
နေပြည်တော် ဒီဇင်ဘာ ၁၆
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်း အဖွဲ့နှင့် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC)တို့၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးကို ဦးစားပေး ဆောင်ရွက်နေခြင်းသည် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်ခြင်းဖြစ်ပြီး ထာဝရ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်ခြင်းဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင်များသည် လူသားများဖြစ်ကြသည့်အတွက် လူတစ်ဦးချင်းစီ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိပြီး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ပြည်သူ့ အစိုးရက အဓိကရည်ရွယ်ပြီး အကောင်အထည်ဖော်နေခြင်း ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် တိုင်းရင်းသားများနှင့် လက်တွဲဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆက်လက်လျှောက်လှမ်းမည့် နိုင်ငံရေး လမ်းစဉ်တွင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာ ချိတ်ဆက် ဖော်ဆောင်ရင်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော် သွားမည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစု ပင်လုံ အစည်းအဝေးများမှ အတည်ပြုချက်ရရှိသော ပြည်ထောင်စု ၏ သဘောတူညီချက် အစိတ်အပိုင်းများသည် ဝန်ကြီးဌာန က ဖော်ဆောင်နေသော လုပ်လက်စလုပ်ငန်းစဉ်များ ဖြစ်၍ ဝန်ကြီးဌာနနှင့် သက်ဆိုင်သောကဏ္ဍများကို ထိထိရောက်ရောက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းများ ရရှိလာမည် ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူများက တရားဥပဒေစိုးမိုးမှုရှိသည်ဟု ခံစားလာ ရအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အောက်ခြေ လူထုနှင့် ထိတွေ့မှုသည် အလွန်အရေးကြီးပါကြောင်း၊ အစိုးရအနေဖြင့် တိုက်ရိုက်ထိတွေ့ရန်လိုပါကြောင်း။
မဟာဗျူဟာရေးဆွဲထား
သို့ရာတွင် အောက်ခြေပြည်သူလူထုနှင့် တိုက်ရိုက် ထိတွေ့နေသည့် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ပါက တာဝန်ကို မျှထမ်းသကဲ့သို့ ဖြစ်ပြီး မြန်ဆန် ထိရောက်မည်ဟုယူဆပါကြောင်း၊ နေရာစုံအစိုးရ မထိတွေ့ နိုင်သည်ကို ဟာကွက်မရှိဖြည့်ဆည်းနိုင်မည်ဟု ယူဆပါ ကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများမှာလည်း ပြည်သူထဲ က ပြည်သူများပင်ဖြစ်သည့်အတွက် ပြည်သူ့အကျိုးအတွက် ယုံကြည်မှုအပြည့်ဖြင့် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်း များ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းအောင် ကြိုးစား ကြရန် လိုအပ်ပါကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ် သော လွှတ်တော်ကိုယ်စားလှယ်များကလည်း အရပ်ဘက် အဖွဲ့အစည်းများနှင့်အတူ လက်တွဲဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့်ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာတွင်လည်း အရပ်ဘက်အဖွဲ့အစည်းများ၊ နေရပ်စွန့်ခွာရသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် အမျိုးသမီးကိုယ်စားလှယ် များ ပိုမိုပါဝင်နိုင်ရေး မဟာဗျူဟာတွင် ထည့်သွင်းရေးဆွဲ ထားပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ကလည်း နည်းပညာဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (Technical Coordination Group) ဖွဲ့စည်းဆောင်ရွက်ရန် ဆက်သွယ်မည့် Focal Person အဖြစ် ကချင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကချင် ပြည်နယ် ဦးစီးမှူးတို့အား သတ်မှတ်တာဝန်ပေးထားပြီး ဖြစ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်ပေးမည်
လုပ်ငန်းလမ်းညွှန် (TOR) ရေးဆွဲထားပြီးဖြစ်သည့် အတွက် UN နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီ များလည်း ရရှိကြမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်အရ ကဏ္ဍအသီးသီးတွင် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရတို့၏ ဘတ်ဂျက်ရန်ပုံငွေ၊ မိတ်ဆွေနိုင်ငံ များ၏ ပံ့ပိုးကူညီမှုများကိုလည်းရရှိအောင် ကြိုးပမ်းကြ ရမည် ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် မဟာဗျူဟာအရ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်စွာသွားလာ ခွင့်ကဏ္ဍတွင် ပြန်လည်နေရာချထားမည့်နေရာများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင် ရမည့်နေရာများတွင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ (Humanitarian Demining) ဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေါင်းစပ်ပေးခြင်းအပါအဝင် ဘေးကင်းလုံခြုံရေး အစီအမံများကို တိုးမြှင့် ဆောင်ရွက်ပေးရန်အထူးလိုအပ်ပါကြောင်း၊ ကချင်ပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာ ချထားမှုအကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး အဖွဲ့ဝင် ၁၂ ဦးဖြင့် နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ် မေ ၈ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် (၆၂/ ၂၀၁၉) ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးကို တက်ရောက်လာကြသူများ အနေဖြင့် လုပ်ငန်းစဉ်များကို တိုင်ပင်ညှိနှိုင်းအကြံပြု ဆွေးနွေးပေးကြပါရန် တိုက်တွန်းပါကြောင်းနှင့် ယနေ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန - NRPC သို့ တင်ပြ ၍ ပံ့ပိုးကူညီမှုကိုရယူကာ နိုင်ငံတော်အစိုးရ၏မူဝါဒနှင့် အညီ ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆောင်ရွက်ပြီးစီးမှုတင်ပြ
ထို့နောက် ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC)ဥက္ကဋ္ဌ သိက္ခာ တော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်က အမှာ စကားပြောကြားပြီး လုပ်ငန်းအဖွဲ့အတွင်းရေးမှူး ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တတိယ အကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုများကို တင်ပြသည်။
ယင်းနောက် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ(KHCC)က တတိယ အကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များမှ လက်ရှိအကောင် အထည်ဖော်ဆောင်ရွက်နေမှုများ၊ နေရပ်ပြန်ကျေးရွာ ၁၇ ရွာ အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စများ၊ ဝိုင်းမော် - ကန်ပိုင်တီလမ်းမပေါ်ရှိကျေးရွာများနှင့် စိန်လုံ၊ လွယ်ဂျယ် လမ်းမပေါ်ရှိကျေးရွာများ နေရပ်ပြန်ရေးကိစ္စများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ နေအိမ်ပုံစံနှင့် ကုန်ကျ စရိတ်ကိစ္စများနှင့် လူသားချင်းစာနာထောက်ထားမှု မိုင်းအန္တရာယ်ဆိုင်ရာ သင်တန်းကိစ္စများကို တင်ပြဆွေးနွေး ကြသည်။
ထို့နောက် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီး(ဗိုလ်မှူးကြီး)၊ ကချင်ပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အဖွဲ့ ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင် များက ကဏ္ဍအလိုက် ဆွေးနွေးကြသည်။
အစည်းအဝေးသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဖိတ်ကြားထားသူများ၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များနှင့် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူ များအား ကူညီစောင့်ရှောက်ရေးကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်