
မြစ်ကြီးနား စက်တင်ဘာ ၁၉
ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို/ရေရှည်စီးပွားရေးလုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုကာလနှင့် ရေရှည် ကာလအတွက် အကောင်အထည် ဖော်ဆောင်ရွက် သွားနိုင်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့ အားလုံးက ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီး အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လတ်တလော ရေတိုကာလအတွက် ထိရောက်အောင်မြင်နိုင်သည့် စီးပွားရေးလုပ်ငန်းများ ဖြစ်စေ ရေး၊ ပြည်နယ်၏ ရေရှည်စီးပွားရေးအတွက် ခိုင်မာတောင့်တင်းသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်စေရေးကိုလည်း မိမိတို့အားလုံးက ညှိနှိုင်း ဆွေးနွေး၍ အကောင်အထည်ဖော် ဆောင်ရွက် ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများက ပြည်နယ် အတွင်း ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးထွက်ကုန် များနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့် လုပ်ငန်းများ၊ ဒေသတွင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နိုင် သည့်အခြေအနေများနှင့် ရေတို/ ရေရှည်အတွက် ဆောင်ရွက်သင့်သည့် စီးပွားရေးလုပ်ငန်းများနှင့် တက်ရောက်လာကြသည့် ပြည်နယ်အတွင်းမှ စီးပွား ရေး လုပ်ငန်းရှင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များက ပြည်နယ်၏ စီးပွားရေး အတွက် ရင်းနှီးမြှုပ်နှံထားရှိမှု အခြေအနေများ၊ ဘိလပ်မြေစက်ရုံနှင့် စီးပွားရေးဇုန်၊ နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများနှင့် ကျောက်မျက်လုပ်ငန်းများ အခြေအနေများနှင့် ပတ်သက်၍ ဖွံ့ဖြိုးတိုးတက် စေရေး ဆောင်ရွက်သွားနိုင်သည့် နည်းလမ်းများကို အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီး ချုပ်က မိမိတို့အနေဖြင့် ရေတိုကာလနှင့် ရေရှည် ကာလ ရင်းနှီးမြှုပ်နှံသွားမည့် စီးပွားရေးလုပ်ငန်းများ အပေါ် ကဏ္ဍအလိုက် ပေါက်မြောက်အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးတိုင်ပင်သွားရေး၊ ရေတိုကာလ စီးပွားရေးလုပ်ငန်းများ မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးသည်။
ပြည်နယ်(ပြန်/ဆက်)