူတာအိုဒေသအား  နောက်သုံးနှစ်အတွင်း   စားနပ် ရိက္ခာဖူလုံပြီး ဖွံ့ဖြိုးတိုးတက်သည့် ခရိုင်တစ်ခုဖြစ်လာ စေရေး    ဌာနဆိုင်ရာများနှင့်   ဒေသခံပြည်သူများက ဝိုင်းဝန်းကြိုးပမ်း     ဆောင်ရွက်ကြရန်      တိုက်တွန်း မှာကြားသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်အတွင်း စပါးအထွက်နှုန်း လေလွင့်ဆုံးရှုံးမှု လျော့ကျစေရေး အတွက်   ရိတ်သိမ်းခြွေလှေ့စက်ကို   မြို့နယ်စက်မှု လယ်ယာဦးစီးဌာနထံ        လွှဲပြောင်းပေးအပ်ကာ   ဒေသခံတောင်သူများအတွက် ဆင်းဧကရီ-၃ မျိုးစပါး ၁၅   အိတ်နှင့်       ယူရီးယားပုလဲဓာတ်မြေသြဇာ ၁၅ အိတ်တို့ကို ထောက်ပံ့ပေးအပ်သည်။

 


ထိုမှတစ်ဆင့်    ပြည်နယ်ဝန်ကြီးချုပ်  ပန်းလှိုင် ရပ်ကွက်အတွင်း   ဒေသတွင်း  ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချနေသူများနှင့် သွားရောက်တွေ့ဆုံ အားပေးကြကာ တောင်သူဦးစောနွဲ့ရွှေဘုံ၏ နေအိမ် ခြံဝင်းအတွင်း  စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာ အကူအညီဖြင့် ခြံထွက်သီးနှံစိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု၊   EM  ဘိုကာရှီမြေဆွေး ပြုလုပ်အသုံးချနေမှုအခြေအနေများနှင့် တောင်သူ များအတွက် ဓာတ်မြေသြဇာ ၁၅ အိတ် ပံ့ပိုးထားရှိမှု အခြေအနေတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး တောင်သူ များအား   ထောက်ပံ့ငွေများ    ပေးအပ်ခဲ့သည်။ ထို့နောက် ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်‌‌‌ရေး ဦးစီးဌာန   ဝန်ထမ်းမိသားစုများအတွက်   ဟင်းသီး ဟင်းရွက်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 


ယင်းနောက်     မွန်းလွဲပိုင်းတွင်    ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်ရှိ ရဝမ်ရိုးရာယဉ်ကျေးမှုကွင်းအတွင်း ၌ တည်ဆောက်ပြီးစီးခဲ့သော ရဝမ်ရိုးရာ ယဉ်ကျေးမှု ပြတိုက်သို့    သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကာ   ယဉ်ကျေးမှုပြတိုက်ကို      ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး       ထောက်ပံ့ငွေများကို  ပေးအပ်ခဲ့သည်။

 


ဆက်လက်၍ ရဝမ်ရိုးရာယဉ်ကျေးမှုကွင်းအတွင်း လမ်းခင်းကျင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဖုန်ကန်ရာဇီခန်းမ ပြုပြင်ဆောင်ရွက်ရန်ကိစ္စရပ်များ နှင့်  ရဝမ်မနောတိုင်များ   ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို  လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။

 


ထို့မှတစ်ဆင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာ အိုလမ်း ပူတာအိုမြို့တွင်း လမ်းပိုင်း ၁ ဒသမ ၃ ကီလို မီတာအား ၂၄ ပေအကျယ် AC ကတ္တရာလမ်းခင်းကျင်း ဆောင်ရွက်နိုင်‌ရေး လမ်းသားတိုးချဲ့ ဆောင်ရွက်နေမှု အခြေအနေများ၊ ပူတာအိုလေဆိပ်နှင့် မြို့တွင်းလမ်း များ    AC ကတ္တရာခင်းကျင်းနေမှုများ၊  ပူတာအိုမြို့ စုပေါင်းရုံးတည်ဆောက်ရေး      လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)