
မြစ်ကြီးနား သြဂုတ် ၁၁
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)မှ ဆေးစိမ်ခြင်ထောင်များ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အတူ မြစ်ကြီးနားမြို့ပေါ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယနေ့ နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ကျင်းပသည့် ICRC မှ ကိုဗစ်-၁၉ အတည်ပြုလူနာဆောင်များ တွင် အသုံးပြုရန် ဆေးစိမ် ခြင်ထောင်များ ပေးအပ်လှူဒါန်း ပွဲသို့ တက်ရောက်ခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က ICRC အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် စဉ်ဆက်မပြတ် ပါဝင် ဆောင်ရွက်လျက်ရှိပြီး ယခုလို ကိုဗစ်-၁၉ အတည်ပြု လူနာဆောင်များတွင် အသုံးပြုရန် အတွက် ပစ္စည်းများ ထပ်မံ ပေးအပ် လှူဒါန်းမှုကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြား သည်။
ထို့နောက် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြစ်ကြီးနားတာဝန်ခံက ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ပါဝင်ကူညီဆောင်ရွက် ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဆေးစိမ်ခြင် ထောင် အလုံး ၅၀၀ ကို ပေးအပ် လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် က လက်ခံရယူပြီး ကျေးဇူးတင် မှတ်တမ်းလွှာကို ပြန်လည် ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် မြတ်သက်ဦး၊ တပ်မတော် အရာရှိကြီးများနှင့် အတူ မြစ်ကြီးနားမြို့၌ ရပ်ကွက် များအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ ပြီး ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ကချင်ပြည်နယ် အတွင်းရှိ ခရိုင်လေးခရိုင်လုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၁၀ ရက်အထိ ကာကွယ် ဆေးထိုးနှံပေးနိုင်ခဲ့သည့် လူဦးရေ စုစုပေါင်းမှာ ၃၄၀၈၆ ဦး ရှိပြီ ဖြစ်သည်။
အလားတူ ပြည်နယ်ဝန်ကြီး ချုပ်သည် ညနေပိုင်းတွင် ပြည်နယ် သယံဇာတရေးရာ ဝန်ကြီး၊ ဌာနဆိုင်ရာများနှင့်အတူ မြစ်ကြီးနားမြို့ လယ်ကုန်း ရပ်ကွက်နှင့် ယုဇနရပ်ကွက်တို့ရှိ ညနေဈေးများတွင် နှာခေါင်းစည်း အသိပညာပေး အစီအစဉ်ဖြင့် ဈေးရောင်း၊ ဈေးဝယ်သူ ပြည်သူ များအား အသိပညာပေးခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ကြပြီး သီတာရပ်ကွက် နှစ်ခြင်းခရစ် ယာန်ကျောင်း အသင်းတော် ကျောင်းဝင်းအတွင်း အသင်းတော် အခြေပြု ကိုဗစ်-၁၉ အတည်ပြု လူနာများ ပြုစုစောင့်ရှောက်ရေး စခန်း ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေး ကြကာ အသင်းတော်အတွက် PPE ဝတ်စုံများ၊ နှာခေါင်းစည်း များနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)