
မြစ်ကြီးနား သြဂုတ် ၂၂
ကချင်ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားတက္ကသိုလ်၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ပြည်နယ်အစိုးရဖွဲ့ ရုံး၌ ပြည်နယ်အတွင်း သီးထပ်စွမ်းအား တိုးမြှင့် စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲ များကို သြဂုတ် ၂၂ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကား ပြောကြားသည်။
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် ပြည်နယ်ဝန်ကြီး ချုပ်က အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းပင် ဖြစ်ပါကြောင်း၊ “အဂတိဖယ်ခါ ပြည်သာယာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူ့အဖွဲ့ အစည်းအတွင်း အဂတိကင်းစင်စေရန် နိုင်ငံ့ဝန်ထမ်း များ၊ ပြည်သူ့ဝန်ထမ်းများသာမက အများပြည်သူနှင့် သက်ဆိုင်သည့်အတွက် အားလုံးက ပါဝင်ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ဟောပြောပွဲ မှ ကျောင်းသား ကျောင်းသူများအနေဖြင့် အဂတိ လိုက်စားမှုနှင့် ပတ်သက်သည့် အသိပညာရရှိနိုင် မည်ဖြစ်သကဲ့သို့ အဂတိလိုက်စားမှု ပပျောက်ရေး လုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းပါဝင်ဆောင် ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းက ဟောပြောပွဲနှင့် စပ်လျဉ်း၍ ကျောင်းသား ကျောင်းသူများ လိုက်နာမှတ်သားသင့် သည်များနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြား ရေးမှူး ဦးနေထွန်းအောင်က အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အခြေအနေများ၊ အဖွဲ့ဝင် ပြည်နယ် ဥပဒေအရာရှိက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ အကြောင်းအရာများနှင့် စပ်လျဉ်း၍ သိသင့် သိထိုက်သည်များကို တက္ကသိုလ်ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများအား ဆွေးနွေး ဟောပြောပေးပြီး မေးမြန်းမှုများကို ပြန်လည် ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သော ပြည်နယ်အတွင်း သီးထပ်စွမ်းအားတိုးမြှင့် စိုက်ပျိုးနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်အတွင်း မြို့နယ် ခုနစ်မြို့နယ်မှ မိုးစပါးစံပြစိုက်ကွက် ဧရိယာ ဧက ၁၀၀၀ ကျော်တွင် မိုးစပါးအပြီး ဆောင်းရာသီ ဒုတိယသီးနှံအကွက်ကျယ် စံပြစိုက်ကွက်များအဖြစ် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထား ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)